What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 July 2020 10:19

ပါရာစီတမော(Paracetamol)နှင့် ပတ်သက်သမျှ

ပါရာစီတမောဟာ အသုံးများတဲ့ အိမ်သုံးဆေးဝါးတစ်ခုပါ။ မိမိတို့နိုင်ငံမှာတော့ ဆေးညွှန်းစာမပါဘဲ မိမိဘာသာ အလွယ်တကူဝယ်ယူ သောက်သုံးနိုင်တဲ့ ဆေးအမျိုးအစားလဲ ဖြစ်ပါတယ်။ 

ပါရာစီတမောကို ခေါင်းကိုက်တာ၊ ကျောနာတာ၊ သွားကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ အဆစ်အမြစ်နာတာ၊ ဓမ္မတာကြောင့်နာကျင်ကိုက်ခဲတာ၊ အအေးမိတာနဲ့ ဖျားနာတာတွေအတွက် ခဏတာဝေဒနာ သက်သာစေဖို့ သောက်သုံးနိုင်ပါတယ်။

 

ပါရာစီတမောကို ဆေးပြားပုံစံ၊ ဆေးတောင့်ပုံစံ(Tablet)၊ ဆေးရည်ပုံစံနဲ့ suppository ပုံစံမျိုးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ အတွေ့ရအများဆုံး ဆေးပမာဏကတော့ 500mg ဖြစ်ပြီး 250mgနဲ့ 1000mg တွေလဲ ရှိပါတယ်။

 

ဆေးသောက်သုံးနည်းကတော့ ကိုက်ခဲနာကျင်တာတွေအတွက် လူကြီးဆိုရင် 500mg တစ်လုံးသောက်ပြီး ရောဂါသက်သာခဲ့ရင် ထပ်သောက်စရာမလိုပါဘူး။ အသက်၁၀နှစ်ကနေ ၁၅နှစ်ကြားကလေးဆိုရင် 250mg ကနေ စတိုက်သင့်ပြီး မသက်သာမှ 500mg ဆေးကို တိုးတိုက်သင့်ပါတယ်။


အအေးမိတုပ်ကွေးနဲ့ ဖျားနာတာအတွက်ဆိုရင် လူကြီး 500mg တနေ့လေးကြိမ်ပါ ။ ၆နာရီခြားတကြိမ် အစာနဲ့အတူ တွဲသောက်နိုင်ပါတယ်။ အများဆုံး 1000mg တနေ့လေးကြိမ်ပဲ သောက်သုံးနိုင်ပါတယ်။ ၁၅နှစ်အောက်ကလေးတွေအတွက်ဆိုရင် အများဆုံး 500mg တနေ့လေးကြိမ်ပဲ သောက်သုံးသင့်ပါတယ်။ အသက် ၁၀နှစ်အောက် ကလေးတွေအတွက်ကိုတော့ ဆရာဝန် သို့ ဆေးဝါးပညာရှင်ရဲ့အကြံပြုချက်ကို ရယူပြီးမှသာ တိုက်ကျွေးသင့်ပါတယ်။ ဆေးသောက်ရမယ့်အချိန်ကျော်သွားခဲ့ရင် ဆေးကို တချိန်တည်းမှာ ၂လုံးသောက်သုံးဖို့မလိုဘဲ သတ်မှတ်ပမာဏအတိုင်းသာ သောက်သုံးနိုင်ပါတယ်။

 

ပါရာစီတမောမှာ နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ဂုဏ်သတ္တိနဲ့ အဖျားကျစေတဲ့ဂုဏ်သတ္တိဆိုပြီး အဓိကဂုဏ်သတ္တိနှစ်မျိုးသာ ရှိပါတယ်။ ရောင်ကိုင်းခြင်းကို သက်သာစေတဲ့ ဂုဏ်သတ္တိမရှိပါဘူး။ အဲ့ဒါကြောင့် အသင့်အတင့် နာကျင်ကိုက်ခဲမှုနဲ့ ဖျားနာခြင်းအတွက် သောက်သုံးဖို့ သင့်တော်ပါတယ်။

 

ပါရာစီတမောဟာ မိမိဘာသာဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးအမျိုးအစားဖြစ်ပေမယ့် လူတချို့အတွက် ခြွင်းချက်ရှိပါတယ်။ ပါရာစီတမောနဲ့ ဓာတ်မတည့်တတ်တဲ့သူတွေ(ရှားပါး)၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါရှိတဲ့သူတွေနဲ့ သွေးကျဲဆေး (Warfarin)သောက်သုံးနေရတဲ့သူတွေကတော့ ပါရာစီတမောကို မိမိသဘောနဲ့ သောက်သုံးဖို့ အန္တရာယ်မကင်းနိုင်ပါဘူး။ သာမန်လူတွေအတွက်လဲ တခါတရံ ဓာတ်မတည့်ရောဂါခံစားရခြင်းနဲ့ နှာခေါင်းသွေးယိုခြင်းမျိုးတွေကို ဘေးထွက်ဆိုးကျိုးအနေနဲ့ ရံဖန်ရံခါတွေ့ရတတ်ပါတယ်။

 

