ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် COVID_19 လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ သံသလူနာ လေးဦးရှိရာ ဓာတ်ခွဲအဖြေအရ လေးဦးလုံးမှာရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
မတ်လ ၂၄ရက်နေ့တွင် ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံတွင်အမျိုးသားနှစ်ဦး၊ မတ်လ ၂၅ရက်နေ့တွင် ပြွန်တန်ဆာမြို့တိုက်နယ်ဆေးရုံတွင် အမျိုးသမီးတစ်ဦး နှင့်ညောင်လေးပင်မြို့ နယ်ပြည်သူ့ ဆေးရုံတွင်အမျိုးသားတစ်ဦး စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် COVID - 19 ရောဂါ သံသယ လူနာလေးဦးဆေးကုသမှုခံယူလျက်ရာ အဆိုပါ သံသယလူနာလေးဦးလုံး ရောဂါပိုးမရှိကြောင်း မြို့နယ်ပြည်သူ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးက ပြောသည်။
ပြွန်တန်ဆာတိုက်နယ်ဆေးရုံရှိ သံသယလူနာသုံးဦးမှာ ဓာတ်ခွဲအဖြေရရှိပြီဖြစ်ပြီး သုံးဦးလုံး အဆိုပါ ရောဂါပိုးမရှိကြောင်း နှင့် ညောင်လေးပင်မြို့နယ်ပြည်သူ့ဆေးရုံရှိ သံသယလူနာမှာ ကျန်းမာရေး ကောင်းမွန်၍ မတ်လ ၂၆ ရက်က ဆေးရုံကဆင်းခွင့်ပြုလိုက်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ မြို့ပါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ကိုရိုနာဗိုင်းရပ်စ် COVID - 19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီးပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိလာသူများအား ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုကုသပေးခြင်း၊ ရုံးဌာနများနှင့် မြို့မဈေးတို့တွင် လက်ဆေးဘေစင်များထားရှိပေးခြင်း၊ လူစည်ကားသည့်နေရာများတွင် ဆောင်ရန် ရှောင်ရန်အချက်များပါသည့် ဗီနိုင်းများထားရှိခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသံချဲ့ စက်များဖြင့်ကြေညာခြင်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဌာနတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)