What's New




Tuesday, 10 October 2023 08:41

အဆိပ်ပြင်းသော်လည်း ပန်းသေပန်းညှိုးခြင်းအတွက် ဆေးဘက်ဝင်သည့် ဘရာဇီး ငှက်ပျောပင့်ကူ

အဆိပ်ပြင်းသော်လည်း ပန်းသေပန်းညှိုးခြင်းအတွက် ဆေးဘက်ဝင်သည့် ဘရာဇီး ငှက်ပျောပင့်ကူ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဘရာဇီးလ် အဆိပ်ပြင်း ငှက်ပျောပင့်ကူများသည် 'မိနစ်အနည်းငယ်' တွင် လိင်အင်္ဂါချို့ယွင်းမှုကို ကုသရန် ဆေးဘက်ဝင်သဖြင့် ဘရာဇီးလ်ကုမ္ပဏီတစ်ခုက လိင်အင်္ဂါပြဿနာများကို ကုသရန် လိမ်းဆေးကို ငှက်ပျောပင့်ကူ အဆိပ်ကို နမုနာယူပြီး ထုတ်လုပ်ရောင်းချရန် စီစဉ်ဆောင်ရွက်နေသည်။

ထပ်မံ သုတေသနပြုချက်များအရ ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူစာရင်းထဲ ပါဝင်သည့် ငှက်ပျောပင့်ကူ၏ အဆိပ်သည် ဆီးကျိတ်ကင်ဆာကို ကုသရန်အတွက်လည်း အသုံးတည့်ကြောင်း သိရသည်။

 

လွန်ခဲ့သော ဆယ်စုနှစ် သုံးခုက ဘရာဇီးသုတေသီများသည် ငှက်ပျောပင့်ကူ ကိုက်ခံရခြင်း၏ ဘေးထွက်ဆိုးကျိုးများကို စတင်လေ့လာခဲ့ကြသည် ။

ငှက်ပျောပင့်ကူ အကိုက်ခံရသည့် အမျိုးသားလူနာသည် အဆိပ်ဒဏ်ကြောင့် နာကျင်က်ုက်ခဲခြင်းနှင့် လိင်အင်္ဂါ အချိန်ကြာကြာ ဆက်တိုက်မာနေခြင်း (priapism) လက္ခဏာများ ပြသသည်ကို တွေ့ကြသည်။

သို့ဖြစ်ရာ ပန်းသေပန်းညှိုးခြင်း erectile dysfunction အတွက် လိမ်းဆေး အဆီပျစ်ကို ငှက်ပျောပင့်ကူ၏ အဆိပ်မှ မော်လီကျူးများကို နမူနာယူပြီး ဆင်တူ မော်လီကျူးများ တုပထုတ်လုပ်ရန် စိတ်ကူး ရရှိခဲ့ကြသည်။

ယခုအခါ ဆေးဝါးကုသမှု လက်တွေ့ စမ်းသပ်သည့် အဆင့်သို့ ရောက်ရှိနေပြီး အလားအလာကောင်းကြောင်း တွေ့ကြရသည်။

 

 အညိုရောင် အမွေးထူထူများ ဖုံးလွှမ်းထားသော ငှက်ပျောပင့်ကူသည် အရွယ်အစား ၁၅ စင်တီမီတာ (၆ လက်မ) အထိ ရှိပြီး ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံးပင့်ကူများထဲမှာ ပါဝင်သည်။

 

တောင်အမေရိကနိုင်ငံတော်တော်များများမှာ တွေ့ရပြီး ငှက်ပျောစိုက်ခင်းများတွင် တွေ့နေကျ ဖြစ်သဖြင့် ငှက်ပျောပင့်ကူဟု အမည်တွင်သည်။ 

 

ဘရာဇီးအရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်တွင် ငှက်ပျောပင့်ကူကို ကျေးလက်ဒေသများအပြင် မြို့လယ်ခေါင်များတွင်လည်း တွေ့ရှိရသည်။

 

Minas Gerais ပြည်နယ် မြို့တော် Belo Horizonte တွင် တည်ရှိသော ဆေးဝါးသုတေသနဌာန Ezequiel Dias Foundation (FUNED) တွင် ဇီဝပညာရှင်သည် ငှက်ပျောပင့်ကူတစ်ကောင်ကို ညင်သာစွာ ဖမ်းယူပြီး ဇာဂနာဖြင့် ပင့်ကူ၏ အစွယ်များကို တို့ထိက အဆိပ်အနည်းငယ် ထုတ်ယူသည်။ 

ရလာသော အဆိပ်များကို FUNED က Federal University of Minas Gerais (UFMG) သို့ ပေးပို့သည်။ ပန်းသေပန်းညှိုးခြင်းကို ကုသရန် အသုံးတည့်မည့် မော်လီကျူးများကို အဆိပ်နမူနာမှ  ရယူပြီး ဆင်တူမော်လီကျူး အတုများ ထုတ်လုပ်နိုင်ရန် သုတေသန လုပ်ကိုင်သည်။

အဆိပ်မှ ဆေးဘက်ဝင် မော်လီကျူး၏ ဂုဏ်သတ္တိများကို လေ့လာစူးစမ်းကြသည်။

 

ဆေးဘက်ဝင် မော်လီကျူးကို ဘရာဇီး ဇီဝနည်းပညာကုမ္ပဏီ Biozeus က မူပိုင်ခွင့် ဝယ်ယူသည်။

ကုမ္ပဏီက လိမ်းဆေးအဆီပျစ် ရောင်းချဖို့ ရည်ရွယ်ထားသည်။ လိုအပ်သည့်အခါ လိင်အင်္ဂါပေါ် လိမ်းပေးလိုက်ပါက မိနစ်အနည်းငယ်အတွင်း လိင်အင်္ဂါ မာတောင်သည့် ရလဒ်ကို ရရှိမည်ဟု UFMG မှ သုတေသီ Maria Elena de Lima က ပြောကြားသည်။

မော်လီကျူးသည်  နိုက်ထရစ်အောက်ဆိုဒ်ကို ထုတ်ပေးသည်။ နိုက်ထရစ်အောက်ဆိုဒ်က သွေးလည်ပတ်မှုကို တိုးစေပြီး သွေးကြောများကို ကျယ်စေသောကြောင့် လိင်အင်္ဂါ ကြီးထွားမာတောင်သည့် အဖြစ်ကို ရရှိစေသည်။

"ဒီသုတေသနဟာ ဆီးအကျိတ်ကင်ဆာကို တိုက်ဖျက်ရာမှာ အထူးအသုံးဝင်နိုင်တယ်"ဟု De Lima က ပြောကြားသည်။

ဆေးဝါးကုသမှု လက်တွေ့ စမ်းသပ်သည့် အဆင့် ၃ ဆင့်တွင် ပထမအဆင့်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံမှ အတည်ပြုချက် ရရှိခဲ့သည်။ ယခုအခါ ဒုတိယအဆင့် စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု သူမက ပြောကြားသည်။

Source medical express


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Tuesday, 10 October 2023 08:42
Rate this item
(0 votes)