What's New




Thursday, 16 March 2023 15:17

နေ့စဉ်ဘဝမှာ Silent Killer အသတ်မခံရအောင် ဘယ်လိုပြင်ဆင် နေထိုင်မလဲ…?

မကူးစက်နိုင်သော ရောဂါများကို အသံတိတ်လူသတ်သမား (Silent Killer) ဟု ခေါ်ကြသည်။ ခန္ဓာကိုယ်အတွင်း မည်သည့်အချိန်က ရောက်နေသည်ကို မသိ၊ လက္ခဏာမပြဘဲ နာတာရှည်ရောဂါအဖြစ် တဖြည်းဖြည်း ဒုက္ခပေးနေခြင်းဖြစ်ပြီး အဆိုပါ ရောဂါများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူ (၃၈) သန်းခန့် သေဆုံးနေကြရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

ကူးစက်ရောဂါများထက် မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးရခြင်းသည် ပိုမို များပြားလျက် ရှိကြောင်း ကျန်းမာရေးပညာရှင်များက ထုတ်ဖော် ပြောကြားထားသည်။ 

 

မကူးစက်နိုင်သော ရောဂါများဆိုသည်မှာ ကျန်းမာရေးနှင့် မညီညွတ်သော စားသောက်မှုနှင့် နေထိုင်မှုပုံစံများကို ကာလရှည်ကြာ ကျင့်သုံးမိခြင်းကြောင်း ဖြစ်ပေါ်လာသော ရောဂါအစုအဝေးဖြစ်ပြီး လူတစ်ယောက်မှ တစ်ယောက်သို့ မကူးစက်နိုင်သော ရောဂါများ ဖြစ်သည်။ 

 

သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်း၊ ကင်ဆာ၊ နာတာရှည် အဆုတ်ပွ၊ လေပြွန်ကျဉ်းနှင့် ပန်းနာရင်ကျပ်၊ စိတ်ကျန်းမာရေး၊ အတက်ရောဂါ၊ နားလေးရောဂါ၊ မတော်တဆဖြစ်ခြင်းနှင့် ထိခိုက်မှုအန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ အရက်စွဲအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ မြွေကိုက်အန္တရာယ် အစရှိသည့် ရောဂါများသည် မကူးစက်နိုင်သောရောဂါများထဲတွင် ပါဝင်သည်။ 

 

မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါလေးမျိုးမှာ (၁) နှလုံးသွေးကြောရောဂါ၊ (၂) ဆီးချိုသွေးချိုရောဂါ၊ (၃) ကင်ဆာရောဂါနှင့် (၄) နာတာရှည်အဆုတ်ရောဂါတို့ ဖြစ်သည်ဟု သိရသည်။ ယင်းရောဂါများကြောင့် သေဆုံးသူဦးရေသည် ၂၀၁၉ ခုနှစ်တွင် (၇၅) ရာခိုင်နှုန်းခန့်အထိ ရောက်ရှိလာသည်ဟုလည်း ဆိုသည်။

 

Advertisement

Click Here > Big M Enterprise Ltd

 

အထက်‌ဖော်ပြပါ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပေါ်ခံစားရပါက လူနာအနေဖြင့် နာတာရှည်ရောဂါများ ခံစားရသကဲ့သို့ မိသားသည်လည်း အချိန်နှင့် ငွေကြေးများစွာ အကုန်အကျခံကာ ကုသရသဖြင့် ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပေသည်။

 

မကူးစက်နိုင်သော ရောဂါများကို မဖြစ်မီ ကြိုတင် ကာကွယ်နိုင်ရန် လူတိုင်းအနေဖြင့် မိမိတို့၏ နေ့စဉ် အပြုအမူ သွားလာ နေထိုင် စားသောက်မှု ပုံစံများကို ကျန်းမာရေးနှင့် ညီညွတ်သော ပုံစံအဖြစ် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲသွားရန် လိုအပ်သည်။ 

  • ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများ၊ အသင့်ထုပ်ပိုးထားသည့် အစားအစာများ၊ တိရစ္ဆာန်အဆီ၊ စားအုန်းဆီ၊ ကွမ်းနှင့် ဆေးရွက်ကြီးစားသုံးမှုများကို ရှောင်ကြဉ်ခြင်း၊ 
  • အမျှင်ဓာတ်ပါသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများ စားသုံးခြင်း၊
  • မိမိနှင့် ကိုက်ညီသည့် ကိုယ်ကာယလှုပ်ရှားမှု လေ့ကျင့်ခန်းကို နေ့စဉ် မိနစ် ၃၀ ခန့် ပုံမှန်ပြုလုပ်ခြင်း၊ 
  • ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားဆေးငုံခြင်း၊ အရက်အလွန် အကျွံသောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ 
  • ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ နေ့စဉ် ရေ (၂) လီတာ (ရေသန့် နှစ်ဘူး)ခန့် သောက်ခြင်း၊ 
  • စိတ်သောက နည်းပါးစွာ နေထိုင်ခြင်းတို့ကို ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်မှုပုံစံအဖြစ် ကျန်းမာရေးပညာရှင်များက အကြံပြုထားပြီး အသက် (၄၀) နှစ်ကျော်လာပါက ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါတို့ ဖြစ်ပွားနေမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးရန်လည်း တိုက်တွန်းထားသည်။

 

မကူးစက်နိုင်သော ရောဂါများသည် အရွယ်မတိုင်မီ သေဆုံးနိုင်သည့် ရောဂါများလည်းဖြစ်သည့်အလျောက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင် စားသောက်မှုပုံစံများကို လူတိုင်း ကိုယ်စီကျင့်သုံးကာ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ထားရမည် ဖြစ်သည်။

 

Ref : MNP

Read times Last modified on Thursday, 16 March 2023 15:34
Rate this item
(2 votes)