What's New




Monday, 05 June 2023 17:00

မိုးဦးကာလ ရာသီတုပ်ကွေး မဖြစ်ပွားအောင် ဘယ်လိုဂရုစိုက်မလဲ

ရာသီတုပ်ကွေးရောဂါ ( Seasonal Influenza ) သည် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး နှာခေါင်း၊ လည်ပင်းနှင့် အဆုတ်တို့ကို ထိခိုက်စေကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်သည်။ 

 

အထူးသဖြင့် ယခုကဲ့သို့ နွေအကုန် မိုးအကူး၊ ရာသီအကူးအပြောင်း ကာလများတွင် တုပ်ကွေးရောဂါ ပိုမို ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်ပါက အသက်အန္တရယ် ရှိစေနိုင်သဖြင့် ကြိုတင် ကာကွယ်၊ ဂရုစိုက်သင့်သည့် ရောဂါတစ်ခု ဖြစ်သည်။

 

ရောဂါလက္ခဏာများ

  • ဖျားခြင်း
  • နှာရည်ယိုခြင်း
  • နှာချေခြင်း
  • ချောင်းဆိုးခြင်း
  • လည်ချောင်းနာခြင်း
  • ကိုယ်၊ လက် ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်း
  • အစားအသောက်ပျက်ခြင်း စသည်တို့ ဖြစ်သည်။

 

တုပ်ကွေးရောဂါ ပြင်းထန်လျှင် အဖျားကြီးခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ဖြစ်ပွားပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားစေနိုင်သည်။ 

 

အဆိုပါရောဂါသည် သာမန်အားဖြင့် မပြင်းထန်သော်လည်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများတွင် ဖြစ်ပွားပါက ရောဂါပိုမို ပြင်းထန်ပြီး တုပ်ကွေးရောဂါ၏ ဘေးထွက်ဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးနိုင်သည်။

 

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားပါက ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားနေရသူများ၊ အသက်ကြီးသူများ၊ နာတာရှည် ရောဂါသည်များ အနေဖြင့် နီးစပ်ရာ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် စောလျင်စွာ ပြသ၍ စနစ်တကျ ဆေးကုသမှု ခံယူရန်နှင့် အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် ဂရုပြု နေထိုင်ကြရန် လိုအပ်သည်။

 

 Advertisement

Click Here > Biz Partner

 

ကူးစက်နိုင်သည့် နည်းလမ်းများ

 

ရာသီတုပ်ကွေးရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ ရောဂါဖြစ်သူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်အရည်၊ အသုံးအဆောင် ပစ္စည်းများကို ကိုင်တွယ် ထိတွေ့ခြင်းမှ သော်လည်းကောင်း ကူးစက်နိုင်သည်။ 

 

ရာသီတုပ်ကွေးရောဂါသည် လူတိုင်းတွင် ဖြစ်ပွားနိုင်ပြီး မိုးတွင်းနှင့် ဆောင်းကာလများတွင် လူတစ်ဦးနှင့် တစ်ဦးသို့ လျင်မြန်စွာ ကူးစက်ကာ ကပ်အသွင် ပိုမိုဖြစ်ပွားနိုင်သည်။

 

ကာကွယ်နိုင်မည့်နည်းလမ်းများ 

  • တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ခြင်း
  • နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း
  • လက်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောခြင်း
  • ကောင်းစွာ အိပ်စက် အနားယူခြင်း
  • အာဟာရပြည့်ဝသည့် အစားအသောက်များ စားသုံးခြင်း
  • လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက် နေထိုင်ခြင်း
  • လူထူထပ်သော နေရာများနှင့် ပွဲလမ်းသဘင်များအား သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း
  • ရောဂါဖြစ်ပွားသူများကို အခြားသူများသို့ ကူးစက်ခြင်း မရှိစေရန် ဂရုပြု၍ နေထိုင်စေခြင်း
  • ရောဂါရှိသူ၏ နေအိမ်နှင့် ဆေးရုံများသို့ မလိုအပ်ဘဲ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်သည်။
Read times Last modified on Tuesday, 06 June 2023 18:12
Rate this item
(0 votes)