နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အပူရှပ်ခြင်းဟာလည်းတခုအပါအဝင်ပဲဖြစ်ပါတယ်။
အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့ရတဲ့အခါမျိုးနဲ့ ရာသီဥတုအပူရှိန်မြင့်မားနေတဲ့ အခြေအနေမှာ ကိုယ်လက်လှုပ်ရှားပြင်းပြင်းထန်ထန် ပြုလုပ်တဲ့အခါ ခန္ဓာကိုယ်အပူချိန်ဟာ အလွန်အမင်းမြင့်တက်လာပြီး အပူရှပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကတော့ ခန္ဓာကိုယ်အပူချိန်ဟာ ၁၀၃ ဒီဂရီဖာရင်ဟိုက်နဲ့အထက်မြင့်တက်နေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ပြီး အော့အန်ခြင်း၊ ချွေးထွက်များခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အသားအရေတွေ ပူစပ်ပူလောင်ဖြစ်လာခြင်းတိုပဲ ဖြစ်ပါတယ်။ အပူရှပ်ခြင်းဟာ ထိရောက်မြန်ဆန်တဲ့ ကုသမှုတွေမခံယူရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်နိုင်တာကြောင့် အပူရှပ်ခြင်းကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။
Read More : ရုတ်တရက် သွေးတိုးစေသော အခြေအနေများ
ရေများများသောက်ပါ
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိနေမယ်ဆိုရင် ချွေးထွက်ခြင်းကြောင့် ဆုံရှုံးသွားနိုင်တဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။
နေအပူဆုံးအချိန်တွေမှာ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ
နေအပူဆုံးအချိန်တွေဖြစ်တဲ့ နေ့လည် ၁၁ နာရီကနေ ၃ နာရီအတွင်း အပြင်ထွက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုတဲ့အခါမျိုးမှာတော့ ထီး၊ ဦးထုပ်နဲ့ ချွေးစုပ်နိုင်တဲ့ ချည်သားအင်္ကျီခပ်ပွပွတွေနဲ့ နေရောင်ကာခရင်မ်တွေကို လိမ်းပြီးမှ သွားသင့်ပါတယ်။
အရက်သေစာနဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
အယ်လ်ကိုဟောပါဝင်တဲ့ အရက်ဘီယာတွေနဲ့ ကဖင်းဓာတ်ပါဝင်တဲ့ လက်ဖက်ရည်၊ကော်ဖီတွေ သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
လေဝင်လေထွက်ကောင်းမွန်တဲ့နေရာမျိုးမှာ နေပါ
ရာသီဥတု အပူရှိန်ပြင်းထန်နေတဲ့ အချိန်အခါမျိုးမှာ လူထူထပ်တဲ့နေရာမျိုးနဲ့ အလုံပိတ်အခန်းမျိုးတွေမှာ အချိန်ကြာကြာနေထိုင်ခြင်းဟာ ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။
Source: burma.irrawaddy