What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 20 July 2022 14:48

ကမ္ဘာပေါ်မှာ အိပ်လို့မရတဲ့ဒုက္ခကို အဆိုးဆုံးခံစားနေရတဲ့ တောင်ကိုရီးယား

ကမ္ဘာပေါ်မှာ အိပ်လို့မရတဲ့ဒုက္ခကို အဆိုးဆုံးခံစားနေရတဲ့ နိုင်ငံတနိုင်ငံကတော့ တောင်ကိုရီးယားပါပဲ။ တောင်ကိုရီးယားနိုင်ငံမှာ အိပ်မပျော်တဲ့ရောဂါ ခံစားနေရသူပေါင်း မြောက်မြားစွာ ရှိနေပါတယ်။

ဂျီအွန်းမှာ ရုံးအလုပ်ချိန်ကသိပ်များလွန်းတော့ ပေါ့ပေါ့ပါးပါး အပန်းဖြေနားနေဖို့အချိန်ဆိုတာတောင် မရနိုင်အောင် ဖြစ်နေပါတယ်။ အဲဒီကစပြီး သူ့မှာ အိပ်လို့မရတဲ့ဒုက္ခစပြီး ကြုံလာရတော့တာပါပဲ။

ဂျီအွန်းဟာ များသောအားဖြင့် မနက် ၇ နာရီကနေ ည ၁၀ နာရီအထိ အလုပ်လုပ်လေ့ရှိပြီး အထူးသဖြင့်ကတော့ အလုပ်ရှုပ်တဲ့နေ့တွေမှာ တခါတလေ မနက် ၃ နာရီထိုးတဲ့အထိ သူဟာရုံးမှာပဲ ရှိနေပါသေးတယ် သူက အသက် ၂၉ နှစ်အရွယ် ပြင်ပဆက်ဆံရေးအရာရှိပါ။ ။

သူ့အလုပ်ရှင်က တခါတလေ ညလယ်သန်းခေါင်ဖုန်းလှမ်းဆက်ပြီး တခုခုလုပ်ပေးဖို့ခိုင်းတတ်ပါတယ်။

“ကျွန်မဟာ ဘယ်လိုအပန်းဖြေရတယ်ဆိုတာတောင် မေ့နေသလောက်ပဲ” လို့သူက ပြောပါတယ်။

ပျားပန်းခပ်မျှစည်ကားလှတဲ့ ဆိုးလ်မြို့တော်ဂန်နမ်ရပ်ကွက်မှာ အိပ်မက်နဲ့အိပ်စက်ခြင်းဆေးခန်းဆိုတာ ရှိပါတယ်။

အိပ်မပျော်လို့ဆိုပြီး တညတည်းနဲ့အိပ်ဆေးအလုံး ၂၀ သောက်တဲ့သူတွေကိုတောင် သူခဏခဏတွေ့ဖူးတယ်လို့ အဲဒီဆေးခန်းက ဆရာဝန်ဒေါက်တာဂျီဟွန်းလီကပြောပါတယ်။

ဒေါက်တာဂျီဟွန်းလီဟာ အိပ်စက်ခြင်းဆိုင်ရာ စိတ်အထူးကုဆရာဝန်ပါ။

telegram1.jpg

“အိပ်ပျော်ဖို့ဆိုတာ ဘယ်သူမဆို အချိန်နည်းနည်းတော့ ယူရတာပါပဲ။ ဒါပေမဲ့ကိုရီးယားတွေက မြန်မြန်အိပ်ပျော်ချင်ကြတော့ အိပ်ဆေးသောက်ကြတယ်ရှင့်” လို့ ဒေါက်တာဂျီဟွန်းလီက ပြောပါတယ်။

ကိုရီးယားမှာအိပ်ဆေးစွဲကြတာဟာ နိုင်ငံလုံးဆိုင်ရာကပ်ရောဂါတခုတောင်ဖြစ်နေပါပြီ။ တရားဝင်ကောက်ယူထားတဲ့ စာရင်းအင်းတော့မရှိပါဘူး။ ဒါပေမဲ့ အိပ်ဆေးစွဲနေသူဦးရေဟာ တသိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

အိပ်ဆေးသောက်ပြီးတော့လည်း အိပ်မပျော်သေးဘဲဖြစ်နေတဲ့အခါ သူတို့က အရက်ထသောက်တတ်ကြပါတယ်။ ဒါက အန္တရာယ်မကင်းတဲ့လုပ်ရပ်ပါ။

အိပ်မပျော်တဲ့ဝေဒနာရှင်တချို့မှာ အိပ်မက်ယောင်လမ်းလျှောက်တဲ့အကျင့်ရှိတတ်ပါတယ်။

“တချို့ကအိပ်နေရင်းလမ်းလျှောက်တတ်တယ်။ ရေခဲသေတ္တာကိုဖွင့်ပြီး တွေ့တဲ့ အစားအသောက်တွေကို အိပ်မက်ယောင်ရင်းစားကြတယ်လေ။

တခါတလေ မချက်မပြုတ်ရသေးတဲ့ဟာတွေပါ စားပစ်ကြတာပဲ။” လို့ ဒေါက်တာလီက ပြောပါတယ်။

“အိပ်မက်ယောင်လမ်းလျှောက်ရောဂါကြောင့် ဆိုးလ်မြို့လယ်ခေါင်မှာ ကားတိုက်မှုတွေဖြစ်ကြတာတောင်ရှိပါတယ်” လို့လည်း ပြောပါတယ်။

