What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 30 January 2021 16:22

ဆီးချိုဆေးက ကျောက်ကပ်ထိလား

ဆီးချိုဆေးဆိုတာ ကျောက်ကပ်မထိပါဘူး။ ဆီးချိုရောဂါကမှသာ ကျောက်ကပ်ထိတာ။ မသောက်ဘဲနေ ပိုတောင် ထိသေး။

ဆီးချိုက ကျောက်ကပ်၊ မျက်လုံး၊ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောမျှင်တွေကို ထိတယ်၊ အာရုံကြောပါ ပါတယ်။ ဆီးချိုဆေးက အလွန်ဆုံးထိ အစားအသောက်ပျက်တာ၊ ဗိုက်နာတာ၊ အစာမကြေဖြစ်တာလောက်ပါပဲ။ ဒါလည်း ခဏပါပဲ။ နောက် နေသားကျသွားရော။ ဆီးချိုဆေးက အခုအချိန်မှာ အမျိုးအစား ၅ မျိုးကျော် ရှိတယ်။ အသုံးအများဆုံးက မက်ဖော်မင် (Metformin) ပေါ့။ သူက ကျောက်ကပ်ထိတဲ့ဘေးထွက်ဆိုးကျိုး တစ်ခုမှ မရှိဘူး။ ကျန်တဲ့ ဆေးအမျိုးအစားတွေလည်း ကျောက်ကပ် မထိပါဘူး။ စိတ်ချလက်ချ သောက်လို့ရတယ်။ ပတ်ဝန်းကျင်က စေတနာနဲ့ဆိုပေမယ့် ကျန်းမာရေး ဗဟုသုတလေးလည်းရှိနေမှ လက်ခံတာ ကောင်းပါတယ်။

နောက်ပြီး ဆီးချိုသမားတွေ စားရမယ့် အစားအသောက်နဲ့ ဆောင်ရန်၊ ရှောင်ရန် မေးလို့ ဖြေရှင်းပေးရပါသေးတယ်။ သမားတော်က မရှင်းပြဘူးလားဆိုတော့ မေးရမှာ ကြောက်လို့ မမေးဖြစ်ဘူးတဲ့။ အချိုရှောင်ပဲ သိတယ်တဲ့။ ရှင်းပြလက်စနဲ့ ကျွန်တော်လည်း ထပ်ရှင်းပြလိုက်ပါတယ်။ လူနာတွေရဲ့ ကျန်းမာရေးက ဆရာဝန်တွေအတွက် အဓိက ဦးစားပေးပဲလေ။

“ဆီးချိုသမားတွေက အချိုရှောင်ရတာ မှန်ပါတယ်။ အချိုကျတော့ ရှောင်ပြီး ထမင်းကိုပဲ တော်တော် စားကြတာတွေ့ရတယ်။ တကယ်က ထမင်းတို့၊ ပေါင်မုန့်တို့၊ ကိတ်တို့ကလည်း ကာဘိုဟိုက်ဒရိတ်တွေပဲ။ သွေးတွင်းအချိုဓါတ်ကို တက်စေတယ်။

ဆီးချိုသမားတွေ စားရမယ့် ပုံစံရှိတယ်။ ဆရာတို့က Plate Model လို့ ခေါ်ပါတယ်။ ပန်းကန်ပြားနည်းလမ်းပေါ့။ ကိုယ်စားမယ့် ပန်းကန်ကို ၄ ပုံ ပုံ။ ၂ ပုံကို ဟင်းသီးဟင်းရွက်ထည့်၊ ဟင်းရွက်ကြော်၊ ပန်းဂေါ်ဖီပွင့်ကြော် ကြိုက်ရာပေါ့။ ကျန် ၁ ပုံကို အသား၊ ငါး တစ်မျိုးမျိုး ထည့်၊ နောက်ဆုံး ၁ ပုံကိုမှ ထမင်းထည့် စားရတယ်။ ထမင်း ၄ ၅ ဇွန်းစာပေါ့။ ပြီးတော့ တစ်နေ့ကို မနက်၊ နေ့လည်၊ ညစာ တစ်ခါတည်း အကြီးကြီး စားတာထက်စာရင် တစ်နေ့ကို ၆ ကြိမ်ခွဲပြီး နည်းနည်းနဲ့ အကြိမ်ရေ များများစားတာကလည်း သွေးတွင်းအချိုဓါတ် အတက်၊ အကျဖြစ်တာ ပိုကောင်းကောင်းထိန်းပေးနိုင်တယ်တဲ့။ ဆီးချိုဓါတ်ကို ကောင်းကောင်း ထိန်းနိုင်သွားတာပေါ့။”

“အချိုဆိုလို့ လျှာပေါ်တင်လို့ ချိုတာ အကုန်သာရှောင်။ ဆီးချိုဓါတ် တက်နေရင် ပိုပြီးရှောင်။ ဘူးသွပ် အချိုရည်တွေ၊ ချိုတဲ့အသီးတွေ ရှောင်ရပါတယ်။ စားချင်ရင် တစ်နေ့ကို ငှက်ပျောသီး တစ်စိတ် ဒါမှမဟုတ် သရက်သီး တစ်စိတ်၊ ဒါမှမဟုတ် စပျစ်သီး ၈ လုံးလောက်ပဲ စားနိုင်ပါတယ်။ တစ်ပတ်ကို ၅ ရက်လောက် စားနိုင်ပါတယ်။ အဲထက်ပိုစားရင်တော့ ဆီးချိုတက်မှာပဲ” ဆိုပြီး ရှင်းပြလိုက်ပါတယ်။ နောက်ပြီး တတ်နိုင်လျှင် လေ့ကျင့်ခန်း တစ်ရက်ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက်လောက် လုပ်ပေးသင့်ကြောင်း၊ လေ့ကျင့်ခန်း လုပ်ပေးခြင်းက ဆီးချိုကို ထိန်းပေးနိုင်ရုံမက တခြားနာတာရှည်ရောဂါတွေပါ ကာကွယ်ပေးနိုင်ပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အချင်းချင်း ရိုင်းပင်းကူညီကြတဲ့ အကျင့်ကောင်းလေးတွေ ရှိကြပါတယ်။ တစ်ယောက်ယောက် မနာမကျန်းဖြစ်ရင် တစ်ယောက်က ပြုစုပေးတာမျိုး၊ တစ်ယောက်ရောဂါဖြစ်ရင် တစ်ယောက်က နည်းလမ်းပေးတာမျိုး လုပ်တတ်ကြပါတယ်။ စေတနာအရင်းခံပေါ့။ ဒါပေမဲ့ စေတနာအပြင် ပညာနဲ့ မှန်ကန်တဲ့ ဗဟုသုတလေးလည်း အခြေခံပါမှ ကိုယ့်နည်းပေး လမ်းပြမှုက ထိရောက်ပြီး တစ်ဖက်လူအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

ခုလည်း စေတနာကောင်းပေမယ့် ကျန်းမာရေး ဗဟုသုတနည်းတဲ့အတွက် လူနာ ဒုက္ခရောက်သွား ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဆိုတာ နာတာရှည်ရောဂါ ဖြစ်တယ်၊ ဆီးချိုဆေးတွေက ကျောက်ကပ်ကို မထိစေဘဲ ဆီးချိုရောဂါကသာ ကျောက်ကပ်ကို ပျက်စီးသွားစေတဲ့အထိ ထိခိုက်နိုင်ကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read times
Rate this item
(0 votes)