What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 September 2021 17:42

ဘင်္ဂလားဒေ့ရှ် ကာကွယ်ဆေး သိပ္ပံပညာရှင်တစ်ဦး အာရှ၏ နိုဘယ်ဆု ရရှိ

ကာလဝမ်းရောဂါကာကွယ်ရန် စျေးသက်သာသည့် ကာကွယ်ဆေး (သောက်ဆေး) ထုတ်လုပ်မှုတွင် အကူအညီပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သိပ္ပံပညာရှင်တစ်ဦး၊

ပါကစ္စတန်နိုင်ငံသား အသေးစားငွေချေးလုပ်ငန်း စွန့်ဦးတီထွင်သူတစ်ဦးနှင့် ဖိလစ်ပိုင်တံငါသည် တစ်ဦးတို့သည် သြဂုတ် ၃၁ ရက်က အာရှ၏ နိုဘယ်ဆုရရှိသူများတွင် အပါအဝင် ဖြစ်လာခဲ့သည်။

လေယာဉ်ပျက်ကျမှုတစ်ခုတွင် သေဆုံးခဲ့သည့် ဖိလစ်ပိုင်သမ္မတအမည်ကို အစွဲပြု၍ ပေးထားသော ရာမွန်မက်ဆေးဆေးဆုကို ရရှိခဲ့သူငါးဦးတွင် အသက် ၇၀ အရွယ် ဖာဒေါဆီကာဒရီသည် ၎င်း၏ဘဝတစ်လျှောက် သိပ္ပံပညာရပ်အပေါ်တွင် မြှုပ်နှံထားပြီး ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် မမောမပန်း ပံ့ပိုးကူညီမှုများအတွက် ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရှိ ဝမ်းလျှောရောဂါ သုတေသနဆိုင်ရာ နိုင်ငံတကာ စင်တာတွင် အလုပ်လုပ်ကိုင်နေသော ကာဒရီသည် ကာလဝမ်းရောဂါနှင့် အူရောင်ငန်းဖျား ရောဂါကို တိုက်ဖျက်ရန် ပိုမိုစျေးနှုန်းသက်သာသည့် ကာကွယ်ဆေးများကို တီထွင်ထုတ်လုပ်မှုတွင် အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြောင်း မနီလာအခြေစိုက် ဆုပေးမှုဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ဘက်ပိုင်းရှိ ကော့ဘဇားတွင် ဒုက္ခသည်စခန်းများ၌ ကာလဝမ်းရောဂါကို ကာကွယ်ရန် လူအစုလိုက် ကာကွယ်ဆေးတိုက်ကျွေးမှု အားထုတ်ကြိုးပမ်းမှုတွင် ကာဒရီသည် ဦးဆောင်လုပ်ကိုင်ပေးခဲ့သည်။

ကာလဝမ်းရောဂါကြောင့် ပြင်းထန်သော ဝမ်းလျှောခြင်းကိုဖြစ်စေပြီး မသန့်ရှင်းသော အစားအစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။ ထို့ပြင် ကာဒရီသည် ဘင်္ဂလားဒေ့ရှ်၏ သိပ္ပံနည်းကျသုတေသနစွမ်းရည်ကို တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ခဲ့သူလည်း ဖြစ်သည်ဟု ဆိုသည်။

ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာရပ်များကို တိုက်ဖျက်ပေးနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဂုဏ်ပြုဆုများချီးမြှင့်ပေးရန် ရာမွန်မက်ဆေးဆေးဆုချီးမြှင့်မှုကို ၁၉၅၇ ခုနှစ်က စတင်ပြုလုပ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် ယင်းဆုပေးပွဲအခမ်းအနားကို ဖျက်သိမ်းခဲ့ရပြီးနောက် ယခုနှစ်တွင် အွန်လိုင်းမှ ပြုလုပ်ကျင်းပခဲ့သည်။


အသက် ၆၄ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသား မူဟာမက်အမ်ဂျက်ဆာကစ်သည် သန်းနှင့်ချီသည့် ဆင်းရဲချို့တဲ့သူများကို အကူအညီဖြစ်စေခဲ့သော ၎င်း၏ ပထမဆုံးအတိုးလွတ်နှင့် အပေါင်ပစ္စည်းမပါသည့် အသေးစားငွေချေးလုပ်ငန်း အစီအစဉ်ကြောင့် ယင်းဆုကို ရရှိခဲ့သည်။

နောက်ထပ်ဆုရရှိသူတစ်ဦးမှာ အသက် ၅၃ နှစ်အရွယ် ဖိလစ်ပိုင်တံငါသည် ရောဘတ် တိုဘယ်လွန်ဆိုသူ ဖြစ်ပြီး ၎င်းသည် လမုတောများကြောင့် ပျက်စီးနေသော စွန့်ပစ်ရေကန်များရှိသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါ နာအိုပြည်နယ်တွင် သေအံ့ဆဲဆဲ တံငါလုပ်ငန်းကို ပြန်လည်အသက်သွင်းမှုတွင် အကူအညီပေးခဲ့သောကြောင့် ဆုရရှိခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်များ၊ သဘာဝဘေးဒဏ်ခံစားရသူများနှင့် အာရှတွင် ကလေးစစ်သားများကို စာသင်ကျောင်းသို့ ပြန်လည်ပို့ဆောင်ပေးရာတွင် အကူအညီပေးခဲ့သည့် ဖိလစ်ပိုင်အခြေစိုက် နိုင်ငံတကာ NGO အသိုက်အဝန်းနှင့် မိသားစုဝန်ဆောင်မှုကို တည်ထောင်သူ အမေရိကန်နိုင်ငံသား စတီဗင်မွန်စီနှင့် လွတ်လပ်သောမီဒီယာ အဖွဲ့အစည်းအတွက် အလွန်အခြေခံကျသော ကြိုးပမ်းဆောင်ရွက်မှုများအတွက် လူ့အခွင့်အရေး၊ လူမှုရေးဆိုင်ရာမျှတမှုနှင့် သဘာဝပတ်ဝန်းကျင်ကို အာရုံစိုက်လုပ်ဆောင်နေသည့် အင်ဒိုနီးရှားမှတ်တမ်းရုပ်ရှင် ရိုက်ကူးရေး Watchdoc အဖွဲ့တို့ကိုလည်း ယင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့သည်။

Read times
Rate this item
(1 Vote)