လူတိုင်း စိတ်အဆင်မပြေတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်တာပဲနော်။ အဲဒီလိုအချိန်ကျရင် အခုပြောပြပေးမယ့် အစားအစာလေးတွေ စားကြည့်ပါလား။ သင့်စိတ်ကို ပျော်ရွှင်စေမှာဆိုပဲ။
တော်တော်များများပါပဲ။ အစားစားလိုက်တာတို့၊ ဈေး ဝယ်ထွက်လိုက်တာတို့ဆို စိတ်က ပြောင်းသွားတတ်ကြတယ်လေ။ ဒီတော့ Mingalabar Morning ပရိသတ်ကြီးရောပဲ စိတ်ညစ်၊ စိတ်တိုလာတဲ့အခါမျိုးဆို ဒီအစားအစာလေးတွေ စားကြည့်ဖို့ အကြံပေးတယ်နော်။
၁။ ဆယ်လ်မွန်ငါး
ကမ္ဘာ့ အာဟာရအရှိဆုံး ငါး၊ ကျန်းမာရေးအတွက် အဖိုးတန်ငါးလို့ ပြောစမှတ်ပြုတဲ့ ဆယ်လ်မွန်ငါးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ သူ့ကိုစားလိုက်ရင် စိတ်ကိုပျော်ရွှင်စေပါသတဲ့။ ဆယ်လ်မွန်ငါးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က တကယ့်ကို အာဟာရပြည့်စေတဲ့ ဓာတ်တစ်မျိုးပါ။ အဲဒီအက်ဆစ်က လူ့ခန္ဓာကိုယ်က ကိုယ်တိုင်ထုတ်လွှတ်မပေးနိုင်ပါဘူး။ အိုမီဂါ ၃ ဟာ ခန္ဓာကိုယ်ကို လွှမ်းခြုံထားတဲ့ ဆဲလ်တွေမှာပါတဲ့ အမြှေးပါးလေးတွေရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီငါးကိုစားရင် စိတ်ဓာတ်ကျခြင်းမျိုးကို လွယ်လွယ်ကူကူ ဖြေဖျောက်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။
၂။ ချောကလက်အညို
Dark chocolate လို့ခေါ်တဲ့ ချောက်လက်အညိုတွေမှာလည်း သင့်စိတ်ကိုလွတ်လပ်ပျော်ရွှင်စေတဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်ဆိုရင် ယုံမလား။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အညိုရောင်ချောကလက် အနည်းငယ်ကိုစားလိုက်ရုံနဲ့ သင့်စိတ်က အလိုလို ရွှင်လန်းသွားမှာပါတဲ့။ ဒါတင်မကသေးပါဘူး။ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေနိုင်ပြီး မျက်စိအားကိုလည်း တကယ်ပဲ ကောင်းမွန်စေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
၃။ ဘယ်ရီသီးများ
သင့်စိတ်ကို ပျော်အောင် ဖန်တီးပေးနိုင်တဲ့ အထဲမှာ ဘယ်ရီသီးလေးတွေလည်း ပါတယ်နော်။ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရပ်စ်ဘယ်ရီ စသဖြင့်ပေါ့။ သစ်သီးတွေက အစာချေစနစ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းတွေ ရှိကြပါတယ်။ ဒီထဲမှာမှ ဘယ်ရီသီးတွေကတော့ ဦးနှောက်စွမ်းအင်ကိုလည်း တိုးတက်ကောင်းမွန်စေတဲ့ စွမ်းအားတွေရှိတယ်ဆိုတော့ အရသာလည်းရှိ စိတ်ကိုလည်း ပုံမှန်လည်ပတ်စေတဲ့ ဒီအသီးလေးတွေကို စားပြီး ပျော်ရွှင်မှုကို ရှာဖွေကြည့်လိုက်နော်။
၎။ ကိုက်လန်နဲ့ ဒေါက်ခွရွက်
ကိုက်လန်တို့ ဒေါက်ခွရွက်တို့လို အရွက်တွေမှာလည်း အိုမီဂါ ၃ အက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်လို့ ရောင်ယမ်းနာတွေကိုပါ သက်သာစေပါတယ်။ ဒါ့အပြင် အစိမ်းရောင်ရှိတဲ့ အရွက်တွေဟာ မဂ္ဂနီဆီယမ်ပါဝင်လို့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို မြင့်မားစေပါတယ်။
၅။ အယ်လ်မွန်စေ့
နောက်ဆုံးတစ်ခုကတော့ အစေ့မှာဘုရင်၊ အစားအစာမှာ ၁ ဖြစ်တဲ့ အယ်လ်မွန်စေ့တွေပါပဲ။ မြန်မာမှာဆိုရင် ဗာဒံစေ့နဲ့ အလားသဏ္ဍာန်တူတဲ့ အယ်လ်မွန်စေ့တွေက အာဟာရဓာတ် ကြွယ်ဝတဲ့အပြင် ဦးနှောက်ရဲ့ ကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ သူ့မှာ tyrosine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ပါဝင်တာကြောင့် မှတ်ညဉ်စွမ်းအားလျော့နည်းမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးနိုင်ပါသေးတယ်။
ကဲ…. သင့်မှာ ဘယ်လို စိတ်ညစ်စရာတွေပဲရှိရှိ၊ ဘယ်လောက်စိတ်ဓာတ်ကျနေကျနေ ဖော်ပြပေးထားတဲ့ အစားအစာလေးတွေကို ပြင်ဆင်ချက်ပြုတ်စားသုံးရင်း စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းစွာ နေထိုင်လိုက်ရအောင်နော်။
source:mingalarbarmorning