What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 18:08

COVID-19 ရောဂါပြင်းထန်သော လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည် အလှူရှင်များကို ဝန်ကြီးဌာန ဖိတ်ခေါ်

COVID-19 ရောဂါပြင်းထန်သော လူနာများ၏ အသက်ကိုကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည် အလှူရှင်များကို

ဖိတ်ခေါ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး ၂၈ ရက်ထက် မနည်း နေကောင်းနေသူ ဖြစ်ရမည် ဖြစ်ကြောင်း ၊ အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်း ရှိရမည် ဖြစ်ပြီး ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရမည် ဖြစ်ကြောင်း နှင့် ကျန်းမာနေကောင်းရမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ သာမန်သွေးလှူရှင်များ၏ ကျန်းမာရေးကိုမထိခိုက်စေရန် ဆောင်ရွက်သော စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၊ သွေးရည်ကြည် မလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားသွေးဌာနမှ COVID-19 ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည် စုဆောင်းသည့်လုပ်ငန်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင် သွေးရည်ကြည် လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိကြောင်း ၊

သွေးရည်ကြည်လှူဒါန်းရန် ဖုန်းနံပါတ်မျာ;

၀၉ -၅၁၃၀၄၁၈ ၊

၀၉-၅၄၀၂၀၉၈ ၊

၀၉-၉၆၅၁၃၀၄၁၈

နှင့် Website

www.donatebloodmyanmar.org

တို့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

သွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် ယခုအခါ သွေးရည် ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀)စီစီမှ (၆၀၀)စီစီအထိ ထုတ်ယူ နိုင်၍ လူနာ(၂)ဦးမှ (၃)ဦးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၊ သွေးရည်ကြည် လှူဒါန်းရာတွင် အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ ကိုယ်ခန္ဓာတွင်းသို့ စက်မှတစ်ဆင့် ပြန်လည်သွင်းပေးခြင်းဖြင့် သွေးရည်ကြည် အလှူရှင်မှာ သွေးအားလျော့နည်းသွားခြင်း မရှိကြောင်း ၊ ဤကဲ့သို့သွေးရည်ကြည်လှူဒါန်းခြင်းကို (၂)ပါတ်မှ (၄)ပါတ် တစ်ကြိမ် (၃)ကြိမ်ထိ လှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှ တစ်ဦးထက်မကသော COVID-19 လူနာများ၏ အသက်များကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ထားသည်။
COVID-19 ရောဂါပိုးကူးစက်ခံရပြီး ရောဂါပျောက်ကင်းသူများ၏ သွေးရည်ကြည်ထဲတွင် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (Severe Acute Respiratory Syndrome Coronavirus 2 - SARS-CoV-2)ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antibody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည် (Convalescence Plasma) အား အသုံးပြု၍ COVID-19 ရောဂါပြင်းထန်သော လူနာများကိုကုသရာတွင် ရောဂါသက်သာပျောက်ကင်းရန် အထောက်အကူပြုကြောင်း တွေ့ရှိရကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်တိတိ ပကတိ ပြန်လည် နေထိုင်ကောင်းလာသူများအနေနှင့် ၎င်းတို့၏သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်ရောဂါ ပြင်းထန်စွာခံစားနေသော လူနာများ၏အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁၇ ရက်အထိ COVID-19 အတည်ပြု လူနာစုစုပေါင်း ၃၄,၈၇၅ ဦး ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၆,၃၇၀ ဦး နှင့် သေဆုံးသူပေါင်း ၈၃၈ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ (

Xinhua)

Read times
Rate this item
(0 votes)