What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 03 October 2021 09:23

အိန္ဒိယနိုင်ငံမှ COVID-19 ကာကွယ်ဆေးများ အောက်တိုဘာလအတွင်း ရောက်ရှိနိုင်

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေးများ အောက်တိုဘာလအတွင်း အဆိုပါနိုင်ငံမှ ပေးပို့ရန်ရှိကြောင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက နိုင်ငံပိုင်သတင်းစာသို့ ဖြေကြားထားချက်များအရ သိရသည်။

“အိန္ဒိယကနေ သန်း ၃၀ ကာကွယ်ဆေးတွေ ဝယ်ယူတယ်။ သို့သော် အားလုံးသိတဲ့အတိုင်း နှစ်သန်းပဲရတယ်။ လက်ဆောင်ပေးတာ တစ်သန်းခွဲရတယ်။၂၈ သန်းက အိန္ဒိယမှာလည်း ရောဂါဖြစ်ပွားမှုတွေက များတယ်။ အခုလက်ရှိ အကြီးအကျယ်ကာကွယ်ဆေးတွေ ထိုးနေတုန်းပဲ။ ရောဂါဖြစ်ပွားမှု လျော့နေပေမယ်လို့‌။ အဲဒီအခါမှာ သူတို့အနေနဲ့ ဝယ်ယူထားတဲ့နိုင်ငံတွေကို ပေးပို့နိုင်ခြင်းမရှိဘူး။ သို့သော် အောက်တိုဘာလမှာ ပြန်လည်ပေးပို့မယ်ဆိုပြီး ရှိပါတယ်။ သို့သော် အိန္ဒိယနိုင်ငံက ကာကွယ်ဆေးတွေ ရရှိနိုင်မှုအနေနဲ့ နည်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ တရုတ်နိုင်ငံကနေပြီးတော့ ကာကွယ်ဆေးတွေ အမြောက်အမြား ဝယ်ယူတယ်။ ရုရှားနိုင်ငံကနေ ဝယ်တယ်။ ဒီကာကွယ်ဆေးတွေလည်း လက်ရှိထိုးနှံနိုင်တယ်။ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေသည်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အရေးပေါ် အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ ဖြစ်တယ်” ဟု ၎င်းကပြောကြားသည်။

အိန္ဒိယနိုင်ငံမှ မှာယူထားသည့် ကာကွယ်ဆေးများ အချိန်မီမတင်ပို့နိုင်ချိန်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ COVID-19 ကာကွယ်ဆေးများ မှာယူခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၉ ရက်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအ‌နေဖြင့် ပထမအကြိမ်ထိုးပြီးသူ လေးသန်း၊ နှစ်ကြိမ်ထိုးပြီးသူ ၃ ဒသမ ၇၉ သန်း၊ ထိုးနှံပြီးသူစုစုပေါင်း ၇ ဒသမ ၈ သန်း၊ ကာကွယ်ဆေး အကြိမ်ရေပေါင်း ၁၁ ဒသမ ၆ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုရရှိရန် လိုအပ်နေ‌ပြီး ယင်းကဲ့သို့ လွှမ်းခြုံနိုင်ရုံဖြင့် ကပ်ရောဂါကို မထိန်းချုပ်နိုင်သေးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းနှင့်အတူ အခြားသော COVID-19 စည်းကမ်းများကိုလည်း ဆက်လက်လိုက်နာရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိတစ်ရက်လျှင် COVID-19 ရောဂါ ကာကွယ်ဆေး သုံးသိန်းခန့်အထိ တိုးချဲ့ထိုးနှံပေးနေပြီး ကာကွယ်ဆေး အလုံးရေ ၁၅ သန်း ၆ သိန်းရရှိထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီမှစ၍ COVID-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။


ကာကွယ်ဆေးများကို များများနှင့်မြန်မြန် ထိုးနှံပေးနိုင်ရန်အတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများရရှိရန် ဆက်လက်ညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၄ ရက်မှစ၍ ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။

ယင်းသို့ ထပ်မံတိုးချဲ့ထိုးနှံရာ၌ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထု၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

news-eleven.com

Read times Last modified on Sunday, 03 October 2021 09:26
Rate this item
(1 Vote)