What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 March 2019 11:27

ဆား များများစားတဲ့အခါ ဖြစ်လာမယ့် ပြဿနာ (၉ )ခု

ခန္ဓာကိုယ်က ကြွက်သားတွေ ကျုံ့နိုင်ဆန့်နိုင်ဖို့၊ အာရုံကြောလှုံ့ဆော်မှုတွေ ပေးပို့ထုတ်လွှင့်ဖို့၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်မျှခြေကို ထိန်းသိမ်းဖို့စတဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်ဖြစ်ပျက်ဖို့ သင့်တော်တဲ့ ဆိုဒီယမ် ပမာဏကို၊ တစ်နည်းအားဖြင့် ဆားကို ခန္ဓာကိုယ်က နေ့စဉ်လိုအပ်ပါတယ်။

ဒါပေမဲ့ လိုအပ်တာထပ် ပိုပြီး စားသုံးမိပြီဆိုရင်တော့ ဆား၊ တစ်နည်းအားဖြင့် ဆိုဒီယမ်က ခန္ဓာကိုယ်ထဲက ဓာတုဖြစ်ပျက်မှုတွေကို ကမောက်ကမဖြစ်စေနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ကျန်းမာရေးပြဿနာနဲ့ နာတာရှည်ရောဂါများဖြစ်တဲ့ သွေးတိုး၊ နှလုံးနဲ့ အခြားရောဂါတွေ ဖြစ်ပွားလာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ ဆား ပမာဏ များလာတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြဿနာ (၉ )ခုကို ဖော်ပြပေးလိုက်ရပါတယ်။

 

ခေါင်းကိုက်ခြင်း

ဆားကို ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏထပ် ပိုပြီးစားသုံးမိရင် သင့်ကို ခေါင်းကိုက်စေနိုင်ပါတယ်။ တစ်ရက်ကို ဆား ၂၃ဝဝ မီလီဂရမ် နဲ့ အ ထက်စားသုံးမိပြီဆိုရင် သွေးဖိအားမတက်၊သွေးမတိုးလာရင်တောင်မှ ခေါင်းကိုက်စေနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ဝေဒနာကို မကြာခဏခံစားနေရတယ်၊ ဝေဒနာဖြစ်စေတဲ့အကြောင်းအရင်းကိုလည်း တိတိကျကျ ရှာမတွေ့ဘူးဆိုရင် ပညာရှင်တွေက သင့်ရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ပါဝင်တဲ့ ဆားပါဝင်မှုကို ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။

 

ရေဆာခြင်း

ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ဆိုဒီယမ်၊ တစ်နည်းအားဖြင့် ဆားတွေဟာ ခန္ဓာကိုယ်အတွင်းက ရေဓာတ်ကို မညီမမျှဖြစ်စေနိုင်ပါတယ်။ ဆားငံတဲ့ အစားအသောက်တွေ စားသုံးပြီးနောက် ရေငတ်တဲ့ ခံစားမှုမျိုးကို လူတိုင်းနီးပါး ကြုံတွေ့ခံစားဖူး ကြမှာပါ။ အကြောင်းရင်းကတော့ အစားအ သောက်တွေထဲမှာ ပါဝင်တဲ့ ဆားဓာတ်က ခန္ဓာကိုယ်ထဲက ရေဓာတ်ကို မညီမမျှဖြစ်စေပြီး ကိုယ်တွင်းက ဆဲလ်တွေ ဆားဓာတ်နဲ့ ရေဓာတ်ကို ပြန်လည်မျှတစေအောင် လုပ်ဆောင်ဖို့ ရေလိုအပ်လာပါတယ်။ ဒီအခါမှာ ရေဆာတယ်ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်လာစေပြီး ဒါက သင့်ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်များနေပြီး အဆိုပါများနေတဲ့ ဆားတွေက သင့်ရဲ့ရေဓာတ်ကို သွားရောက်နှောင့်ယှက်နေပြီဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။

 

