What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 May 2020 14:53

အမျိုးသားသွေးဌာနတွင် ယခုဧပြီလာ သွေးလှူဒါန်းသူ (၂၀၁၉) ခုနှစ် ဧပြီလထက် နှစ်ဆ ပိုများလာ

အမျိုးသားသွေးဌာနတွင် ယခုဧပြီလာ သွေးလှူဒါန်းသူ (၂၀၁၉) ခုနှစ် ဧပြီလထက် နှစ်ဆ ပိုများလာ National Blood Center

လွန်ခဲ့သော (၂၀၁၉) ခုနှစ် ဧပြီလမှာ သွေးလှူရှင်စုစုပေါင်း (၇၂၅၃) ဦး ထောက်ပံ့လှူဒါန်းခဲ့ပါ တယ်။ ယခု (၂၀၂၀) ခုနှစ် ဧပြီလမှာတော့ သွေးလှူရှင်စုစုပေါင်း (၃၉၁၀) ဦးခန့်သာ ထောက်ပံ့နိုင်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းရဲ့ရလာဒ်ဟာ ကောင်းခြင်းလား ၊ ဆိုးခြင်းလားဆိုတာသိလိုကြပါလိမ့်မယ်။ အမှန်ကတော့ “သွေးလှူရှင်မည်မျှ လှူဒါန်းတယ်ဆိုတာ” ကိန်းဂဏန်းအဖြစ် ဖော်ပြခြင်းသာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဆိုတာ ကိန်းဂဏန်းတွေအပေါ်မှာပဲ အခြေခံနေတာမဟုတ်တဲ့ အတွက် ကျန်တဲ့ဝန်ဆောင်မှုအားလုံးကိုလည်း ခြုံငုံ သုံးသပ်ကြည့်ရပါမယ်။

 

သွေးလှူဘဏ်ရဲ့အဓိကတာဝန်ကတော့ “သွေးမရလို့ အသက်ဆုံးရှုံးရတဲ့လူနာမရှိအောင်” တားဆီးဖို့ဘဲ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကို ကြုံတွေ့ရရင်တော့ သွေးလှူဘဏ်လုပ်ငန်းရဲ့ ကျဆုံးမှုပါဘဲ။ ယခုအခါမှာတော့ ကျဆင်းခဲ့တဲ့ သွေးလှူရှင်အရေအတွက်ကြောင့် ဆုံးရှုံးမှုလုံးဝမတွေ့ ကြုံရသေးပါ။ သွေးအသုံးပြုသော ဆေးရုံများအားလုံးကလည်း အသက်အန္တရာယ်ရှိမယ့်အခြေအနေကို ကုသဖို့ လိုအပ်တဲ့ခွဲစိတ်မှုတွေသာဆောင်ရွက်ပါတယ်။ ဒါကြောင့် ဧပြီလတစ်လလုံးမှာ ထောက်ပံ့နေတဲ့ ဆေးရုံရှိလူနာများအားလုံးအတွက် အန္တရာယ်လုံးဝမရှိခဲ့ပါ။

 

ဧပြီလဟာ နှစ်စဉ်လွန်စွာသတိထားရတဲ့လဖြစ်ပါတယ်။ နှစ်သစ်ကူးရက်ရှည်ရုံးပိတ်ရက်ရှိ နေတာမို့ပါ။ ဒါကြောင့် အထူးသဖြင့်တိုတောင်းတဲ့ သက်တမ်းသာရှိတဲ့ (သွေးဥမွှားသိုလှောင်မှု ဟာ (၄) ရက်သာရှိပါတယ်) တိုတောင်းတဲ့သက်တမ်းသာရှိတဲ့သွေးပစ္စည်းများပြတ်လပ်မှုမရှိဖို့ ၊ (ပိတ်ရက်မတိုင်ခင်စုဆောင်းထားတဲ့ (၃၅) ရက် သိုလှောင်နိုင်တဲ့) သွေးပစ္စည်းတွေကိုလဲ နှစ်ကူး အပြီးမှာ ပိုမိုထောက်ပံ့ပေးမယ့် သွေးယူနစ်များနဲ့အတူ ဖြုန်းတီးမှုမရှိအောင် တွက်ချက်ဖြန့်ဖြူး ရပါတယ်။

