ဖန်တီးစီမံထားသော အသားနှင့် အနီရောင်အသားစားသုံးမှု မြင့်မားသူများ အသည်းထိခိုက်နိုင်ပြီး အမျိုးအစား-၂ ဆီးချိုရောဂါ၏ ကနဦးအခြေအနေဖြစ်သော အင်ဆူလင်ကို ခန္ဓာကိုယ်က အသုံးမ ချနိုင်ခြင်း ဖြစ်လာနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။
ယင်းအသားမျိုး စားသုံးမှုမြင့်မားသူများသည် အရက်သောက် ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ ဖြစ်ပွားမှုမြင့်မား ပြီး အင်ဆူလင် ခန္ဓာကိုယ်က အသုံးမချနိုင်မှု ဖြစ်လာနိုင်ခြေ မြင့်မား ကြောင်း လေ့လာမှုကဖော်ပြသည်။
ယခုလေ့လာမှုကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှ သုတေသီများက ပြုလုပ်ခဲ့ပြီး Hepatology ဂျာနယ်တွင် ဖော်ပြထားသည်။
အရက်သောက်ခြင်းကြောင့်မဟုတ်သော အသည်းအဆီဖုံး ရောဂါသည် အသည်းထဲတွင် အဆီများစုဝေးလာသော အခြေအနေတစ်ရပ်ဖြစ်သည်။ လူအချို့တွင် ယင်းအခြေအနေကြောင့် ပြင်း ထန်သော အသည်းထိခိုက်မှုဖြစ်နိုင်သည်။
နေ့စဉ်စားသုံးသော အ စားအစာ၏ သုံးပုံတစ်ပုံခန့်သည် ဖန်တီးထားသော အသားများ၊ အနီရောင်အသားများဖြစ်နေပါက ယင်းအန္တရာယ်နှင့် ကြုံတွေ့နိုင် ခြေများသည်။
ပရိုတိန်းဓာတ်ရရှိရန် ငါး၊ ကြက်သားနှင့် ကြက်ဆင်သားများ စားသုံးခြင်းက ပိုမိုကောင်းမွန်သည်။ အစားအစာများကို ကြော်စား မည့်အစား ပြုတ်စား၊ ချက်စားသင့်သည်။
အနီရောင်အသားစားသုံးမှု ပိုများခြင်းကြောင့် အခြားကျန်း မာရေး ဆိုးကျိုးများလည်း ကြုံနိုင်သည်။
ကာဗိုဟိုက်ဒရိတ်နည်းပါးသော အစားအစာများဖြစ်နေလျှင်ပင် ကျန်းမာရေးနှင့်ညီသော အသားဖြစ်စေရန်နှင့် ချက်ပြုတ်ပုံမှန်ကန်စေရန် အရေးကြီးကြောင်း သုတေသီများကအကြံပြုထားသည်။
ခန္ဓာကိုယ်အတွက် လိုအပ်သည့် ပရိုတိန်းဓာတ်ကို ကျန်းမာရေး နှင့်ညီသော အသားများမှ ရယူရန် အရေးကြီးကြောင်း သုတေသီ များက ပြောသည်။
အရသာကောင်းမွန်ပြီး တာရှည်ခံစေရန် ဖန်တီးစီမံထားသော အစားအစာများနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သတိပေးထားသည်။
source:7daydaily