What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 March 2020 13:12

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၁) ဦး သေဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

90251442_832926683874316_4730726126572273664_n.png

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case – 05) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည် -

 

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် အမျိုးသား (၁) ဦးသည် ၎င်းတွင် နှာခေါင်းကင်ဆာရောဂါရှိကြောင်းကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်းမာရေးစစ်ဆေးသိရှိခဲ့ပြီး ၎င်းနှာခေါင်းကင်ဆာရောဂါအတွက် ဓာတ်ရောင် ခြည်ကုထုံး (radiation therapy) ကို ဩစတြေးလျနိုင်ငံ၌ (၂၀၁၉) ခုနှစ်၊ မေလအထိခံယူခဲ့ပါသည်။

 

၂။ အဆိုပါ အမျိုးသားသည် (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျန်းမာရေးပြန်လည်စစ်ဆေးမှု ခံယူရန်အတွက် ဩစတြေးလျနိုင်ငံသို့သွားရောက်ခဲ့ပါသည်။ ယင်းနောက် (၂၀၂၀) ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ဩစတြေးလျနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မတ်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ ပါသည်။

 

၃။ ၎င်းသည် (၁၈-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၅-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရာ ၎င်းအား အထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကုသမှုပေးခဲ့ပြီး ဓါတ်ခွဲနမူနာရယူကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case-05) အဖြစ် (၂၇-၃-၂၀၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလူနာအား (၂၇-၃-၂၀၂၀)ရက်၊ နံနက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆက်လက် ကုသမှုပေးခဲ့ပါသည်။

 

၄။ အဆိုပါ အသက် (၆၉) နှစ်အရွယ် အမျိုးသားလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ပါမောက္ခသမားတော်ကြီးများ ပါဝင်သော အဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လူနာ၏ အခြေအနေ မှာ (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပိုမိုဆိုးရွားလာပြီး နံနက် (၇:၂၅) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သေဆုံးရသည့် အကြောင်းရင်း (Cause of Death) မှာ -

(၁) လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း (Acute Respiratory Distress Syndrome with Septic Shock)

(၂) COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19 with Severe Community Acquired Pneumonia)

(၃) နှာခေါင်းကင်ဆာရောဂါအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်း (Underlying CA Nose with Radio Therapy) များကြောင့် သေဆုံးခဲ့သည်ဟုသတ်မှတ်ခဲ့ပါသည်။

 

၅။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၉-၃-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၄၀) ရာခိုင်နှုန်းသည် သာမာန်မပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၄၀) ရာခိုင်နှုန်းသည် အလယ်အလတ်ပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၁၅) ရာခိုင်နှုန်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ကိုလည်းကောင်း၊ (၅) ရာခိုင်နှုန်းသာ အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါလက္ခဏာများကို လည်းကောင်း ခံစားရပါသည်။

 

၆။ COVID-19 ဖြစ်ပွားသူ (၁၀၀) ဦးတွင် (၅) ဦးခန့်သည် သေဆုံးနိုင်ကြောင်း လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

 

၇။ COVID-19 သည် အသက်အရွယ်ကြီးသူများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများ၊ စတီးရွိုက်ဆေးရေရှည်သောက်သုံးနေရသူများနှင့် ခုခံအားကျဆင်းမှုရောဂါရှိသူများတွင် ရောဂါပြင်း ထန်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

 

၈။ သို့ဖြစ်ပါ၍ အဆိုပါ (Case – 05) လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာ ရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျ ဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

90165828_212716063139335_1462378197545910272_n.png

Read times Last modified on Tuesday, 31 March 2020 13:14
Rate this item
(1 Vote)