ဦးနှောက်ခြောက်လာခြင်း

ဆိုဒီယမ်က သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဆားကို ပမာဏများများစားသုံးတဲ့အခါမှာ အထက်ဖော် ပြပါအတိုင်းသင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ယာယီကျဆင်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သင့်ကို ဦးနှောက်ခြောက်တယ်လို့ ဆိုရမယ့် စိတ်ရှုပ်ထွေးစရာ အခြေအနေမျိုး ကြုံရစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်ထဲမှာ ဆား ပမာဏများပြားလာတဲ့အခါ နောက်ဆက်တွဲ ကြုံတွေ့ရတဲ့ ရေဓာတ်ဆုံးရှုံးသွားခြင်းနဲ့လည်း သက်ဆိုင်မှုရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်နဲ့သွေးအတွင်းမှာ ပိုလျှံနေတဲ့ဆားဓာတ်ကို ခန္ဓာကိုယ် ပြင်ပထွက်သွားစေဖို့နဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ ဒီအချိန်မှာ ရေများများသောက်ပေးဖို့ လိုကို လိုအပ်ပါတယ်။ ဒီလိုစိတ်ရှုပ်ထွေး ဦးနှောက်ခြောက်ရတဲ့ အခြေအနေမျိုး မကြုံရဖို့ ဆားလျှော့စားတာ၊ တစ်နေ့တာ ဆား စားသုံးမှု ပမာဏကို ကန့်သတ်ထားတာမျိုးနဲ့ ကြို တင်ကာကွယ်ထားတာက အကောင်းဆုံးပါပဲ။

 

ဆီးမကြာခဏသွားခြင်း

ဆားများများ စားသုံးမိခြင်းကြောင့် နောက်ဆက်တွဲ သင်ကြုံရမယ့်ပြဿနာတစ်ခုက ဆီးမကြာခဏသွားလိုခြင်းပဲဖြစ်ပါတယ်။ ဆားများများစားသုံးမိခြင်းကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် ပမာဏများလာတာကို ကျောက်ကပ်က သိရှိသွားတဲ့အခါ အဆိုပါ ပိုလျှံနေတဲ့ ဆိုဒီယမ်တွေကို ဆီးမှ တစ်ဆင့်စွန့်ထုတ်ပစ်နိုင်အောင် အပြင်းအထန် အလုပ်လုပ်ပါတော့တယ်။ ရလဒ်အနေနဲ့ ဆီးမကြာခဏသွားစေပြီး ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးလာမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ ဆားများများစားသုံးပြီး ရေငတ်တဲ့ ခံစားချက်ဖြစ်စေတာကြောင့် ရေများများသောက်မိခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

 

သိမြင်နားလည်နိုင်မှု နှေးလာခြင်း

ဆားစားသုံးမှု မြင့်မားခြင်းနဲ့ နှလုံး၊ သွေးတိုးရောဂါများ ဆက်စပ်မှုရှိနေတာကို သုတေသီများ လေ့လာတွေ့ရှိထားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဆားစားသုံးမှုပမာဏများပြားခြင်းက လူတွေရဲ့ သိမြင်နားလည်နိုင်စွမ်းအပေါ်ကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်ကြောင်း ပညာရှင်တွေ သတိပြုမိခဲ့ကြပါတယ်။ ဆားပမာဏ များများစားသုံးခြင်းက ဦးနှောက်ရဲ့သိမြင်နားလည်နိုင်စွမ်းကို နှေးကွေးစေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ခန္ဓာကိုယ်အတွင်း ဆိုဒီယမ်ပမာဏများလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ သိမြင်နားလည်နိုင်စွမ်းကို ဖြစ်ပေါ်ထိန်းချုပ်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းဆီကို သွေးစီးဆင်းမှုနည်းပါးသွားစေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့ သင့်တော်ညီညွတ်အောင် အစားအသောက်တွေကို ရွေးချယ်စားသုံးပေးခြင်း၊ ဆားလျှော့စားပေးခြင်းဖြင့် အဆိုပါပြဿနာကို ပြန်လည်ဖြေရှင်းပေးနိုင်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

 

Read More : ရောဂါမျိုးစုံ ဖြစ်လာကြပြီ ဆိုရင်

 

အရိုးတွေ အားနည်းလာခြင်း

ဆားများများစားသုံးခြင်းကြောင့် ကျောက်ကပ်က ပုံမှန်ထက် ပိုပြီး အလုပ်လုပ်ရတဲ့အခါ ဆီးမကြာခဏသွားစေတဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်လာစေနိုင်တာကို အထက်မှာဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ သင် ဆီးသွားတဲ့အခါတိုင်းမှာ ဆီးနဲ့ အတူ ခန္ဓာကိုယ်ထဲက ကယ်လ်ဆီယမ်ဓာတ်တွေပါ ပါသွားလေ့ရှိပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ဆားစားသုံးမှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကယ်လ်ဆီယမ် ဓာတ်ဆုံးရှုံးမှုက သင့်ရဲ့ အရိုးနဲ့ သွားတွေရဲ့ ရေရှည်ကျန်းမာကြံ့ခိုင်မှုအပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေအဖြစ် အရိုးပွရောဂါကိုတောင် ဖြစ်ပွားစေနိုင်ခြေရှိတာကြောင့် စိုးရိမ်ရမယ့် ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ယူဆပြီး ဆားစားသုံးမှုကို သတိထားသင့်ပါတယ်။

