What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 September 2020 11:45

ဆီးချို သွေးချိုရှိသူတွေ ကိုဗစ်ကာလမှာ ဘာတွေ လုပ်ဖို့လိုမလဲ

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်က စက်တင်ဘာလ ၁၆ ရက် ညပိုင်းမှာ ၃၈၂၁ယောက် ရှိလာပြီး သေဆုံးသူ ဦးရေကလည်း ၄၀ ယောက် အထိ ရှိလာပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်မှာ ကူးစက်ခံရသူ ၃၇၄ ယောက်၊ သေဆုံးသူ ၆ ယောက် ရှိခဲ့ရာကနေ တစ်လအတွင်း အခုလို ခုန်တက်လာခဲ့တာပါ။ သေဆုံးသူတွေထဲမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတဲ့ ရောဂါ အခံရှိသူတွေက အများဆုံးဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တမ်းတွေအရ လူဦးရေ ၁၀. ၅ ရာခိုင်နှုန်းက ဆီးချို သွေးချို ရှိနေသူတွေ အဖြစ်တွေ့ထားရသလို၊ နောက်ပိုင်းနှစ်တွေမှာ ဒီနှုန်းက ပိုတက်လာခဲ့နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ယူဆထားကြတာပါ။

 

ကိုဗစ်ကပ်အတွင်း ဘာကြောင့် ဒီရောဂါရှင်တွေ သေဆုံးမှု များရတာပါလဲ။ ဆီးချို ရောဂါအခံရှိသူတွေကို ဗိုင်းရပ်စ်ကူးရင် ဘယ်လောက် အန္တရာယ် ပိုကြီးပါသလဲ၊ သူတို့အနေနဲ့ ဗိုင်းရပ်စ် မကူးအောင် ဘယ်လို ပိုဂရုစိုက်ရမလဲ။ ကူးမိပြီဆိုရင်ရော ဘာတွေ အရင်ဆုံး လုပ်ဖို့ လိုပါသလဲ။ ဒီအကြောင်းတွေကို ရန်ကုန် ဆေးတက္ကသိုလ် (၁ ) ဆီးချိုနဲ့ ဟော်မုန်းဗေဒဆိုင်ရာ ဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးဝင့်အောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

ရောဂါအခံရှိသူတွေ ဘာကြောင့် ပိုသေဆုံးတာလဲ

အကြမ်းဖျင်း (ဗိုင်းရပ်စ်) ကူးစက်ခံရသူ ၆၀ ရာခိုင်နှုန်းလောက်က ဆီးချိုသွေးချို၊ကျောက်ကပ်နဲ့ နာတာရှည်ရောဂါလို ရောဂါအခံရှိသူတွေပါ။နောက်ပြီး ကိုဗစ်ဖြစ်ပြီး သေဆုံးသူတွေကြည့်ရင် သေဆုံးသူ ၃ ပုံ ၂ ပုံ လောက်က အဲဒီ နာတာရှည်ရောဂါတွေ ဖြစ်နေသူတွေဆိုတာကိုလည်း တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဆီးချိုသွေးချိုရှိရင် ကိုယ်ခံအားစနစ် အားနည်းတဲ့အတွက် ကိုဗစ်- ၁၉ ပိုးသာမက တခြား ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အကုန်ဝင်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သေဆုံးမှုတွေ ပိုများနိုင်တာပါလို့ ပြောပါတယ်။

 

ဆီးချိုရောဂါခံစားရသူတွေ ကိုဗစ်သံသယရှိရင် ဘာလုပ်ရမလဲ

မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရှိသူတွေ ကိုဗစ်သံသယရှိရင် ပိုးရှိမရှိ စစ်ချင်တယ်ဆိုရင် တိုင်းဆေးရုံကြီးတွေမှာ စစ်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ ကိုဗစ်ရောဂါရဲ့ ရောဂါလက္ခဏာ အပျော့စား တချို့ ပဲ ရှိတယ်ဆိုရင်တော့ ဆီးချို သွေးချို ရှိသော်လည်း အိမ်မှာပဲ နေလို့ရပါတယ်လို့ ဆိုပါတယ်။

 

အိမ်မှာ ဘယ်လို ကွာရန်တင်းလုပ်မလဲ

အဲဒီလို အိမ်မှာပဲနေတဲ့အခါ ဆီးချိုသွေးချိုရှိသူတွေ အကြောက်မလွန်ဘဲ ကိုယ်ခံအားကောင်းအောင်နေပြီး Self Quarantine (ကိုယ့်ဘာသာကိုယ် သီးခြားနေတဲ့ ကွာရန်တင်း) လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

 

သီးခြားနေတဲ့ ကွာရန်တင်း လုပ်ဆောင်နိုင်တဲ့အချက်တွေ- အိမ်မှာ အခန်း သီးသန့်ခွဲနေနိုင်ရင် နေပါ။ Mask (နှာခေါင်းစည်း) တပ်ထားရမယ်။ အိမ်သားတွေနဲ့ စကားပြောရင်လည်း ခပ်ခွာခွာနေပြီး ဥပမာ - ၆ ပေ ခွာပြီး ပြောရမယ်။ ထမင်းစားရင်လည်း ကိုယ့်ဘာသာကိုယ် သီးခြားခွဲစားဖို့ လိုပါမယ်။ အဲလိုနေပြီး ကိုယ်ခံအားကောင်းအောင် နေမယ် ဆိုရင် ကွာရန်တင်း လုပ်တဲ့ ၁၄ ရက်အတွင်း (ကိုဗစ်) ရောဂါ သက်သာလာနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။

