လူဦးနှောက်မှာ ချစ်ပ် ထည့်မြှုပ်ပြီး နျူရာလင့် စမ်းသပ်မှု စတင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
• ဘီလျံနာ အီလွန်မတ်စ်၏ နျူရာလင့် ကော်ပိုရေးရှင်း Neuralink Corp သည် လူဦးနှောက်တွင် ကိရိယာ မြှုပ်ထည့်ခြင်းကို ၂၀၂၄ ဇန်နဝါရီလ ၃၀ ရက်တွင် ပထမဆုံးအကြိမ် ဆောင်ရွက်လိုက်ပါသည်။
• လူ့ဦးနှောက်ကို ကွန်ပျူတာဖြင့် ထိန်းကျောင်းပေးနိုင်ရန် ရည်မှန်းချက်အတွက် အရေးပါသော ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်ပါသည်။
• မတ်စ်သည် မြှုပ်ထည့်သည့် ကိရိယာ အမည်ကို ပထမဆုံးအကြိမ်အဖြစ် အသိပေးခဲ့ပါသည်။
နျူရာလင့် Neuralink ဆိုတာဘာလဲ
Neuralink သည် ၂၀၁၇ ခုနှစ်တွင် အီလွန်မတ်စ် တည်ထောင်ခဲ့သော လုပ်ငန်းအသစ် တစ်ခုဖြစ်သည်။
နျူရာလင့်သည် စိတ်အတွေးများကိုသာ အသုံးပြု၍ ဖုန်းနှင့် တကိုယ်ရည်သုံး ကွန်ပျူတာ(PC)ကို အသုံးပြုနိုင်စေရန် ဦးနှောက်-ကွန်ပျူတာ ကြားခံစနစ်ကို တည်ဆောက်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
ထို့အတွက် ဦးနှောက်တွင် လျှပ်ခေါင်းများပါသည့်ကိရိယာကို မြှုပ်ထည့်ပေးရပါသည်။
စိတ်ထဲ အတွေး တွေးပေးပြီး ဖုန်း သို့မဟုတ် ကွန်ပျူတာတွင် စာရိုက်နိုင်မည်။ ဂိမ်းများ ကစားနိုင်မည်။ အခြား လုပ်ကိုင်စရာများ လုပ်ကိုင်နိုင်မည် ဖြစ်သည်။
ယခင်က ယခုလို လုပ်ဖူးလား
လုပ်ဖူးပါသည်။
ဦးနှောက်သို့ အချက်အလက်များ ပေးပို့သည်ကို သဘောပေါက်ရန် လူ့ဦးနှောက်တွင် လျှပ်ခေါင်းများ ထည့်သွင်းရန် ရည်ရွယ်သည့် နည်းပညာကို နှစ်အတန်ကြာ သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့ကြပါသည်။
၎င်းနယ်ပယ်တွင် Synchron နှင့် Precision Neuroscience အပါအဝင် လုပ်ကိုင်နေသော လုပ်ငန်းများ ရှိပါသည်။
လေငန်းရောဂါ၊ ဝက်ရူးပြန်ရောဂါနှင့် ပါကင်ဆန်ရောဂါ ရှိသူများကို ကုသခဲ့ပါသည်။
အစောပိုင်းတွင် Utah ဟု အမည်တွင်သည့် ကိရိယာကို အသုံးပြုခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ် သရုပ်ပြခဲ့ပါသည်။
နျူရာလင့်က တရားဝင် လုပ်ကိုင်ခြင်းလား
အမေရိကန် ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) မှ Neuralink ကို ယမန်နှစ် မေလတွင် လူဖြင့် လက်တွေ့စမ်းသပ်မှုအတွက် ခွင့်ပြုချက် ပေးခဲ့ပါသည်။
နျူရာလင့်သည် တိရစ္ဆာန်များတွင် ကိရိယာ မြှုပ်ထည့်ပြီး သုံးစွဲခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
သို့ဖြစ်ရာ ယခု ပြုလုပ်သည့် လူဖြင့် စမ်းသပ်ခြင်းသည် တရားဝင်ပါသည်။