 

သတိပြုမိတာကတော့ စေတနာရှင်ပြည်သူတော်တော်များများက ဒီရက်ရှည်ရုံးပိတ်ရက် ကိုနားလည်စွာနဲ့ အဲ့ဒီကြပ်တည်းနိုင်မယ့်အခြေအနေကို ကျော်လွှားနိုင်ဖို့ အစီအစဉ်တကျတွက် ချက်ပြီး လှူဒါန်းပေးကြတာကိုလည်းတွေ့ရှိရပါတယ်။ အခုလို နားလည်ကူညီပေးမှုအတွက် လည်း အထူးလေးစားရပါတယ်။ ဒီနှစ်ကတော့တွေ့ကြုံနေကြဖြစ်တဲ့ အကြပ်အတည်းအပြင် ချက်ချင်းပေါ်ပေါက်လာတဲ့ ကပ်ရောဂါအတွက် ဘယ်လိုကျော်ဖြတ်ရမယ်ဆိုတာ ပူပန်ခဲ့ရပါတယ်။ အဖွဲ့လိုက်လှူဒါန်းမှုတွေ မသင့်တော်တော့တဲ့အတွက် လူနာတွေအတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းပေးရမလဲဆိုတာ ရိုးရိုး သားသားဝန်ခံရရင် အဖြေမပေါ်ခဲ့ပါဘူး။

 

“ဒါပေမဲ့လွန်စွာအံ့သြဖို့ကောင်းပါတယ်။ ဂုဏ်ယူဖွယ်ကောင်းတဲ့အံ့သြဖွယ်ရာပါ” ယခုဧပြီလမှာ တစ်ဦးချင်းလှူဒါန်းသူများဟာ သွေးလှူဘဏ်မှ အသိပေးအကြောင်းကြား တဲ့အတွက် ပြန်လည်လှူဒါန်းမှုပြုခဲ့တာ (၂၀၁၉) ခုနှစ်ကထက် (၂) ဆပိုများလာပါတယ်။

 

ဒါအပြင်လှူဒါန်းလိုတဲ့ စေတနာရှင်များကို ဟန့်တားမှုများကိုတောင် ဆောင်ရွက်ခဲ့ရပါ တယ်။ အထူးသဖြင့်မှန်မှန်လှူဒါန်းလာတဲ့ အသက် (၅၀) ကျော် သွေးလှူရှင်ကြီးများပါ သူတို့အနေ နဲ့ (၄)လ ပြည့်တာနဲ့ သွေးလှူဒါန်းဖို့အသင့်ဖြစ်နေပါတယ်။ သွေးမလှူဒါန်းရရင် သူတို့အတွက် လိုအပ်နေသလိုခံစားနေရပါတယ်။ အခုအခြေအနေမှာတော့ မိမိတို့အတွက်စောင့်ရှောက်ဖို့ ပိုမို လိုအပ်တဲ့အတွက်လှူဒါန်းမှုမပြုကြပါရန် မေတ္တာရပ်ခံခဲ့ရပါတယ်။

 

