What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 September 2017 10:44

ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ

ကလေးမွေးတော့မယ်ဆိုတာ ဘယ်လိုသိနိုင်လဲ google.com

(A) ကလေးမွေးဖွားရက်မတိုင်မီ 1-4 ပတ်အလို

၁. သန္ဓေသားလောင်းအောက်သို့ ပိုမိုဆင်းသက်လာခြင်း

- ကလေးမွေးဖွားရန် 3-4 ပတ်အလိုကပင် တင်ပဆုံထဲသို့ သန္ဓေသားလောင်းမှ စတင်ဆင်းသက်လာနိုင်ပါတယ်။ (ပထမဆုံး ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ပိုမိုကြုံတွေ့နိုင်ပါတယ်။) ကလေးခေါင်း တဖြည်းဖြည်း ဆင်းလာတယ်ဆိုတာ မွေးဖွားဖို့အတွက် စတင်ပြင်ဆင်တဲ့ ပထမဆုံးအဆင့်ပဲ ဖြစ်ပါတယ်။

- အဲဒီအချိန်မှာ ကလေးခေါင်းက မိခင်ရဲ့ဆီးအိမ်ကို ဖိထားတာကြောင့် မိခင်လောင်းတွေဟာ ဆီးမကြာခဏ သွားနိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ သန္ဓေသားလောင်းဟာ မိခင်ရဲ့အဆုတ်နဲ့ဝေးရာကို ရွေ့သွားတဲ့အတွက် မိခင်အနေနဲ့ အသက်ရှူရ ပိုမိုကောင်းမွန်စေပါတယ်။

၂. မိန်းမကိုယ်အ၀ ကျယ်လာခြင်း

- မိန်းမကိုယ်သည်လည်း မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ မွေးရက်မတိုင်မီ 2-3 ပတ်အလိုမှ စ၍ အ၀ပိုမိုကျယ်လာကာ ပိုမိုပါးလွှာလာပါတယ်။

- အပတ်စဉ် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အချိန်တိုင်းမှာ သားအိမ်ဝအခြေအနေကို ဆရာဝန်မှ အဆက်မပြတ် စစ်ဆေးပေးနေမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်နှုန်း မတူညီတာကြောင့် သားအိမ်အ၀ ကျယ်တာ၊ နှေးကွေးတာမျိုး ကြုံတွေ့ခဲ့ရင်လည်း အားငယ်စရာမလိုပါဘူး။

၃. မကြာခဏ ကြွက်တက်၍ ခါးကိုက်ခြင်းဝေဒနာကို ခံစားရခြင်း

- သားဦးကိုယ်ဝန်မဟုတ်ပါက ပိုဆိုးလေ့ရှိပြီး မွေးဖွားဖို့ရက် နီးလာတာနဲ့အမျှ ကြွက်တက်တာတွေ၊ ပေါင်ခြံနဲ့ ကျောအောင့်တာတွေ ပိုခံစားရလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကြွက်သားနဲ့ အဆစ်တွေဟာ ဆွဲဆန့်၍ အနေအထားပြောင်းလဲကာ မွေးဖွားဖို့အတွက် ပြင်ဆင်ကြလို့ပဲ ဖြစ်ပါတယ်။

၎. အဆစ်အမြစ်တွေ ပျော့ပျောင်းလာခြင်း

- ကိုယ်ဝန်ဆောင် ကာလတစ်လျှောက်လုံးမှာ relaxin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ ရှိသမျှအရွတ်တွေကို နူးညံ့ပျော့ပျောင်းအောင် လုပ်ပေးထားပါတယ်။ (မွေးဖွားခါနီးပြီဆိုလျှင်တော့ အမြင့်ဆုံးအနေအထားထိ ရောက်လာနိုင်ပါတယ်။)

- ဒါကြောင့် တစ်ကိုယ်လုံးက အဆစ်အမြစ်တွေ ပိုမိုပျော့ပျောင်းလာတာကို ခံစားလာရပါတယ်။ 

READ - လမစေ့ဘဲ မီးဖွားသူများ သိထားစရာ

၅. ၀မ်းပျက်ဝမ်းလျှောခြင်း

- သားအိမ်မှာရှိတဲ့ ကြွက်သားတွေဟာ မွေးဖွားရန် ပြင်ဆင်တဲ့အနေနဲ့ ပိုမိုပျော့ပျောင်းလာတဲ့နည်းတူ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ (အူမကြီးအပါအ၀င်) ဟာလည်း ပိုမိုလျော့ရဲလာကြပါတယ်။ ဒါကြောင့် ၀မ်းပျက်ဝမ်းလျှောတာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

- ဒါဟာ စိတ်အနှောင့်အယှက် ဖြစ်စရာကိစ္စ ဖြစ်ပေမယ့် မိခင်တိုင်းနီးပါး ကြုံတွေ့နိုင်တဲ့ ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့သာ ဂရုစိုက်သင့်ပါတယ်။

၆. ကိုယ်အလေးချိန်တိုးတာ ရပ်တန့်သွားခြင်း (သို့) ကိုယ်အလေးချိန် ကျဆင်းခြင်း

- ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတော့မှာ ဖြစ်တဲ့အတွက် ကိုယ်အလေးချိန်လည်း ဆက်မတိုးတော့ပါဘူး။ အချို့မိခင်လောင်း တွေမှာဆိုရင် ကိုယ်အလေးချိန် ပေါင်အချို့တောင် ကျဆင်းတတ်ပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်ပြီး ကလေးငယ်ရဲ့ အလေးချိန်ကို မထိခိုက်နိုင်ပါဘူး။

