What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 February 2021 09:22

COVID ကာကွယ်ဆေးထိုးနှံမှုအခြေအနေ

တပ်မတော်က အာဏာသိမ်းကြောင်း ကြေညာလိုက်တာကြောင့် အုပ်ချုပ်ရေးမှာ အပြောင်းအလဲတွေ ရှိနေပေမဲ့

ကာကွယ်ဆေး ထိုးနှံတဲ့ အစီအစဉ် အပါအဝင် ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေကို မထိခိုက်အောင် ပြင်ဆင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိ တဦးက ပြောပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဇန်နဝါရီလနှောင်းပိုင်းမှာ ပထမဆုံးအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် အများပြည်သူကို ဒီလဆန်းကစ ထိုးပေးဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း တပ်မတော်က အာဏာသိမ်းခဲ့ပြီနောက် အစီအစဉ်မှာ အပြောင်းအလဲတချို့ ရှိနိုင်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက် ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောပါတယ်။

" ကာကွယ်ဆေးထိုးဖို့ကိစ္စကိုတော့ အပြောင်းအလဲမရှိလောက်ပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံရေးအခြေအနေနဲ့ မဆိုင်ဘဲနဲ့ အဆင်သင့်ဖြစ်ဖို့တော့လိုပါတယ်။ ကျမတို့ကျန်းမာရေးဝန်ထမ်းတွေ ထိုးခဲ့တဲ့အပေါ်မှာ ဒီအားနည်းချက်၊ အားသာချက်လေးတွေကို ဆန်းစစ်ပြီးတော့ အကောင်းဆုံးထိုးဖို့ စီစဉ်ရမှာဆိုတော့လေ။ စောစောကလို (ဖေဖော်ဝါရီ) ၅ရက်နေ့မှာလည်း အများကြီးစဖို့အတွက် အဆင်ပြေချင်မှ ပြေပါမယ်။ အဲတော့ ၅ရက်နေ့ စပြီဆိုသော်ငြားလည်း ဖြေးဖြေးချင်းစဖို့လုပ်သွားမှာပါ ... မကြာခင်လည်း ထုတ်ပြန်ပါမယ်။ "

အခုစတင်ထိုးပေးနေတဲ့ အိန္ဒိယနိုင်ငံကနေ မေတ္တာလက်ဆောင်ရရှိထားတဲ့ ကာကွယ်ဆေး အလုံးရေ ၁သန်းခွဲအပြင်၊ နောက်ထပ်ရရှိလာမယ့် ကာကွယ်ဆေးတွေပေါ်မူတည်ပြီးတော့ အဆင့်လိုက်ထိုးနှံပေးသွားနိုင်ဖို့ နည်းပညာအစီအစဉ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဒေါက်တာထားထားလင်းက ပြောပါတယ်။ ပထမအသုတ်စတင်ခဲ့တဲ့ ဇန်နဝါရီလ ၅ရက်တာကာလအတွင်းမှာ လူဦးရေ ၁သိန်းကျော်ကို ထိုးနှံပေးခဲ့တာပါ။

ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အချိန် ၅ရက်ကနေ ၁၅ ရက်တာ ကာလအတွင်းမှာဆောင်ရွက်သွားဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်မှန်းထားပြီး၊ ပြည်သူတွေကိုထိုးပေးမယ့် အသုတ်အတွက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

" ကိုဗစ်ကာကွယ်ဆေးထိုးတာတော့ ကျနော်တို့ပြီးခဲ့တဲ့ စနေနေ့အထိ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ နောက်ထပ်ဆောင်ရွက်မယ့် အစီအစဉ်ကတော့ ဝန်ကြီးဌာနကညွှန်ကြားလာတဲ့အတိုင်း ကျနော်တို့ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ ကျနော်တို့ကို တာဝန်ပေးထားတဲ့ Population ပေါ့ ... ကျနော်တို့ ဒီကျန်းမာရေးဝန်ထမ်းတွေ အဲဒါတွေအားလုံးတော့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ "

VOA

Read times
Rate this item
(0 votes)