What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 16 June 2020 09:20

မလေးရှားမှ ပြည်တော်ပြန်မည့် မြန်မာများ ကိုဗစ်ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြဖို့ လိုအပ်

မလေးရှားနိုင်ငံက လာမယ့် ဇွန်လ ၁၇ ရက်နေ့ မှာ မြန်မာအစိုးရရဲ့ အစီအစဥ်နဲ့ ပြန်လည်ခေါ်ယူ ဖို့ရှိတဲ့

ကယ်ဆယ်ရေးလေယာဥ်နဲ့လိုက်ပါမယ့်သူတွေဟာ ကိုဗစ် ၁၉ ကင်းရှင်းကြောင်း မလေးရှားအစိုးရရဲ့ ဆေးစစ်ချက်တင်ပြဖို့ လိုတယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

(ထုတ်ပြန်ကြေညာချက်မူရင်းကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

လေကြောင်းလိုင်းရဲ့ လိုအပ်ချက်အရ အခုလို ဆေးစစ်ချက် တောင်းခံထားတာ ဖြစ်ပြီးတော့ လူပေါင်း ၁၄၅ ဦးလိုက်ပါခွင့်ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
(၁၄၅ ဦး စာရင်းကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)
အခုအစီအစဥ်ဟာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေး လေယာဥ်တွေနဲ့ တတိယအကြိမ်မြောက် ပြန်လည်ခေါ်ယူတာဖြစ်ပြီး အရင် အခေါက်တွေကတော့ အခုလို ကိုဗစ် ၁၉ ကင်းရှင်းကြောင်း တောင်းခံတာ မရှိခဲ့ပါဘူး။

လေယာဥ်နဲ့လိုက်ပါခွင့်ရသူတွေဟာ နှာခေါင်းစည်းတပ်ပြီး လိုက်ပါစီးနင်းရမှာ ဖြစ်ပြီး ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီး သံသယရှိခံရရင် လိုက်ပါခွင့်ရမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မလေးရှားက မြန်မာသံရုံးမှာ မြန်မာနိုင်ငံကို ပြန်ဖို့ စာရင်းပေးထားပြီး စောင့်ဆိုင်းနေသူတွေ ၅၀၀ ကျော်ရှိကာ မြန်မာအစိုးရဆီကို စာတင်ထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံရုံးအုပ် ဦးနိုင်မင်းက ဘီဘီစီကို ပြောပါတယ်။

အခုဆိုရင် မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ပို့တာဟာ မေလ ၂၀ ရက်နေ့အထိ စုစုပေါင်း ၅၉ဝ ကျော် ရှိနေပြီလို့ မြန်မာသံရုံး ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

အခုစီစဥ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဥ်နဲ့ လိုက်ပါမယ့်သူတွေဟာ သက်ဆိုင်ရာ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှာ စစ်ဆေးမူတွေခံယူပြီး check out memo ရယူထားဖို့ လိုတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုကယ်ဆယ်ရေးလေယာဥ်နဲ့ လိုက်ပါခွင့်ရသူတွေဟာ နိုင်ငံကူးလက်မှတ် အထောက်အထားရှိသူတွေ ဖြစ်ပြီး နိုင်ငံကူးလက်မှတ် မရှိသူတွေအတွက်လည်း စီစဥ်ပေးသင့်တယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာ ၁၇ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက မေလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့အကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ လူမှုကူညီရေးအသင်း Alliance of Chin Refugees က ကိုအိုက်လွင်က ဘီဘီစီကို ပြောပါတယ်။

တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးထားတဲ့ ထိန်းသိမ်းရေးစခန်းနှစ်ခုမှာ ဆေးစစ်ချက်အရ ၈၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား ၁၇ ဦးပါဝင်နေတယ်လို့ ထုတ်ပြန်ထားကြောင်းလည်း သူက ပြောပါတယ်။

ထိန်းသိမ်းရေးစခန်းရောက်နေတဲ့ မြန်မာ ၃၀၀၀ လောက်ရှိပြီး သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ချင်တယ်လို့ မလေးရှားဘက်က ကမ်းလှမ်းထားတယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးဘက်က သတင်းတွေအရ သိရပါတယ်။

ဒါပေမယ့် သူတို့ကို ပြန်ခေါ်ဖို့ ရှိမရှိဆိုတာကို မြန်မာအစိုးရဘက်က ထုတ်ပြောတာမျိုး မရှိသေးပါဘူး။

မလေးရှားမှာ ကိုဗစ် ၁၉ ရှိမရှိ ဆေးစစ်မယ်ဆိုရင် ၃ရက် ကနေ ၅ရက် စောင့်မှ အ‌ဖြေသိရပြီး ဆေးစစ်ခ မလေးရှားရင်းဂစ် ၄၀၀ ခန့် ပေးရတယ် လို့လည်း မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

ပြည်ပနိုင်ငံတွေမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် ခေါ်ယူနေရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေ ပူးပေါင်း ဆောင်ရွက်ပေးနေပြီး ဇွန်လ ၁၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၃၅၃၄ ဦး ပြန်လည်ခေါ်ယူပြီးဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခု မလေးရှားက ဇွန်လ ၁၇ ရက်နေ့ ကယ်ဆယ်ရေးလေယာဥ်နဲ့ လိုက်ပါမယ့်သူတွေဟာ မြန်မာနိုင်ငံ ပြန်ရောက်ရင် အစိုးရ သတ်မှတ်တဲ့ ကွာရန်တင်းနေရာ သို့မဟုတ် မိမိစရိတ်နဲ့ ဟိုတယ်မှာ ၂၁ ရက် ကွာရန်တင်း ဝင်ရမှာ ဖြစ်သလို ရန်ကုန်လေဆိပ်ရောက်မှ နေရာ အပြောင်းလဲ လုပ်လို့ မရဘူးလို့လည်း အသိပေး ဖော်ပြထားပါတယ် ။

ဘီဘီစီ

Read times Last modified on Tuesday, 16 June 2020 09:23
Rate this item
(0 votes)