What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 20 September 2022 15:04

သွေးတိုးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း ၆ ချက်

လူအများစုဟာ သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတွေကို သိကြပါတယ်။ လေ့ကျင့်ခန်းပုံမှန် မပြုလုပ်ခြင်း၊ ကျန်းမာတဲ့ အစာအာဟာရ မစားသုံးခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ အရက်ကို အလွန်အကျံသောက်ခြင်းတွေက သွေးတိုးရောဂါကို ပိုမိုဖြစ်ပွားစေပါတယ်။ လူအတော်များများ ခံစားရလေ့ရှိတဲ့ သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာ ခြောက်ချက်ကို လေ့လာပြီး ထိန်းသိမ်းကြရအောင်ပါ။

 

၁။ အပြင်မှာ စားသောက်ခြင်း

သွေးတိုးနဲ့ပတ်သတ်တဲ့ အမေရိကန်ဂျာနယ်တစ်စောင်မှာ လေ့လာတွေ့ရှိချက်အရ အပြင်မှာ မုန့်သွားရောက်စားသောက်တဲ့ လူတွေဟာ သွေးတိုးရောဂါရဖို့ အခွင့်အလမ်းများပါတယ်။ လေ့လာချက်အရတော့ လူငယ်တွေဟာ အပြင်မုန့်ထွက်စားတဲ့ အလေ့အထ ရှိကြပါတယ်။ ဒါပေမဲ့ အပြင်ဆိုင်တွေမှာ စားတဲ့အခါမှာ အစားအသောက်တွေဟာ အိမ်မှာချက်ပြုတ်တဲ့ အစားအသောက်နဲ့ ယှဥ်လိုက်ရင် သွေးတိုးရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ အပြင်ဆိုင်တွေမှာရှိတဲ့ အစားအစာတွေဟာ အဆီနဲ့ ဆားတွေများစွာပါဝင်တဲ့အတွက် သင့်ရဲ့နှလုံးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် အပြင်ထွက်စားဖြစ်တော့မယ်ဆိုရင် သွေးတိုးစေတဲ့ အစားအစာကို မစားမိအောင် သတိထားဆင်ခြင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

 

၂။ ဆေးဝါးများ သောက်သုံးရခြင်း

ဆေးဝါးသောက်သုံးရင်းနဲ့ သွေးတိုးတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ တချို့ဆေးတွေက ဆေးအနေနဲ့ သောက်သုံးရပေမယ့် တစ်ဖက်မှာ သွေးတိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ Corticosteroids ဟာဆိုရင် အရောင်ကျအောင်၊ ရောင်တဲ့ရောဂါလက္ခဏာ သက်သာအောင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ အဆစ်အမြစ်ရောင်ခြင်း၊ ရင်ကျပ်ခြင်းနဲ့ အခြားသော နှစ်ရှည်လများ ဖြစ်တတ်တဲ့ရောဂါတွေအတွက် ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ ဒါပေမဲ့ ရေရှည်စွဲသောက်တဲ့အခါ သွေးကြောတွေကို ကျဥ်းအောင်လုပ်ပေးသလိုဖြစ်တဲ့အတွက် သွေးတိုးရောဂါကို ပိုမိုဆိုးဝါးစေပါတယ်။ ဒါကြောင့်မို့ နှလုံးရောဂါအခံရှိထားတဲ့သူတွေဟာ ဆေးတွေကို ဝယ်ယူသောက်သုံးခြင်းမပြုခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

 

၃။ ဗီတာမင်ဒီမရှိခြင်း

နှစ်ပေါင်းများစွာကတည်းက သွေးပေါင်ချိန်နဲ့ပတ်သက်ပြီး စုဆောင်းခဲ့တဲ့ အချက်အလက်တွေအရ အီကွေတာနဲ့ ဝေးတဲ့အရပ်မှာနေတဲ့ လူမျိုးတွေမှာ သွေးတိုးရောဂါကို ပိုမိုတွေ့ရပါတယ်။ ဗီတာမင်ဒီဆိုတာ နေရောင်နဲ့ထိတွေ့တဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာ ထုတ်လုပ်တာဖြစ်ပါတယ်။ နေရောင်ကို အပြည့်အဝမရရှိတဲ့အခါမှာတော့ ဗီတာမင်ဒီလည်း မထုတ်နိုင်တော့သလို သွေးတိုးရောဂါနဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိရပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဂျာနယ်တစ်ခုက ဒီသံသယဝင်စရာနဲ့ပတ်သက်ပြီး ဗီတာမင်ဒီက သွေးပေါင်ကျအောင် ဘယ်လိုဆောင်ရွက်နိုင်လဲဆိုတာကို ဖော်ပြပါတယ်။

 

ဗီတာမင်ဒီခန္ဓာကိုယ်ထဲမှာ ပမာဏနည်းတဲ့အခါမှာ Rennin လို့ ခေါ်တဲ့ မော်လီကျူးတစ်ခုဟာ ပမာဏများစွာ ထွက်လာပါတယ်။ ပြီးတော့ Angiotensin ဆိုပြီး ကွဲထွက်လာပါတယ်။ နောက်တစ်ခုကတော့ Angiotensin I ဆိုပြီးထွက်လာပါတယ်။ Angiotensin I ကနေ Angiotensin II ဆိုပြီး ထပ်မံကွဲထွက်ပါတယ်။ အဲဒီ Angiotensin II က သွေးတိုးခြင်းကို ဖြစ်စေပါတယ်။ Vitamin D က ဒီလုပ်ငန်းစဥ်ကို ဖြတ်တောက်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက Renin ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်လို့ပါပဲ။ ဒါဆိုရင် သွေးမတိုးအောင် ထိန်းချုပ်နိုင်သွားတာပေါ့။

