What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 August 2020 13:43

တူရကီနိုင်ငံ တွင် ရက်ရှည်အားလပ်ရက် လေးရက်အတွင်း COVID-19 ဖြစ်ပွားမှုမြင့်တက်လာမည်ကို စိုးရိမ်နေ

တူရကီနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က အစ်နေ့ (Eid al-Adha) အားလပ်ရက် လေးရက်အတွင်း ကမ်းခြေများသို့ လူအဖွဲ့လိုက်သွားရောက်လည်ပတ်ခဲ့ကြခြင်းကြောင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု ထပ်မံမြင့်တက်လာမည့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

အေဂျီယံပင်လယ်နှင့် မြေထဲပင်လယ် ကမ်းရိုးတန်းများတစ်လျှောက်ရှိ အပန်းဖြေမြို့များစွာရှိ ကမ်းခြေများ၊ ကော်ဖီဆိုင်များနှင့် စားသောက်ဆိုင်များ၌ အားလပ်ရက်ခရီးသွားသူများဖြင့် စည်ကားနေခဲ့သလို ဟိုတယ်များကလည်း ယင်းအခွင့်အရေးဖြင့် အကျိုးကျေးဇူးရရှိခဲ့သည်။

 

လူများအဖွဲ့လိုက်မနေကြရန် တာဝန်ရှိသူများက အလေးထားပြောဆိုနေသည့်ကြားမှ တူရကီ ပြည်သူများသည် ပွဲတော်အတွင်း ကပ်ရောဂါဆိုင်ရာ အမိန့်များကို လစ်လျူရှုခဲ့ကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Fahrettin Koca က ဆိုသည်။

 

“ကံမကောင်းစွာနဲ့ပဲ အားလပ်ရက်အပန်းဖြေစခန်းတွေမှာ ပွဲတော်ကာလအတွင်း ကပ်ရောဂါအရင်းခံအကြောင်းတရားတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခဲ့ဘူး” ဟု Koca က ဩဂုတ် ၃ ရက် ညပိုင်းက တွစ်တာပေါ်၌ ရေးသားခဲ့သည်။


တူရကီနိုင်ငံတစ်ဝန်း COVID-19 ရောဂါကူးစက်မှု အရေအတွက်သည် စုစုပေါင်း ၂၃၃,၈၅၁ အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူအရေအတွက်သည် ၅,၇၄၇ ရှိပြီဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။ 

 

“လာမယ့်ရက်တွေမှာ နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားသူအရေအတွက် မြင့်တက်လာမှာ စိုးရိမ်မိတယ်။ နိုင်ငံသားတွေအနေနဲ့ အားလပ်ရက်တွေမှာ ဂရုတစိုက်ရှိကြဖို့ တိုက်တွန်းပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

 

Yasemin Yavuz နှင့် ၎င်း၏မိသားစုသုံးဦးတို့သည် ပွဲတော်နောက်ဆုံးနေ့ကို Sarimsakli ကမ်းခြေတွင် ကုန်ဆုံးရန် နိုင်ငံ အနောက်မြောက်ပိုင်း Balikesir ပြည်နယ်၊ Ayvalik ခရိုင်သို့ ဩဂုတ် ၃ ရက်က ရောက်ရှိလာခဲ့သည်။


“ကမ်းခြေမှာ ဘယ်သူမှ နှာခေါင်းစည်းမတပ်ကြဘူး။ ပင်လယ်ထဲမှာ ဘေးချင်းကပ်လျက်ပဲ ရေတွေကူးနေကြတယ်” ဟု ၎င်းက ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

 

သိပ္ပံနည်းပညာကော်မတီ အဖွဲ့ဝင် Tevfik Ozlu က နိုင်ငံသားများအနေဖြင့် လူချင်းခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လူနေမှုဘဝကန့်သတ်မှုများကို လူအများစုမလိုက်နာကြသဖြင့် လာမည့် ၇ ရက်မှ ၁၀ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အရေအတွက်သည် “ပေါက်ကွဲမှု” ဖြစ်လာဖွယ်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

 

“အကယ်၍ ရောဂါဖြစ်ပွားမှုအရေအတွက် တစ်ဖန်ပြန်မြင့်တက်လာမယ်ဆိုရင် ကပ်ရောဂါ ကာကွယ်ရေး ကန့်သတ်ချက်အချို့ကို ပြန်လည် သတ်မှတ်ပြဌာန်းရဖွယ်ရှိတယ်” ဟု Ozlu က ဩဂုတ် ၃ ရက်၌ ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

ကူးစက်ရောဂါများဆိုင်ရာအသင်း ဥက္ကဋ္ဌ Mehmet Ceyhan ကလည်း ကမ်းခြေများ အပါအဝင် လူမှုရေးစုဝေးမှုများအပေါ် တင်းကြပ်မှုများ သတ်မှတ်သွားနိုင်ဖွယ်ရှိကြောင်းကို သတင်းဖော်ပြချက်များအရ ဆိုခဲ့သည်။

 

ထို့ပြင် နိုင်ငံ အနောက်ပိုင်း Aydin ပြည်နယ်၊ ကူဆာဒါဆီခရိုင်ရှိ အသက် ၆၈ နှစ်အရွယ် ဒေသခံ Sukran Boncuk က လူအစုအဝေးကြောင့် အားလပ်ရက်နှစ်ရက်အတွင်း အပြင်ကိုမထွက်ဖြစ်ခဲ့ကြောင်း ဆင်ဟွာသို့ ပြောခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာန၏ မိုဘိုင်း Application တွင် ဖော်ပြမှုအရ ၎င်း၏ရပ်ကွက်ကို အန္တရာယ်ရှိအဆင့်အဖြစ် မကြာသေးမီက တိုးမြှင့်ခဲ့သည်ဟု Boncuk က ဆိုသည်။

 

သို့သော် တူရကီနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ Sururi Corabatir က ကပ်ရောဂါကန့်သတ်ချက်များကြောင့် နေအိမ်အတွင်း ကာလရှည် နေထိုင်ရသော ပြည်သူများအနေဖြင့် အားလပ်ရက်အနားယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။


၎င်းကဆက်၍ ခရီးသွားများသည် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ပြန်လည်အားရှိစေကြောင်းနှင့် ဒေသအားလုံးရှိ ဟိုတယ်များတွင် လာရောက်တည်းခိုမှုနှုန်းမှာ သိသိသာသာမြင့်တက်လျက်ရှိကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီသို့ ပြောကြားခဲ့သည်။

 

ထို့ပြင် ၎င်းက ဟိုတယ်များတွင် ဘေးကင်းစိတ်ချစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားကြောင်း ဖြည့်စွက်ပြောခဲ့သည်။

ဆင်ဟွာ

Read times
Rate this item
(0 votes)