ပါရာစီတမော အလွန်အကျွံသောက်သုံးမိခြင်းဆိုတာက သတ်မှတ်ပမာဏထက်ကျော်လွန်ပြီး တစ်ရက်အတွင်း 10gလောက်ထိ သောက်သုံးမိခြင်း(1000mg ဆယ်လုံး သို့ 500mg အလုံးနှစ်ဆယ်)မျိုးပါ။ အလွန်အကျွံသောက်မိရင် ဘာတွေဖြစ်လာမလဲ။ ရောဂါလက္ခဏာသိပ်မပြင်းထန်ရင် မူးဝေအော့အန်၊ ဗိုက်နာတာမျိုး ခံစားရပါမယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ သွေးတွင်းအချိုဓာတ်ကျဆင်းခြင်း၊ အသည်းသွေးယိုခြင်း၊ အသည်းပျက်စီးခြင်း၊ ဦးနှောက်အရည်အိတ်တည်ခြင်းနဲ့ သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။ အသည်းကိုထိခိုက်စေတဲ့ပမာဏက တစ်ရက်အတွင်း 10g ထိသောက်သုံးခြင်းပါ။ ဆေးပမာဏ အလွန်အကျွံသောက်သုံးမိတာကို သိသိချင်း နီးစပ်ရာ ကျန်းမာရေးဌာနကို သွားရောက်ပြသရပါမယ်။ အချိန်တိုအတွင်း ဖြေဆေးပေးတာက အသက်ကယ်နိုင်ဖို့ အခွင့်လမ်းပိုများပါတယ်။

 

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလဲ တချို့အသေးစား ဖျားနာမှုနဲ့ နာကျင်ကိုက်ခဲမှုတွေအတွက် ဆေးပမာဏအနည်းဆုံးကို အန္တရာယ်ကင်းကင်းနဲ့ သောက်သုံးနိုင်ပါတယ်။

 

ပါရာစီတမောကို ဈေးကွက်မှာ Paracetamol နာမည်နဲ့ပဲ ရရှိနိုင်သလို Biogesics, Tylenol, Lensen စတဲ့ Brand တွေနဲ့လဲ ဝယ်ယူရရှိနိုင်ပါတယ်။ အဲ့ဒီဆေးတွေက paracetamol သက်သက်ပါ။ တချို့သော brand တွေဖြစ်တဲ့ Fluza, Mixagrip, Decolgen စတဲ့ဆေးတွေမှာတော့ paracetamol အပြင် နှာပိတ်တာ နှာစေးတာကို သက်သာစေတဲ့ တခြားဆေးတွေပါ ပေါင်းထည့်ထားပါတယ်။ လူအများစုမှားတတ်ကြတာက Paracetamol နဲ့ Decolgen တွဲသောက်ကြတာမျိုးပါ။ နှစ်မျိုးလုံးမှာ paracetamol ပါပြီးသားဖြစ်လို့ တစ်မျိုးတည်းသောက်ရင် လုံလောက်ပါတယ်။ အလားတူပဲ Decolgen နဲ့ Burmeton (Chlorpheniramine) တွဲသောက်တာမျိုးဟာလဲ (Chlorpheniramine) ဆေးကိုထပ်သွားစေပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးပိုများစေပါတယ်။

 

အအေးမိတုပ်ကွေးအတွက်ထုတ်ထားတဲ့ Fluza, Mixagrip, Decolgen ဆေးတွေကို ကြွက်သားနာကျင်မှုသက်သာစေဖို့ သောက်ရင်လဲ မလိုအပ်တဲ့ဆေးအပိုတွေ သောက်မိစေပါတယ်။ အဲ့ဒါတွေကြောင့် ပါရာစီတမော တမျိုးတည်းမဟုတ်တဲ့ ဆေးအရောတွေ မသောက်ခင် နားလည်တတ်ကျွမ်းသူကို မေးမြန်းသင့်ပါတယ်။


အနှစ်ချုပ်ပြီးပြောရရင် ပါရာစီတမောသီးသန့်ဆေးတွေကို အဖျားကျစေဖို့နဲ့ နာကျင်ကိုက်ခဲမှုသက်သာစေဖို့ မိမိဘာသာ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေလဲ အနည်းဆုံးပမာဏကို သောက်သုံးလို့ရပါတယ်။ ဖျားနာကိုက်ခဲရင်ဖြင့် အသက်အန္တရာယ်ရှိတဲ့ စပ်ဆေးတွေ ပြေးဝယ်ကြမယ့်အစား ပါရာစီတမောကိုသာ ပြောခဲ့တဲ့ပမာဏအတိုင်း ဘေးကင်းကင်းသောက်ကြပါ။ မိမိဘာသာ မသောက်သုံးသင့်သူတွေက အသက် ၁၀နှစ်အောက်ကလေးငယ်များ၊ အသည်းနဲ့ကျောက်ကပ်ရောဂါအခံရှိသူများ၊ သွေးကျဲဆေးသောက်သုံးနေသူများနဲ့ ပါရာစီတမော ဓာတ်မတည့်သူများပါ။ အလွန်အသုံးဝင်တဲ့ အိမ်သုံးဆေးဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း ချင့်ချိန်သောက်သုံးကြဖို့လဲ ထပ်လောင်းတိုက်တွန်းပါရစေ။ ။

 

ကြယ်စင်သန့် (ဆေးဝါး)

မြန်မာနိုင်ငံဆေးဝါးပညာရှင်များအသင်း

Read times
Rate this item
(7 votes)