 

သွေးတိုးခြင်း

သွေးတိုးရောဂါနဲ့ ဆားစားသုံးမှု ဆက်စပ်မှုရှိနေတာ လူတိုင်းနီးပါးသိပြီးသားဖြစ်ပါတယ်။ မှန်ပါတယ်။ ဆားကို လိုအပ်တဲ့ပမာဏထပ်ပိုပြီး စားသုံးခြင်းက ရေရှည်မှာ သွေးတိုးနဲ့ နှလုံးရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ဆိုဒီယမ်၊ တစ်နည်းအားဖြင့် ဆားက စားသုံးပြီးနောက် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို အားနည်းသွားစေနိုင်ပါတယ်။ များပြားတဲ့ ဆိုဒီယမ်ပမာဏက ခန္ဓာကိုယ်တွင်းက ရေဓာတ်ကိုချုပ်ကိုင်ပြီး နှလုံးရဲ့ ညှစ်အားကို ပြင်းလာစေကာ ရလဒ်အနေနဲ့ သွေးဖိအားကို မြင့်တက်လာစေပါတယ်။ နှလုံးရဲ့ ညှစ်အားပြင်းလာတာနဲ့အတူ သွေးကြောတွေထဲကို ရုတ်တရက် ထွက်တဲ့ သွေးပမာဏပိုများလာစေပြီး သွေးကြောတွေမာလာတဲ့ ပြဿနာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါက ရေရှည်မှာသွေးတိုး၊ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

 

ကျောက်တည်ခြင်း

ဆားပါဝင်မှုများပြားတဲ့ အစားအသောက်တွေကို ပမာဏများများ ရေရှည်မှာ စားသုံးခြင်းက သင့်ကျောက်ကပ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲက ပိုလျှံတဲ့ဆားတွေကို ဆီးကတစ်ဆင့် ကျောက်ကပ်က စွန့်ထုတ်တဲ့လုပ်ငန်းကို လုပ်ဆောင်တဲ့အခါ ဆီးထဲမှာ ဆိုဒီယမ်ပမာဏ များလာတာနဲ့အမျှ ပရိုတိန်းပါဝင်မှုလည်း များလာမှာဖြစ်ပြီး နောက်ပိုင်းမှာ ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်လာစေပါတယ်။ ဆားများများစားသုံးခြင်းကြောင့် ဖြစ်ပွားစေနိုင်တဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေထဲမှာ ကျောက်တည်ခြင်းလည်း ပါဝင်နေလို့ မပေါ့ဆဖို့ ပညာရှင်တွေ အလေးအနက် သတိပေးထားပါတယ်။

 

ခန္ဓာကိုယ်ဖောရောင်လာခြင်း

ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်ဖြစ်ပျက်ဖို့ သင့်တော်တဲ့ ဆိုဒီယမ် ပမာဏကို၊ တစ်နည်းအားဖြင့် ဆားကို နေ့စဉ်လိုအပ်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထပ်ပိုသွားတဲ့ ဆိုဒီယမ်တွေကတော့ ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ကမောက်ဖြစ်စေပြီး သင့်ကိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကြုံတွေ့ရစေနိုင်ပါတယ်။ ဆားများများ စားသုံးမိတဲ့အခါ ကျောက်ကပ်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေက ရေဓာတ်ကို လိုတာထပ်ပိုပြီး သိမ်းဆည်းလိုက်တတ်ကြပါတယ်။ ဒီလိုနဲ့ ခြေ၊ လက်၊ မျက်နှာတွေဖောရောင်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အငံများတဲ့ အစားအသောက်တွေစားသောက်ပြီးနောက် မျက်နှာဖောလာတာ၊ ခြေလက်တွေရောင်ရမ်းလာတာမျိုး ဖြစ်ရတာပါ။ ဒီလိုလက္ခဏာတွေက သင့်ခန္ဓာကိုယ် ထဲမှာ ဆားဓာတ်အလွန်အမင်းများပြားနေပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။

 

Source :myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(0 votes)