SB-Plastic.jpg

၄။ အဆိပ်အတောက်များတဲ့ သတ္တုဓာတ်များခြင်း

သတ္တုဓာတ်များတာဟာ သွေးတိုးစေတယ်လို့ ဖော်ပြမှုတွေ သိပ်မရှိတာကိုတွေ့ရတာက သိပ်ကိုအံသြစရာကောင်းပါတယ်။ မာကျူရီ၊ ခဲ အစရှိတဲ့ သတ္တုတွေဟာ လေ့လာမှုတွေရဲ့ အတည်ပြုချက်အရ သွေးတိုးစေပါတယ်။ ဒီသတ္တုတွေဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေကို တိုက်ရိုက်သက်ရောက်မှုရှိပြီးတော့ နောက်ဆုံးမှာ နှလုံးလည်ပတ်မှု လုပ်ငန်းစဥ်ကို လျော့နည်းစေပြီး ပုံမှန်မဟုတ်ဘဲဖြစ်စေပါတယ်။ ဒီသတ္တုတွေဟာလည်း အမြဲရှောင်လှဲဖို့တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ပမာဏဘယ်လောက် ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေလဲဆိုတာအပေါ် မူတည်ပြီးတော့ ဆိုးကျိုးအနည်းအများကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

 

၅။ အိပ်စက်နေချိန်မှာ လန့်လန့်နိုးခြင်း

အိပ်ပျော်နေစဥ်မှာ ဟောက်တာက တကယ်တော့ လည်ချောင်းမှာရှိတဲ့ တစ်သျူးတချို့က အသက်ရှူလမ်းကြောင်းကို ပိတ်မိပြီး အသံထွက်လာတာပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင်တော့ ဦးနှောက်က သတိပေးတာမျိုးတွေ ပြုလုပ်ပါတယ်။ ဒီလိုအခြေအနေမျိုး တစ်ညတာမှာပဲ ခဏခဏဖြစ်နေမယ်ဆိုရင်တော့ သင်အိပ်ရေးဝဝ မအိပ်ရတာနဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ မောပန်းလွယ်တာတွေ၊ အလုပ်လုပ်ကိုင်ရာမှာ ခက်ခဲမှုတွေ တွေ့ကြုံလာရမှာပဲ ဖြစ်ပါတယ်။

 

သွေးတိုးရောဂါနဲ့ အခြားနှလုံးရောဂါရှိတဲ့သူတွေအပြင် လေဖြတ်ဖူးတဲ့သူတွေမှာလည်း ဒီလိုအိပ်စက်နေချိန်မှာ အသက်ရှူရပ်သွားတတ်လို့ ခဏခဏထရတဲ့ပြဿနာမျိုး အဖြစ်များတာကို တွေ့ရပါတယ်။ ဆေးပညာလေ့လာချက်တွေအရတော့ ဒီလို ပြဿနာမျိုးဟာ သွေးတိုးရောဂါအတွက် တိုက်ရိုက်သက်ဆိုင်မှု ရှိမရှိဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အိပ်စက်ခြင်းပြဿနာရှိတဲ့ ယခုလို အသက်ရှူမဝလို့ လန့်လန့်နိုးတဲ့သူတွေမှာတော့ သွေးတိုးရောဂါဖြစ်လာဖို့အတွက် အလားအလာများစွာ ရှိနေတာပဲဖြစ်ပါတယ်။

 

၆။ ဟော်မုန်းပြဿနာရှိခြင်း

Primary Aldosteronism ဆိုတာ ဟော်မုန်းပြဿနာတစ်ခုပါပဲ။ အဒရီနယ်ဂလင်း (Adrenal Gland) က ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီအထဲကမှ တစ်ခုကတော့ Aldosterone ပါပဲ။ ဒီဟော်မုန်း ခန္ဓာကိုယ်မှာရှိတဲ့ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဟော်မုန်းတွေကို သွေးထဲမှာ ထိန်းညှိပေးရတာပဲ ဖြစ်ပါတယ်။ Primary Aldosteronism မှာတော့ Adrenal Gland က Aldosterone တွေ ပုံမှန်မဟုတ်ဘဲ ပမာဏများစွာ ထုတ်လှတ်ပေးပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်က ဆိုဒီယမ်တွေကို မစစ်ထုတ်တော့ဘဲ ပိုတက်စီယမ်တွေကိုလည်း သိုလှောင်တာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဆိုဒီယမ်များတဲ့အခါ သွေးပမာဏ ထုထည်များလာပြီး သွေးတိုးရောဂါကို ဖြစ်ပွားစေပါတယ်။

 

Primary Aldosteronism ကို စောစောကြိုတင်သိရှိဖို့အတွက် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေက နောက်ဆက်တွဲလိုက်ပါလာနိုင်လို့ပါပဲ။ နောက်ပြီး ဒီလိုသွေးတိုးခြင်းက ဆေးသောက်ခြင်း၊ ခွဲစိတ်ခြင်း၊ ဒါမှမဟုတ် နေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရင် ပျောက်ကင်းနိုင်လို့ပါပဲ။

 

အဒိုနီရမ် (ceo-myanmar)

Myanmar Health Products Guide

Read times
Rate this item
(0 votes)