ကြိမ်ဖန်များစွာဖော်ပြခဲ့သလိုပါဘဲ အသက်ငယ်တဲ့လူငယ်များရဲ့ ထောက်ပံ့မှုဟာ အင်မ တန်အင်အားဖြစ်ခဲ့ပါတယ်။ ယခုလိုအချိန်မှာ သွေးစတင်လှူဒါန်းပေးတဲ့ လူငယ်များစွာပေါ်ပေါက် ခဲ့ပါတယ်။ ဒါကြောင့် အခုလိုရှုပ်ထွေးပူပန်နေရချိန်မှာ တည်တည်ငြိမ်ငြိမ်နဲ့ဦးဆောင်ထောက်ပံ့ ပေးသွားကြတဲ့လူငယ်များအပေါ်မှာ နက်ရှိုင်းစွာယုံကြည်မိပါတယ်။ ၎င်းလူငယ်များရဲ့ထောက်ပံ့ မှုနဲ့ မိမိတို့တိုင်းပြည်နောင်ရေးအတွက် မျှော်လင့်ချက်တွေ ပြည့်စုံနိုင်ပါလိမ့်မယ်။

 

သွေးလှူဘဏ်ဝန်ထမ်းများအနေနဲ့လည်း လေးပုံတစ်ပုံအင်အားနဲ့ တာဝန်ထမ်းဆောင်နေ တာ (၆) ပါတ်ရှိသွားပါပြီ။ (ဝန်ထမ်းတစ်ဝက်ဟာ သူတို့အိမ်မှာပဲ အလုပ်လုပ်ရင်းစောင့်ဆိုင်းနေ ပါတယ်။ ကျန်တစ်ဝက်မှာ (၂) ဖွဲ့ခွဲပြီး တနေ့ (၁၂)နာရီနဲ့ တစ်ပါတ်စီဝန်ဆောင်မှုပေးနေပါတယ်) ပြည်သူများကိုအသိပေးလိုတာကတော့ သွေးဘဏ်ရဲ့အလယ်အလတ် တာဝန်ယူတဲ့သူတွေဟာ ဝန်ဆောင်မှုပေးတဲ့အထဲမှာ မပါပါဘူး။ လုပ်သက်နု ၊ ဝန်ထမ်းငယ်များနဲ့သာ ဝန်ဆောင်မှုပေးနေပါ တယ်။

 

ဒါကြောင့်ဝန်ဆောင်မှုပေးနေတဲ့ ကဏ္ဍတိုင်းမှာလူငယ်တွေ ဦးဆောင်နေကြပါတယ်။ ဥပမာ - သွေးလှူရှင်မှတ်ပုံတင်ခြင်းနဲ့ သွေးလှူရှင်များနေရာထိုင်ခင်းအတွက် ပြင်ဆင် ပေးခြင်းကို အသက်(၂၀)အောက်ဝန်ထမ်းတစ်ဦးကဘဲ လုပ်ဆောင်ပါတယ်။ ဒီကလေးဟာအလုပ် စဝင်စဉ်က (၁၈)နှစ်ပြည့်ပြီးကာစ နယ်ကလာရောက်တာဖြစ်လို့ တာဝန်ထမ်းဆောင်စကာလမှာ အကြီးတွေကြောင့် မကြာခဏငိုခဲ့ရတဲ့ကလေးပါ။ ခုတော့ကိုယ်တိုင်ဦးဆောင်မှုပေးနိုင်နေပါပြီ။

 

သူနာပြုထဲမှာလည်းတစ်ဦးက အသက်(၂၂)နှစ်ပဲရှိပါသေးတယ် လွန်ခဲ့တဲ့(၂)နှစ်ကတော့ အ လှအပကိုဘဲစိတ်ဝင်စားခဲ့တယ်။ အခုတော့သူက Nurse အဖွဲ့ကို ခေါင်းဆောင်နိုင်နေပါပြီ။ အဲ့ဒီ အဖွဲ့ မှာ ထမ်းဆောင်နေသောဝန်ထမ်းများရဲ့ပျမ်းမျှအသက်မှာ (၂၂.၆)အတွင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုလို Crisis အတွင်းမှာ အသက်(၄၀) ကျော် Senior များမဟုတ်ဘဲ အသက် (၂၀)ကျော်ဝန်ထမ်းများနဲ့ နေ့စဉ်ဝန်ဆောင်မှုပေးနိုင်နေတာဖြစ်ပါတယ်။

