What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 11 October 2020 08:34

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(၁၈) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေး ဖွင့်ပွဲအခမ်းအနားကို

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနား၌ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း နာယက၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင် ဖြစ်ပွားချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆေးနှင့် ဆေးပစ္စည်းများကို အပြိုင်အဆိုင်ဝယ်ယူခဲ့ကြပြီး မိမိတို့မြန်မာနိုင်ငံ အနေဖြင့်လည်း ဆေးနှင့် ဆေးပစ္စည်း များကို ဝယ်ယူရန်အတွက် အခက်အခဲရှိနေချိန်၌ အရည် အသွေးပြည့်မီ၍ သင့်တင့်သော ဈေးနှုန်းဖြင့် အချိန်မီ ဝယ်ယူရရှိနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ခဲ့ သည့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဝန်ထမ်းများကိုယ်စား ကျေးဇူး တင် ရှိပါကြောင်း၊ ပြည်သူများ အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ကြီးဌာနအား ယခုကဲ့သို့ ပံ့ပိုးခြင်း သည် ပြည်သူများအကျိုးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက် ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ဝန်ကြီး ဌာနရှိ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနသည် အမျိုးသားဆေးဝါးဥပဒေ၊ နှီးနွှယ် ဥပဒေများ၊ အာဆီယံနိုင်ငံများအကြား သဘောတူညီ သတ်မှတ် ချက်များနှင့် အညီ ဆေးနှင့် ဆေးပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသည် ဝန်ကြီးဌာန၏ အရေးကြီးသော မိတ်ဖက် အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဤအသင်းသည် နှစ်ပေါင်းများစွာ ပေါင်းစပ်၍ လုပ်ကိုင် ရမည်ဖြစ်သည့်အတွက် ရေရှည်ကာလအတွက် မျှော်မှန်းကာ ဝန်ကြီးဌာနနှင့် အသင်းတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်ထိရောက်စေရေးမူဘောင် များ၊ စနစ် (system) များ ရေးဆွဲ ဆောင်ရွက် ရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူ ဖြန့်ဖြူး ရေးဌာနစိတ် မှ တာဝန်ရှိသူများနှင့် အသေးစိတ် ဆွေးနွေးမှုများ အမြန်ဆုံး ပြုလုပ်စေလိုပါကြောင်း။

ထိုသို့ဆွေးနွေးရာတွင် ဝန်ကြီးဌာနမှ ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူဖြန့်ဖြူးခြင်း၊ ထောက်ပံ့ပို့ ဆောင်ခြင်း၊ တင်ဒါခေါ်ယူခြင်း၊ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်၊ ထောက်ခံချက် လက်မှတ် စီမံခန့်ခွဲမှုစနစ် စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အားနည်းချက်များ၊ လိုအပ်ချက်များအားအသင်းမှ ပညာရှင်များက ပွင့်လင်းစွာ အကြံပြုပြောကြားစေ လိုပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကုသရေးဦးစီးဌာန၏ ဆေး နှင့် ဆေးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေအား (၂၀၁၉-၂၀) ခု ဘဏ္ဍာနှစ်က (၁၄၇) ဘီလီယံကျပ်သာ အသုံးပြုခဲ့ရာမှ လာမည့် (၂၀၂၀-၂၁) ခုဘဏ္ဍာနှစ်တွင် (၃၀၀) ဘီလီယံ ကျပ်အထိ တိုးမြှင့် အသုံးပြုသွားရန် လျာထားသည့် အတွက် အရည် အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်တင့်သော ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူနိုင်ရန် သည် အထူး အရေးကြီးပါကြောင်း၊ ထိုသို့ ဝယ်ယူ ရာတွင် အရည်အသွေးမှန်ကန်သည့် ဆေးနှင့် ဆေး ပစ္စည်းများ ရွေးချယ်ဝယ်ယူ နိုင်ရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများအလိုက် အသေးစိတ် အချက် အလက်နှင့် အရည်အသွေး သတ်မှတ် ချက်များသည် အရေးကြီးပါကြောင်း၊ ဆေးနှင့် ဆေးပစ္စည်း အမျိုးအစား အလိုက် အသေးစိတ်အချက်အလက်နှင့် အရည်အသွေး သတ်မှတ်ချက်များကို စုံလင်စုစည်း ထားရှိမှု (specification bank) ပြုလုပ်ရာတွင် အသင်းမှ ပညာရှင်များက ဝန်ကြီးဌာနအား ပံ့ပိုး ဆောင်ရွက်စေ လိုပါကြောင်း၊ အသင်း၏ ရည်မှန်းချက်နှင့် ဦးတည်ချက်များ၊ ပင်မအခြေခံအလေးပေး တန်ဖိုးထားမှုများ နှင့် ချမှတ်ထားသော လုပ်ငန်းကျင့်ဝတ် (code of conduct) များသည် ကောင်းမွန်ပြီး အဆိုပါ အချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ကာ တိုးတက် ဖွံ့ဖြိုးသော အသင်းကြီးဖြစ်လာမည် ဖြစ်ပါ ကြောင်း၊ ဦးတည်ချက်များအနက် လုပ်ငန်းကျင့်ဝတ် ပီပြင်မှုသည် အသင်းကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အထူး အရေးကြီးပါကြောင်း၊ ပြည်သူများ အရည် အသွေးမှန်ကန်ပြည့်ဝပြီး အဖိုးနှုန်းသင့်တော်သည့် ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် အသင်းမှ ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးစေလိုပါကြောင်း။