Neuralink သည် ဦးနှောက်တွင် မြှုပ်ထည့်သည့် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ရန် စိတ်ကြိုက်ဖန်တီးထားသည့် ခွဲစိတ်ရိုဘော့ကို တီထွင်ပြီး အသုံးပြုပါသည်။
နျူရာလင့် ကိရိယာသည် မည်သို့သော ထူးခြားချက်များ ပါရှိသနည်း
နျူရာလင့် ကိရိယာတွင် လျှပ်ခေါင်း တထောင်ကျော် ပါရှိသည်။ အခြား အလားတူ ကိရိယာများထက် ပိုမို များပြားပါသည်။
အလားတူ အခြားကိရိယာများသည် အချက်အလက် ပေးပို့သည့် အာရုံကြောများ ပါဝင်သည့် အုပ်စု တစုချင်းစီအတွက် လျှပ်ခေါင်းများ ထည့်ပေးထားသည်။
နျူရာလင့်သည် အချက်အလက် ပေးပို့သည့် အာရုံကြော တခုချင်းစီအတွက် လျှပ်ခေါင်းများ ထည့်ပေးထားသည်။ သို့ဖြစ်ရာ ပိုမိုအနုစိတ်ထားသဖြင့် ပိုမိုတိကျပါသည်။
ဘယ်လို အလုပ်လုပ်လဲ
ဦးခေါင်းခွံအတွင်း ချစ်ပ်နှင့် အခြား အီလက်ထရွန်းနစ်ပစ္စည်းများပါသည့် ကိရိယာကို ထည့်သွင်းပေးသည်။ ၎င်းကိရိယာကို ပြင်ပမှ ကြိုးမဲ့ ဆက်သွယ်ရေးဖြင့် ချိတ်ဆက်ထားသည်။
Neuralink အက်ပ်ကို အသုံးပြုပြီး အချက်အလက် အချက်ပြများကို ဦးနှောက်ထံ ဆက်သွယ်ပေးပို့ခြင်း၊ ဦးနှောက်ထံမှ ရယူခြင်းတို့ လုပ်ဆောင်ပါသည်။
Neuralink အက်ပ်သည် အချက်ပြများက ဘာကိုဆိုလိုကြောင်း ဖော်ထုတ်ပေးပါသည်။ ဘာကို လုပ်ကိုင်သည်၊ ဘာကို ရည်ရွယ်သည်တို့ကို ဖော်ထုတ်ပေးပါသည်။ အီလက်ထရွန်းနစ် အချက်ပြများကို ဖတ်သည်၊ အဓိပ္ပာယ်ပြန်သည်၊ စေခိုင်းသည်။
ကိရိယာကို အားသွင်းရာ၌လည်း ကြိုးမဲ့အားသွင်းစနစ်ကို ဆောင်ရွက်ပေးပါသည်။
မတ်စ်နှင့် နျူရာလင့် တို့သည် ဦးနှောက်ချစ်ပ်များဖြင့် ဘာတွေ လုပ်ဖို့ မျှော်မှန်းထားကြသနည်း။
Neuralink သည် လေဖြတ်ပြီး ကိုယ်တပိုင်းသေနေသူများကို ကူညီပေးလိုပါသည်။ ထို့ပြင် မျက်မမြင်များ၊ နားမကြားသူများကိုလည်း ကူညီပေးနိုင်မည် ဖြစ်ပါသည်။
နောင်တချိန်တွင် အကောင်းပကတိ လူများအနေဖြင့် ဉာဏ်ရည်တုကို ပေါင်းစပ်အသုံးပြုနိုင်စေမည် ဖြစ်သည်။
နျူရာလင့် ကိရိယာ အမည်က ဘာလဲ
မတ်စ်သည် မြှုပ်ထည့်သည့် ကိရိယာ အမည်ကို ပထမဆုံးအကြိမ်အဖြစ် အသိပေးခဲ့ပါသည်။
တနင်္လာနေ့ (ဇန် ၂၉)တွင် မတ်စ်က သူပိုင်ဆိုင်သည့် လူမှုကွန်ရက် X မှာ ပို့စ်တစ်ခုတင်ခဲ့ရာ၌ ၎င်း ကိရိယာကို တယ်လီပသီ Telepathy ဟု ခေါ်ဝေါ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
စမ်းသပ်လေ့လာမှု ဘယ်လောက်ကြာမလဲ
ပုံမှန်အားဖြင့် ဤလေ့လာမှုမျိုးသည် လူနာ ၅ ဦးမှ ၁၀ ဦးအထိကို စမ်းသပ်လေ့လာရာ၌ တစ်နှစ်အထိ ကြာမြင့်မည်ဖြစ်သည်။
အစစ အရာရာ အဆင်ပြေချောမွေ့ပြီး အောင်မြင်မှုများ ရရှိခဲ့လျှင် စီးပွားဖြစ် လုပ်ကိုင်သည့်အဆင့်သို့ ရောက်ရန် ၅ နှစ်မှ ၁၀ နှစ်အထိ အချိန်ယူရမည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL