What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 November 2021 20:14

ကိုဗစ်-၁၉ မျိုးကွဲ ဗိုင်းရပ်စ် အိုမီခရွန် ကူးစက်မှုအန္တရာယ် အလွန်မြင့်မား၊ ကာကွယ်ဆေးထိုးနှံမှုက အရေးကြီးဆုံးဖြစ်သည်ဟု WHO ပြောကြား

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အိုမီခရွန်သည် ကမ္ဘာတစ်ဝန်း ကူးစက်မှု တစ်ဟုန်တိုးမြင့်မားလာမည့်

“အန္တရာယ် အလွန်များ”ပြီး အချို့ဒေသများတွင် ဆိုးဝါးသည့် နောက်ဆက်တွဲများ ဖြစ်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
သိပ္ပံပညာရှင်များက အိုမီခရွန် ဗိုင်းရပ်စ် မျိုးကွဲကို လေ့လာမှုများ လျင်မြန်စွာ ပြုလုပ်နေသည့်တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဖွဲ့ဝင်များအား တတ်နိုင်သမျှ ကိုဗစ်ကာကွယ်ဆေးအရှိန်မြှင့်တင်ထိုးနှံကြရန် တိုက်တွန်းလိုက် သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယင်းနေ့တွင် ထုတ်ပြန်သည့် စာတမ်းတစ်ခုတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်၏ စူးချွန်ပရိုတင်း(Spike protein) ပြောင်းလဲမှုအရေအတွက်က ယခင်ကမရှိခဲ့ဖူးကြောင်း၊ ၎င်းတို့အနက် အချို့၏ပြောင်းလဲမှုမှာ ကပ်ရောဂါအခြေအနေအလားအလာကို ပြောင်းလဲနိုင်ရာ စိုးရိမ်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။ ၎င်းမျိုးကွဲဗိုင်းရပ်စ်သည် လက်ရှိတွင် “မသေချာမရေရာမှုများ အတော်များများ”ရှိနေသေးကြောင်း၊ သို့သော် ကနဦး သက်သေပြုချက်များအရ ယင်းမျိုးကွဲဗိုင်းရပ်စ်၏ ပြောင်းလဲမှုသည် ကိုယ်ခံစွမ်းအားကို ရှောင်ကွင်းနိုင်စွမ်းသည့်တစ်ချိန်တည်းတွင်ပင် ကူးစက်နိုင်စွမ်းအား ပို၍ ကောင်းကြောင်း ဟု ဖော်ပြထားသည်။
“အဆိုပါ ဝိသေသလက္ခဏာများကို အခြေခံပြီး ကိုဗစ်လူနာဦးရေသည် နောင်တွင် တစ်ဟုန်တိုး တိုးပွားလာနိုင်ရာ ထိုမှတစ်ဆင့် ဆိုးဝါးသည့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်ကြောင်း၊ ၎င်းမှာ အကြောင်းအရင်းများစွာက ဆုံးဖြတ်ခြင်းဖြစ်ရာ လူနာဦးရေတိုးပွားလာသည့်နေရာတွင် ဖြစ်နိုင်ကြောင်း”အဆိုပါစာတမ်းက ဆိုသည်။ ယေဘုယျအားဖြင့် ဆိုရသော် အိုမီခရွန်သည် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ကူးစက်မှုအန္တရာယ် “အလွန်မြင့်မား”မည်ဟု သုံးသပ်ထားကြောင်း သိရသည်။
APသတင်းဌာန၏ ပြောကြားချက်အရ ၎င်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ယနေ့အထိ အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အတွက် ထုတ်ပြန်သည့် အပြင်းထန်ဆုံး သတိပေးချက်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က “ကျွန်တော်တို့ထဲမှာ လူတော်တော်များများက ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်မှုမှာ မဆိုးဘူးလို့ ထင်မှတ်နေကြတယ်။ သူနဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး”ဟု ဆိုသည်။
တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက်က ဓါတ်ခွဲနမူနာအတွင်း ကိုရိုနာဗိုင်းရပ် ဗီဇာပြောင်း မျိုးကွဲ B.1.1.529 ကို ပထမအကြိမ် တွေ့ရှိခဲ့သည်။ တိုတောင်းလှသည့် ရက်သတ္တပတ် ၂ ပတ်ကြာကာလအတွင်း ဤမျိုးကွဲဗိုင်းရပ်စ်သည် တောင်အာဖရိက Gauteng ပြည်နယ် ကိုဗစ်ကူးစက်လူနာများအနက် အများစု ဖြစ်လာခဲ့သည်။ နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၎င်းအား အိုမီခရွန်(Omicron)ဟု အမည်ပေးခဲ့သည်။ ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အစီရင်ခံစာကို ယနေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံရရှိခြင်းမရှိသေးကြောင်း ၊ ကမ္ဘာတွင်လည်း ၎င်းမျိုးကွဲဗိုင်းရပ်စ်၏ ကူးစက်နိုင်စွမ်း၊ ရောဂါဖြစ်ပွားနိုင်စွမ်း၊ ဒုတိယအကြိမ် ကူးစက်နိုင်သည့်အန္တရာယ်နှင့် ကိုယ်ခံစွမ်းအားကို ရှောင်ကွင်းနိုင်စွမ်းစသည့်တိုတွင် စနစ်ကျသည့် သုတေသန ကိန်းဂဏန်များ မရရှိသေးကြောင်း သိရသည်။
ဗီဇပြောင်း မျိုးကွဲဗိုင်းရပ်ကို ရင်ဆိုင်ဖို့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဖွဲ့ဝင်နိုင်ငံနှင့်ဒေသ ၁၉၄ ခုသို့ ကိုဗစ်ကာကွယ်ဆေး အရှိန်မြှင့်တင်ထိုးနှံကြရန် အထူးသဖြင့် ကူးစက်မှုအန္တရာယ်များ လူအုပ်စုများ၏ ကိုဗစ်ကာကွယ်ဆေးထိုးနှံနှုန်းကို မြှင့်တင်ကြရန် နောက်ထပ်တစ်ကြိမ်တိုက်တွန်းထားသည်။
ကူးစက်ရောဂါကြိုတင်ကာကွယ်ပြင်ဆင် ဆန်းသစ်တီထွင်ရေးပူးပေါင်းအဖွဲ့(CEPI) အမှုဆောင်အရာရှိချုပ် Dr Richard Hatchettက “ဗိုင်းရပ်စ်က ကာကွယ်ဆေးရရှိရန် မလွယ်ကူတဲ့ဒေသတွေမှာ ကူးစက်မှုမြန် သန္ဓေပြောင်းမြန်တယ်ဆိုတဲ့ သိပ္ပံပညာရှင်များ၏ ကြိုတင်ခန့်မှန်းတွက်ချက်မှုကို အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ပေါ်ထွက်လာမှုက အတိအကျသက်သေပြလိုက်ခြင်းဖြစ်တယ် ”ဟု ဆိုသည်။
ယခုနားလည်ထားသည့် အခြေအနေပေါ်မှာအခြေခံ၍ လက်ရှိ ရှိနေသည့်ကိုဗစ်ကာကွယ်ဆေးများက အိုမီခရွန် မျိုးကွဲဗိုင်းရပ်အပေါ် အလားတူ ထိရောက်မှုရှိကြောင်းနှင့်”ဆေးရုံတင်ကုသမှုနှင့် ရောဂါပြင်းထန်မှုကို ကြိုတင်ကာကွယ်ရာတွင် ထိရောက်မှုမြင့်မား”ကြောင်း တောင်အာဖရိက အဆင့်မြင့် ကျန်းမာရေးပညာရှင် Salim Abdool Karimက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
APသတင်းဌာန၏ သတင်းများအရ တောင်အာဖရိကတွင် ယနေ့အထိ အစီရင်ခံထားသည့် ထပ်တိုးကိုဗစ်လူနာအများစုသည် ရောဂါလက္ခဏအပျော့စားသာရှိပြီး အသက် ၂၀၊ ၃၀ အရွယ် လူငယ်ပိုင်းများကြောင်း သိရသည်။ သို့သော်လည်း ဤကိန်းဂဏန်းများဖြင့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်အား အတိအကျကောက်ချက်ချရန် အချိန်စောလွန်းနေသေးကြောင်း တောင်အာဖရိက ပညာရှင်များက သတိပေးထားသည်။

(Xinhua)

Read times
Rate this item
(0 votes)