What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 12:23

ကိုဗစ် သံသယလူနာတွေ အဖြေမထွက်ခင် အိမ်မှာစောင့်နိုင်မယ့်အစီအစဉ် စမ်းသပ်

ကိုဗစ် သံသယလူနာတွေကို ဖျားနာကုအခမဲ့ဆေးခန်း(Fever Clinics) တွေမှာ နှာခေါင်းနဲ့ အာခေါင် တို့ဖတ်နမူနာယူပြီး အဖြေမထွက်သေးခင် အိမ်မှာစောင့်ခိုင်းထားတဲ့အစီအစဉ်ကို အင်းစိန်မြို့နယ်မှာ စတင်စမ်းသပ်နေပါတယ်။

 

အရင်က ကိုဗစ် သံသယလူနာတွေဆီက တို့ဖတ်နမူနာတွေကို ဆေးရုံတွေမှာပဲ ယူတာဖြစ်ပါတယ်။ အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းမှာ စတင်စမ်းသပ်နေတဲ့ ဒီအစီအစဉ်ကို ကျန်းမာရေးတာဝန်ရှိသူတွေက စောင့်ကြည့်နေပြီး အဆင်ပြေရင် တခြားမြို့နယ်တွေမှာပါ လုပ်လာနိုင်တယ်လို့ Community Fever Clinic Yangon Network တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

 

ပိုးတွေ့လူနာတွေ တရှိန်ထိုးတက်လာလို့ ဝန်ပိနေတဲ့ဆေးရုံတွေကို ကူညီနိုင်ဖို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက အင်းစိန်ဆေးရုံနဲ့ ညှိနှိုင်းပြီး ဒီအစီအစဉ်ကို စမ်းသပ်တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ရက်မှာ စတင်တဲ့ ဒီအစီအစဉ်အရ အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းက တို့ဖတ်နမူနာ ၂၀ ယူခဲ့ပြီး ၆ ခုမှာ ပိုးတွေ့ခဲ့ပါတယ်။ စက်တင်ဘာ ၁၄ ရက်မှာတော့ တို့ဖတ်နမူနာ ၃၂ ခု ယူခဲ့ပြီး အဲဒီထဲက သုံးပုံနှစ်ပုံမှာ ပိုးတွေ့တယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

 

ဆေးခန်းကိုရောက်လာတဲ့ သံသယလူနာတွေအနက် ကျန်းမာရေးကောင်းသူတွေကို နှာခေါင်းနဲ့ အာခေါင် တို့ဖတ်နမူနာယူပြီး အိမ်မှာအဖြေစောင့်ခိုင်းတဲ့စနစ်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ သံသယလူနာတွေအနေနဲ့ အိမ်မှာ နေထိုင်ရမယ့် စည်းကမ်းတွေကို လိုက်နာဖို့က ဒီအစီအစဉ်ရဲ့ အဓိကစိန်ခေါ်မှုဖြစ်လာပါတယ်။ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းရင်တော့ ဆေးရုံကို ချက်ချင်းတန်းပို့တယ်လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

 

အိမ်မှာ အဖြေစောင့်နေတဲ့ သံသယလူနာတွေအနေနဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာရင် ဖျားနာကုအခမဲ့ဆေးခန်းကို ဖုန်းဆက်တဲ့အခါ လူနာတင်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီစနစ်မှာ ဆေးရုံတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တဲ့ အားသာချက်ရှိသလို အားနည်းချက်လည်း ရှိပါတယ်။ 'positive လို့ အကြောင်းကြားတဲ့အခါ လူနာကကြောက်ပြီး ထွက်ပြေးရင်တော့သွားပြီ' လို့ ဒေါက်တာကျော်မင်းထွန်းက သူ့ရဲ့စိုးရိမ်ချက်ကို ပြောပါတယ်။

 

ဒါကြောင့် ဖျားနာကုအခမဲ့ဆေးခန်းအနီးမှာ အဖြေစောင့်နေတဲ့ သံသယလူနာတွေကို ထားပြီး စောင့်ကြည့်ဖို့ နေရာရှာဖို့ကိုလည်း စဉ်းစားနေတယ်လို့ သူက ဆက်ပြောပါတယ်။ အင်းစိန်ဆေးရုံကြီးက ပါမောက္ခဒေါက်တာမာမာကြည် ဦးဆောင်ပြီး အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းမှာ တို့ဖတ်နမူနာယူနည်း၊ သိုလှောင်နည်းနဲ့ ပို့ဆောင်နည်းတွေကို စနစ်တကျ သင်တန်းပေးခဲ့ပါတယ်။

 

အင်းစိန် ဖျားနာကုအခမဲ့ဆေးခန်းမှာ တစ်ပတ်ကို တနင်္လာနဲ့ သောကြာနှစ်ရက် တို့ဖတ်နမူနာယူပေးလျက်ရှိပြီး အခြေအနေပေါ်မူတည်ပြီး ရက်တိုးပေးလျက် ရှိပါတယ်။ ဆေးရုံတွေရဲ့ဝန်ကိုလျှော့ချဖို့ မြို့နယ်တိုင်းက ဖျားနာကုအခမဲ့ဆေးခန်းတွေမှာ ဒီအစီအစဉ်ကိုလုပ်နိုင်ဖို့ မျှော်လင့်ကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)