အိပ်မပျော်တဲ့ရောဂါတာရှည်လာရင် အနိုးကြားလွန်ရောဂါ hyper-arousal ဖြစ်တတ်ပါတယ်။

အနိုးကြားလွန်ရောဂါတာရှည်လာလို့ စိတ်ရောကိုယ်ပါ ပင်ပန်းလာရင် ထုံထိုင်းလွန်ရောဂါ hypo-arousal ဖြစ်သွားတတ်ပါတယ်။

အိပ်မပျော်လို့ အနိုးကြားလွန်ရောဂါဖြစ်နေချိန်မှာ လူက အိပ်ရေးမဝ၊ အာရုံစိုက်လို့မရ၊ စိတ်တို၊ ပေါက်ကွဲ၊ ပူပန်ဆိုတာတွေဖြစ်တတ်ပါတယ်။

အနိုးကြားလွန်ရောဂါ ဟိုင်ပါအရောက်ဇယ် ကြာလာရင် ထုံထိုင်းလွန်ရောဂါ ဟိုင်ပိုအရောက်ဇယ်ဆီကူးသွားတတ်ပါတယ်။

စိတ်ထောင်းကိုယ်ကြေဖြစ်လာပြီး စိတ်ထဲမှာ ဘာမှမရှိ ဟာလာဟင်းလင်းကြီးဖြစ်၊ ခံစားချက်တွေပျောက်၊ ထုံထိုင်းလာရာက ပိုဆိုးလာရင် အကြောတောင် သေသွားတတ်ပါတယ်။

အဲဒါကတော့ ထုံထိုင်းလွန်ရောဂါဆိုတဲ့ ဟိုင်ပိုအရောက်ဇယ် အဆင့်ရောက်သွားတာပါ။

ဒေါက်တာလီနဲ့လာတွေ့တဲ့ တချို့ဝေဒနာရှင်တွေဟာ “ငိုတောင်ငိုကြပါတယ်။ ဒါပေမဲ့ ဒီကိုရောက်လာတော့ သူတို့မှာ ကောက်ရိုးတမျှင်ကို ဆွဲမိသလိုပါပဲ။ စိတ်မကောင်းစရာပါ” လို့ သူက ဆိုပါတယ်။

အလုပ်လွန်၊ စိတ်ဖိစီး၊ အိပ်မပျော်ဝေဒနာ

အိပ်မပျော်တဲ့ဝေဒနာသည် အများဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်းကလည်း သိပ်မြင့်ပါတယ်။

ဖွံဖြိုးပြီး နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ သတ်သေနှုန်းအမြင့်ဆုံးနိုင်ငံပါ။ ဒါ့အပြင် အရက်ပြင်းသောက်သုံးမှုအများဆုံးနိုင်ငံတနိုင်ငံဖြစ်သလို စိတ်ကျပျောက်ဆေးသောက်နေရတဲ့သူကလည်း အမြောက်အမြားပါပဲ။

ဒီကိန်းဂဏန်းတွေ ဒီလိုမြင့်နေတာဟာ သူ့နိုင်ငံသမိုင်းနဲ့ပါ ဆက်စပ်နေပါတယ်။

တောင်ကိုရီးယားဟာ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အဆင်းရဲဆုံးတိုင်းပြည်တပြည်အဖြစ်ကနေ နည်းပညာအဖွံ့ဖြိုးဆုံးတိုင်းပြည်တပြည် ဖြစ်လာတဲ့နိုင်ငံပါ။

နည်းပညာဘက်သာမက ပေါ့ပ်ယဉ်ကျေးမှုကလည်း လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါဟာခုခေတ်အခေါ် အနုစားအာဏာ soft power လည်းတစုံတရာရှိတယ်ဆိုတဲ့သဘောပါ။

ဆော်ဒီအာရေဗျတို့၊ အာရပ်စော်ဘွားများနိုင်ငံယူအေအီးတို့ကလည်း တောင်ကိုရီးယားလို ဟုန်းကနဲထတောက်လောင် လာတဲ့နိုင်ငံတွေပါပဲ။

ဒါပေမဲ့အဲဒီနိုင်ငံတွေက သဘာဝသယံဇာတတွေကြောင့် ရုတ်တရက် အောင်မြင်လာကြတာ။ တောင်ကိုရီးယားမှာ ဘာသယံဇာတမှရှိတာ မဟုတ်ဘူး။

တောင်ကိုရီးယားအောင်မြင်လာတာက လူအားသက်သက်နဲ့ ဟုန်းကနဲ မြောက်တက်လာတာပါ။ ပြင်းပြင်းထန်ထန်လုပ်၊ မြန်မြန်ဆန်ဆန်လုပ်ဆိုတဲ့ အမျိုးသားရေးလှုံ့ဆော်မှုနဲ့ အောင်မြင်လာတာ ဖြစ်ပါတယ်။

အဲဒီအမျိုးသားရေးလှုံ့ဆော်မှုနဲ့ အတူတွဲပါလာတာက အလုပ်အလွန်အကျွံလုပ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အိပ်မပျော်ခြင်း ဆိုတဲ့ ပြဿနာတွေပါပဲ။

အခုဆိုရင် အိပ်မပျော်တဲ့သူတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အိပ်စက်ခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းစုကြီးတောင် ပေါ်ပေါက်ဖြစ်ထွန်းလာပါပြီ။

အဲဒီအိပ်စက်ခြင်းအထောက်အကူပြု စီးပွားရေးလုပ်ငန်းစုကြီးရဲ့ပမာဏဟာ ၂၀၁၉ ခုနှစ် ကိန်းဂဏန်းအရ ဒေါ်လာ ၂ ဘီလျံခွဲတောင်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

BBC Burmese

#Myanmar Health Products Guide

telegram.jpg

Read times Last modified on Wednesday, 20 July 2022 14:54
Rate this item
(0 votes)