What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 31 October 2021 09:22

တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ကာကွယ်ဆေး ၂၄ သန်းအနက် သန်း ၂၀ ရောက်ရှိ

တရုတ်နိုင်ငံမှ ဝယ်ယူချုပ်ဆိုထားသည့် COVID-19 ရောဂါကာကွယ်ဆေး Sinopharm ၂၄ သန်းအနက် မြန်မာနိုင်ငံသို့ စုစုပေါင်း သန်း ၂၀ ရောက်ရှိထားပြီး လာမည့်နိုဝင်ဘာတွင် လေးသန်းရောက်ရှိမည်ဖြစ်ကာ ထပ်မံညှိနှိုင်းဝယ်ယူရန် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၂၃ ရက်အထိ ကာကွယ်ဆေးများ ရောက်ရှိမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၂၀ သန်း၊ Sinovac နှစ်သန်း စုစုပေါင်းသန်း ၂၄ ရောက်ရှိပြီးဖြစ်ပြီး တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံက လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး ရှစ်သန်းကျော်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများ ပထမအသုတ် လေးသန်းသည် စက်တင်ဘာ ၁၂ ရက်တွင်လည်းကောင်း၊ ဒုတိယအသုတ်လေးသန်းသည် စက်တင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ တတိယအသုတ်လေးသန်းသည် အောက်တိုဘာ ၂ ရက်တွင်လည်းကောင်း၊ စတုတ္ထအသုတ်လေးသန်းသည် အောက်တိုဘာ ၁၅ ရက်နှင့် ပဥ္စမအသုတ်လေးသန်းသည် အောက်တိုဘာ ၂၂ ရက်တွင် ရောက်ရှိသဖြင့် စုစုပေါင်းကာကွယ်ဆေး သန်း ၂၀ ရောက်ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိတစ်ရက်လျှင် COVID-19 ကာကွယ်ဆေး သုံးသိန်းခန့်အထိ တိုးချဲ့ထိုးနှံပေးနေကြောင်းသိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများရရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီးသည့်အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း စသည့်ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၌ အသက် ၁၈ နှစ်အထက် ၃၆ ဒသမ ၉ သန်းရှိပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးရမည် ဖြစ်သည့်အတွက် လက်ရှိအနေအထားအရ မရှိသေးကြောင်းနှင့် အမြန်ဆုံးရရှိရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံခြင်း မရရှိသေးသောသူများအနေဖြင့် ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်စွာ ခံစားရနိုင်ခြေနှင့် ရောဂါကြောင့် သေဆုံးနိုင်ခြေသည် အကြိမ်ပြည့်ထိုးနှံခြင်း ခံယူထားသူများနှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားခြင်းကြောင့် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများကိုလည်း အမြန်ဆုံးထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ယင်းကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ဦးစားပေးကာ အစီအစဉ်အလိုက် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ခံယူ၍ ရောဂါမရှိစေရေးဆောင်ရွက်ထားနိုင်မှသာ မိမိအတွက်လည်း ရောဂါကူးစက်မှုမရှိစေရေး လုံခြုံစိတ်ချရမှုရရှိမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး လွှမ်းခြုံမှုမြင့်မားလာသည်နှင့်အတူ ရောဂါကူးစက်ဖြစ်ပွားသေဆုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မည်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း ကာကွယ်ဆေး သာတူညီမျှစွာ ရရှိရေးအတွက် အကြံပြုထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)