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တည်ဆောက်ရာတွင်လည်း ပံ့ပိုးပါဝင်လှူဒါန်း ဆောင်ရွက်မှုများ အပါအဝင် အသင်းကြီးမှ များပြားသော လှူဒါန်းမှုများအတွက် ဝန်ကြီးဌာနမှ အရာထမ်းနှင့် အမှုထမ်း များ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ အသင်းကြီးအနေဖြင့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာ ကိစ္စရပ်များအား မည်ကဲ့သို့ ပံ့ပိုးနိုင် မည်ဆိုသည့် အသေးစိတ် အချက် အလက် များကိုလည်း သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရောဂါကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင် လည်း ထိရောက်သော ကာကွယ်ဆေး မပေါ်ပေါက်သေးသည့် ကာလတစ်လျှောက်လုံး၌ ရောဂါ ကူးစက်မှုလှိုင်းငယ်များ ရှိလာနိုင်သဖြင့် အသင်းအနေဖြင့် ဝန်ကြီးဌာနနှင့် ဆက်လက် လက်တွဲကြိုး ပမ်းဆောင်ရွက်စေလိုပါကြောင်း၊ အသင်းကြီး၏ နှစ်ပတ်လည် အစီရင်ခံစာများ ကိုလည်း ယခုထက် ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင် ရွက်ရမည့် လုပ်ငန်းများကို အတတ်နိုင်ဆုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း နာယက၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရေးကော်မတီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပြည်ပမှ ဆေးဝါးနှင့် ဆေးဝါး ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် UNOPS နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တို့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး လုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ် ခွင့်ပြုပေးကြောင်း၊ လှူဒါန်းသည့် ကိုဗစ်-၁၉ နှင့်သက်ဆိုင် သောဆေးဝါးများ တင်သွင်း ရာတွင် မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် FDA နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေလျှော့ဆောင်ရွက် ပေး လျက်ရှိပါကြောင်း။

ထို့ပြင် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သော ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ မှတ်ပုံတင်ခြင်း အပါအဝင် အခြားသော မှတ်ပုံတင်ခြင်းကိစ္စများ၊ ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားခြင်းများကို အွန်လိုင်း စနစ်ဖြင့် အပြည့်အဝကျင့်သုံးဆောင်ရွက်နိုင်ရေး ဆက်စပ်ဌာန များနှင့် ပေါင်းစပ်ကာ Tradenet 2.0 စနစ် အား အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊ ကိုဗစ်- နှင့် ပတ်သက်သော ဆေးဝါးများ ပုံမှန်တင်သွင်း နိုင်ရေး အပြင် ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် ရောဂါများနှင့် သက်ကြီးရွယ်အိုများအတွက် အသုံးပြုရသည့် ဆေးဝါးများ တင်သွင်းမှုကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ် ပါကြောင်း၊ ရေရှည်တွင် ပြည်တွင်း၌ဆေးဝါးထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွား ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဦးဇော်မိုးခိုင် က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အသင်းမှ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပံ့ပိုးပါဝင်မှုနှင့် လှူဒါန်းမှုများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကာ စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်း များဆောင်ရွက်ခဲ့မှု၊ ဆေးပစ္စည်းများဆိုင်ရာ ဥပဒေပေါ်ပေါက်လာရေး ပူးပေါင်း ဆောင်ရွက်နေမှု လုပ်ငန်း များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ (၂၀၂၀-၂၀၂၂) ခုနှစ် သက်တမ်းအတွက် ရွေးချယ်ခံရသော ဗဟိုအလုပ် အမှုဆောင်နှင့် အလုပ် အမှုဆောင် အဖွဲ့ဝင်စာရင်းကြေညာခဲ့ပြီး အစည်းအဝေး ပထမပိုင်းကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

 

Read times
Rate this item
(0 votes)