What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 June 2018 14:14

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဆိုတာ ဘာလဲ Google.com

မိန်းမကိုယ် (ယောနိ)မှာရှိတဲ့ အက်ဆစ်ဓာတ်ပမာဏနဲ့ ကပ်ပါးမှိုလေးတွေအကြား ဟန်ချက်ပျက်ယွင်းခြင်းကြောင့် မှိုစွဲခြင်း ဖြစ်ပေါ်လာရပါတယ်။

ကပ်ပါးမှိုလေးတွေ များပြားလာရင် မိန်းမကိုယ်မှိုစွဲခြင်းဝေဒနာကို ခံစားရမှာ ဖြစ်ပြီး ဒီရောဂါဟာ ထူးထူးခြားခြား အန္တရာယ်မရှိပေမယ့် စိတ်ကသိကအောင့်ဖြစ်စေနိုင်ပါတယ်။

မှိုစွဲရောဂါ ဘာလို့ ဖြစ်သလဲ။

မှိုစွဲရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ကိုယ်ဝန်ဆောင်ကာလ သို့မဟုတ် ဓမ္မတာမလာမီကာလတွေမှာ သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းပမာဏ အပြောင်းအလဲရှိတာကြောင့် မှိုစွဲရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုလာစေပါတယ်။ဟော်မုန်းဆေးတွေ ဒါမှမဟုတ် ပဋိသန္ဓေတားသောက်ဆေးတွေ သောက်နေရင်လည်း ထိုနည်း၎င်းပါပဲ။ပဋိဇီဝဆေးတွေ ဒါမှမဟုတ် စတီးရွိက်ဆေးတွေ သုံးစွဲနေရခြင်း၊သွေးတွင်းသကြားဓာတ်များပြားခြင်း၊လိင်ဆက်ဆံခြင်း ဒါမှမဟုတ် မိန်းမကိုယ်ကို အလွန်အကျွံဆေးကြောခြင်းတွေကြောင့်လည်း မှိုစွဲရောဂါ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ခန္ဓာကိုယ်အနေနဲ့ အပြောင်းအလဲများစွာကို ကြုံတွေ့ရမှာဖြစ်တဲ့အတွက် မိန်းမကိုယ်တွင်း ဓာတ်သဘောတွေ ပြောင်းလဲခြင်းကို အဆင်ပြေပြေထိန်းညှိပေးနိုင်ဖို့ ခက်ခဲပါတယ်။ဒီလို အချိန်မျိုးမှာ မိန်းမကိုယ်ကထွက်တဲ့အရည်မှာ သကြားဓာတ် (အချိုဓာတ်) အလွန်အကျွံများပြားစွာ ပါဝင်လာတာမို့ ကပ်ပါးမှိုတွေဟာ ဒီသကြားဓာတ်တွေကို ရယူစားသုံးပြီး လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာကာ ဟန်ချက်မညီမျှမှုကို ဖြစ်စေတာကြောင့် မှိုစွဲခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

မှိုစွဲခြင်းရဲ့ လက္ခဏာများ

မိန်းမကိုယ်မှိုစွဲခြင်းကြောင့် များစွာသော ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တခု သို့မဟုတ် တခုထက်ပိုပြီး ခံစားရပါလိမ့်မယ်။

အဖြူဆင်းခြင်း၊အစိမ်းရောင် သို့မဟုတ် ဒိန်ချဉ်၊ဒိန်ခဲဖတ်ကဲ့သို့သော အဝါရောင်အရည်များဆင်းခြင်း၊မှိုနံ့ သို့မဟုတ် ပေါင်မုန့်နံ့ရှိသော အရည်များဆင်းခြင်း။

မိန်းမကိုယ်မှ အရည်များ များပြားစွာ ဆင်းခြင်း။

မိန်းမကိုယ်နှုတ်ခမ်းသားများတွင် နီရဲ၊ယားယံခြင်း။

ဆီးသွားစဉ် သို့မဟုတ် လိင်ဆက်ဆံချိန်တွင် ပူစပ်ပူလောင် ခံစားရခြင်း။

တကယ်လို့ သင့်အနေနဲ့ အထက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့ ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။သင့်မှာ မှိုစွဲရောဂါခံစားနေရတယ်လို့ ဆရာဝန်က သံသယရှိရင် သင့်မိန်းမကိုယ်ကို ဆရာဝန်က စစ်ဆေးမှု ပြုလုပ်ပါလိမ့်မယ်။