- သန္ဓေသားလောင်းဟာ ဆက်လက်ကြီးထွားနေပေမယ့် ကိုယ်အလေးချိန် ကျဆင်းရတာကတော့ ရေမြွှာရေတွေ နည်းလာတာ၊ ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်တာတွေကြောင့် ဖြစ်ပါတယ်။

၇. အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း (သို့) တက်ကြွလန်းဆန်းခြင်း

- ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ကောင်းစွာ အိပ်မပျော်တာ၊ လုံးဝအိပ်မရတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် နေ့လယ်နေ့ခင်းမှာ တရေးတမော အိပ်စက်သင့်ပါတယ်။

- ဒါပေမဲ့ တချို့မိခင်လောင်းတွေကတော့ ဆန့်ကျင်ဘက်အနေနဲ့ မွေးဖွားရက် နီးလာလေလေ ပိုပြီးတက်ကြွလာလေလေ ဖြစ်လာပါတယ်။ မျက်စိထဲမှာ မြင်မြင်သမျှ အရာတွေကို သန့်ရှင်းရေးလုပ်ချင်တာ၊ နေရာတကျ ပြန်စီစဉ်တာမျိုးတွေကို မလုပ်ရမနေနိုင် ဖြစ်လာပါတယ်။ အလွန်အကျွံ ပြုလုပ်တာမဟုတ်သရွေ့ ဒီလိုလှုပ်လှုပ်ရှားရှား လုပ်တာမျိုးက ကောင်းပါတယ်။

(B) ကလေးမမွေးဖွားမီ နာရီပိုင်းအလို

၈. မိန်းမကိုယ်အရည်တွေဟာ အရောင်နဲ့ အပျစ်အကျဲ ပြောင်းလဲလာခြင်း

- မမွေးဖွားမီ 1-2 ရက်အလိုက စပြီး မိန်းမကိုယ်အရည်တွေဟာ ပိုမိုပျစ်ခဲလာ၍ များလာတာကို သတိပြုမိနိုင်ပါတယ်။ ထို့ပြင် သားအိမ်ကို ကာရန်ထားတဲ့ အချွဲတုံးကြီး ထွက်ကျလာတာကိုလည်း တွေ့ရနိုင်ပါတယ်။ (နှပ်သဏ္ဌာန် ရှိသော်လည်း သွေးစလေးများ ပါဝင်နေတတ်ပါတယ်။) သို့မဟုတ် အချွဲတုံးလေးများလည်း ဖြစ်နိုင်ပါတယ်။ (သေးငယ်တဲ့အတွက် သတိမပြုမိနိုင်ပါဘူး။)

- ထိုသွေးရောင်ပျစ်ခဲခဲကြီး ဆင်းလာတာဟာ မွေးဖွားချိန် ရောက်တော့မယ်လို့ ပြသတဲ့ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ (သားအိမ် မပွင့်သေးသည့်တိုင်အောင် မွေးဖွားရန်မှာ ရက်ပိုင်းမျှသာ လိုတော့သည်ဟု မှတ်ယူနိုင်ပါတယ်။)

၉. သားအိမ်ညှစ်ခြင်းကို မကြာခဏ ခံစားရခြင်း

- သားအိမ်ညှစ်တာဟာ မွေးဖွားဖို့အတွက် ကနဦး လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ မွေးဖွားရက်မတိုင်မီ လပေါင်းများစွာ အလိုကပင် ကလေးငယ်ကို အပြင်တွန်းထုတ်ဖို့အတွက် သားအိမ်တင်းလာတာကို ခံစားရနိုင်ပါတယ်။

(Braxton – Hicks contractions) - အမှန်တကယ် သားအိမ်ညှစ်ခြင်း ဟုတ်၊ မဟုတ်ကို သိနိုင်တဲ့ အချက်များ

- သားအိမ်ညှစ်တာဟာ မသက်သာဘဲ ပိုမိုပြင်းထန်လာခြင်း

- ကိုယ်နေဟန်ထား ပြောင်းလဲလိုက်ရုံဖြင့် မသက်သာသွားခြင်း

- နာကျင်မှုဝေဒနာ ခါးမှစတင်ကာ ၀မ်းဗိုက်အောက်ပိုင်းနဲ့ ခြေထောက်များဆီသို့ပါ ရောက်ရှိနိုင်ခြင်း

- သားအိမ်ညှစ်တဲ့အကြိမ်ရေ ပိုမိုစိတ်လာခြင်း၊ ပိုမိုနာကျင်လာခြင်း

၁၀. ရေမြွှာပေါက်ခြင်း

- ရေမြွှာပေါက်မှသာ ကလေးမွေးနိုင်မည်ဟု အထင်ရှိကြပေမယ့်လည်း လက်တွေ့မှာတော့ ရေမြွှာပေါက်ခြင်းဟာ မွေးဖွားဖို့အတွက် နောက်ဆုံး လက္ခဏာတစ်ရပ်သာ ဖြစ်ပါတယ်။

- ထို့ပြင် မိခင်လောင်း 15% ခန့်မှာသာ ကြုံတွေ့နိုင်တာကြောင့် ရေမြွှာပေါက်တာကို တစ်ခုတည်းသော မွေးခါနီးလက္ခဏာတစ်ခုအဖြစ် မမှတ်ယူသင့်ပါဘူး။

READ - ကိုယ်ဝန်ဆောင်ချိန်အတွင်း လုံးဝ(လုံးဝ) မစားသင့်သော အသီးများ

Source: drmyanmar.com

Read times
Rate this item
(4 votes)