 

“ထိတ်လန့်သွားပါသလား။ သူတို့လေးတွေကောင်းကောင်းမှ ကျွမ်းကျင်ပါ့မလားလို့ “ “အံ့သြလောက်အောင်ပါဘဲ” သွေးလှူရှင်များ၏အကြံပြုတဲ့ Feedback စနစ်ကနေ လွန်ခဲ့တဲ့(၅)ပါတ်အတွင်း ဝန်ဆောင် မှုဟာ (၂၀၁၉) ခုနှစ် ပျှမ်းမျှထက်ပိုကောင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒီဝန်ထမ်းငယ်များကို Multi skill training လေ့ကျင့်ပေးထားတဲ့အတွက် သူတို့လေးတွေ က အနည်းဆုံးလုပ်ငန်း (၃) မျိုးခန့်ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်ပါတယ်။ ဥပမာ - သူနာပြုဟာ သူရဲ့ပင်မ သွေးဖောက်တဲ့လုပ်ငန်းသာမက သွေးနီအားစစ်ဆေးခြင်း ၊ Computer System Registration ပြုလုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

 

အမှန်မှာတော့ အသက်(၄၀)အလယ်အလတ် ခေါင်းဆောင်နေသူတွေဟာ လုပ်ငန်းတစ်ခု တည်းကိုဘဲ ကျွမ်းကျွမ်းကျင်ကျင်ဝန်ဆောင်မှုပေးကြပြီး ကိုယ်ရဲ့လုပ်ငန်းခွင်နဲ့သူတပါးရဲ့ လုပ်ငန်း ခွင်ကို လုံးဝမစပ်ယုက်ချင်ကြပါဘူး။ ဒါကြောင့် Section တစ်ခုနဲ့တစ်ခုတင်းမာမှုတွေ အမြဲကြုံ တွေ့ရပါတယ်။ လူငယ်များကတော့တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီနေကြတော့ လုပ်ငန်းခွင်ဘောင်ခတ် ထားမှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင်တက်ညီလက်ညီတာဝန်ထမ်းဆောင်နေကြတာတွေ့ရပါတယ်။ ဒီလိုဖြစ်ရတာကတော့ သူတို့အချင်းချင်း ပါဝင်ဆောင်ရွက်ရင်းနဲ့ဖြစ်ပေါ်နိုင်တဲ့ ပြဿနာကို ကိုယ်တိုင်ကြုံတွေ့ခဲ့တာဖြစ်လို့ နားလည်စွာနဲ့ရိုင်းပင်းကြတာဖြစ်ပါတယ်။

 

တစ်ဖက်ကနှောင့်နှေး သွားရင် အပြစ်မပြောဘဲသွားရောက်ကူညီပေးလိုက်ကြတယ်။ ကိုယ့်တစ်ပိုင်းထဲ ပြီးမြောက်လို့ လုပ်ငန်းပြီးမြောက်တာမဟုတ်ဘဲ ပါဝင်ရတဲ့အခန်းကဏ္ဍတွေအားလုံးပြီးမြောက်မှ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကိုရမည်ဆိုတာ လက်ခံသွားကြလို့ပါဘဲ။ ဒါကြောင့် လေးပုံတစ်ပုံအင်အားနဲ့ ပိုမို ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးနိုင်တာဖြစ်ပါတယ်။ အားလုံးဟာအခုချိန်မှာ Crisis တွင်းရောက်နေပေမယ့် နောင်အနာဂတ်အတွက် အောင် မြင်မယ့် မျှော်လင့်ချက်တွေ တွေ့ရှိခဲ့ပါတယ်။ဒါကတော့ ယခု ဧပြီလအတွက် ဆန်းစစ်တင်ပြချက်ဖြစ်ပါတယ်။

 

National Blood Center

Read times
Rate this item
(1 Vote)