ရိုးရှင်းပြီး နာကျင်မှုမရှိတဲ့ နည်းလမ်းကို အသုံးပြုပြီး သင့်မိန်းမကိုယ်က ထွက်ရှိတဲ့ အကျိအချွဲ သို့မဟုတ် အရည်ကို နမူနာယူမှာဖြစ်ကာ အဏုကြည့်မှန်ပြောင်းနဲ့ သေချာစွာ ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။ယေဘုယျအားဖြင့် မိန်းမကိုယ်ကို စစ်ဆေးခြင်းတခုတည်းနဲ့ မှိုစွဲရောဂါကို ဖော်ထုတ်အမည်တပ်နိုင်မှာဖြစ်ပြီး ရှားရှားပါးပါး အခြေအနေတွေမှာတော့ အကျိအချွဲ သို့မဟုတ် အရည်နမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးရမှာ ဖြစ်ပါတယ်။

မိန်းမကိုယ်မှိုစွဲခြင်းကို ဘယ်လိုကာကွယ်မလဲ။

ကိုယ်ဝန်ဆောင်ကာလမှာ မိန်းမကိုယ်မှိုစွဲခြင်းဟာ ပြင်းထန်ဆိုးရွားတဲ့ ပြဿနာမဟုတ်ပေမယ့် သန္ဓေသားကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ဒီရောဂါမရအောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။သင့်အနေနဲ့ ပွပွချောင်ချောင် ချည်ထည်တွေ၊အသက်ရှုရမခက်စေမယ့် အဝတ်အစားတွေနဲ့ ချည်ထည်အတွင်းခံတွေကို ဝတ်ဆင်သင့်ပါတယ်။ဆံပင်မှုတ်တဲ့ dryer ကို အနိမ့်ဆုံးအပူချိန်မှာထားပြီး သင့်မိန်းမကိုယ်တဝိုက်ခြောက်သွေ့နေအောင် မှုတ်ပေးပါ။

အလေးအပေါ့သွားပြီးလို့ ကိုယ်လက်သန့်စင်တဲ့အခါ အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ဖို့ မမေ့ပါနဲ့။ အားကစားဝတ်စုံ ဒါမှမဟုတ် ချွေးတွေ၊ရေတွေ စိုရွှဲနေတဲ့ အဝတ်အစားတွေကို တတ်နိုင်သမျှ အမြန်ဆုံးလဲပစ်ခြင်းဟာ မှိုစွဲခြင်းကို ကာကွယ်ရာမှာ အလွန်ပဲ အရေးကြီးပါတယ်။ မိန်းမကိုယ်တွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၊ ဖြန်းဆေးအသုံးပြုခြင်း၊အမွှေးနံ့ပါတဲ့ လစဉ်သုံးပစ္စည်းများကို အသုံးပြုခြင်း၊ဆပ်ပြာမြှုပ်များနဲ့ ရေစိမ်ချိုးခြင်း၊အရောင် ဒါမှမဟုတ် အမွှေးနံ့ပါတဲ့ အိမ်သာသုံးစက္ကူများ အသုံးပြုခြင်းတို့ဟာ မှိုစွဲရောဂါဖြစ်နိုင်ချေကို မြင့်မားစေတဲ့အတွက် ရှောင်ရှားရပါမယ်။

lactobacillus acidophilus လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့ ဒိန်ချဉ်ကို ပုံမှန်သောက်ဖို့နဲ့ သကြားဓာတ်ကို လျှော့စားဖို့ မမေ့ပါနဲ့ဦး (သကြားဓာတ်က ကပ်ပါးမှိုတွေ ပေါက်ပွါးကြီးထွားမှုကို အားပေးလို့ပါ)။ နောက်ဆုံးအချက်အနေနဲ့ သိထားသင့်တာက သင့်တော်လုံလောက်စွာ အနားယူခြင်းဟာ သင့်ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတဲ့အတွက် ကူးစက်ရောဂါတွေကို အလွယ်တကူ တွန်းလှန်နိုင်တယ်ဆိုတာပါပဲ။

source:mingalarbarmorning

Read:နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သော အကြောင်းများ

နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သော အကြောင်းများ

Read times
Rate this item
(0 votes)