 

ကြောက်စိတ်နဲ့ ဆီးချို အဆက်အစပ်

ကြောက်ရင် စိတ်ဖိစီးလို့ ထွက်လာတဲ့ ဟော်မုန်းတွေ (Stress hormones) ပိုထွက်လာတတ်တယ်။ အဲဒီ ဟော်မုန်းတွေက သွေးမှာ အချိုဓာတ်တက်လာတာကို ထိန်းပေးတဲ့ အင်ဆူလင်လို ဆေးတွေရဲ့ စွမ်းအားကို လျှော့ချပစ်လိုက်တယ်၊ ဒီတော့ ဆီးချိုပိုတက်လာတတ်တယ်။ ဒါကြောင့် အကြောက်မလွန်ဖို့ သတိပေးထားပါတယ်။

 

အစားအသောက် နဲ့ ဆေးဝါး

အစားမစားတာ၊ ရေသောက်တာလျှော့တာမျိုးတွေလည်း မလုပ်သင့်ဘူး။ ရေလျှော့သောက်ရင် ကိုယ်မှာ ရေဓာတ်နည်းသွားမယ်။ အစားမစားဘဲ ဆီးချိုဆေးတွေ ဆက်သောက်နေရတော့ ကိုယ်မှာ လိုအပ်တဲ့ အချိုဓာတ်က နည်းသွားတာမျိုးဖြစ်သွားတတ်တယ်လို့ ဆိုပါတယ်။ နောက်တခုက (ကိုဗစ်) ရောဂါဖြစ်နေတယ်၊ ဆီးချိုဆေးတွေ ဆက်မသောက်ဘူး လို့ လုပ်လို့လည်း မရဘူး။ အဲဒါဆိုရင် ဆီးချိုက ဆောင့်တက်ပြီးတော့ ကိုယ်တွင်းမှာ အချိုဓာတ်တွေများပြီး ဆိုးရွားတဲ့ (နောက်ဆက်တွဲ ရောဂါ) ပြဿနာတွေဖြစ်လာတတ်တယ်။

 

အဲဒီတော့ ဆီးချို သွေးချို ရောဂါသည်တွေ အနေနဲ့ သာမာန် (ကိုဗစ် မသင်္ကာ) ရောဂါ လက္ခဏာတွေ ဥပမာ - ချောင်းဆိုး၊ နှာစေး ဖြစ်လာတယ်ဆိုရင် အိမ်မှာ ကိုယ့်ဘာသာကိုယ် ကွာရန်တင်းလုပ်ပြီး နေပါ၊ ပုံမှန်အတိုင်း စားသောက်ပါ၊ ပုံမှန်အတိုင်း (ဆီးချို) ဆေးတွေကို သောက်သုံးပါလို့ အကြံပြုထားပါတယ်။

 

ဆီးချိုသွေးချိုထိန်းပါ

ကိုယ့်ရဲ့ ဆီးချို သွေးချိုဓာတ်ကို မှန်မှန်စစ်ပေးပါ။ ခါတိုင်း အချိန်မှာ တနေ့ကို ၁ ခါစစ် တယ်ဆိုရင် အခုလိုအချိန်မှာ တနေ့ ၃ ခါ ၄ ခါ စစ်သင့်တယ်။ အစာမစားခင်နဲ့ စားပြီး စစ်ရမယ်၊ မစားခင်ဆိုရင် ပုံမှန်က (blood sugar level - mg/dL) ၉၀ နဲ့ ၁၃၀ ကြား၊ စားပြီးချိန် ဆိုရင် ၁၈၀ မှ ၂၀၀ ပဲ ရှိအောင်ထိန်းသိမ်းရမယ်။ အဲဒါတွေထက် မပိုရဘူး။

 

ဆရာဝန်တွေနဲ့ ဆက်သွယ်ဆွေးနွေးရင် ကိုယ်က ကိုယ့်အခြေအနေကို ပိုပြီး ပြောပြနိုင်အောင် Sugar Record (ဆီးချို တက်သွား၊ ကျသွားတဲ့ အခြေအနေမှတ်တမ်း) ကိုမှတ်ထားပါ။ တကယ်လို့ ဆီးချိုက ၂၅၀၊ ၃၀၀ စသဖြင့် တက်လာရင်တော့ ဆေးရုံကို လာပါ။ ဆေးရုံကို မလာချင်ရင်တောင် ကိုယ့်ဆရာဝန်ဆီ ဆက်သွယ်ပြီး ဘာလုပ်သင့်တယ် ဆိုတာ အကြံတောင်းစေချင်ပါတယ်လို့ ဆိုပါတယ်။

 

သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေ ဘယ်လို ကာကွယ်မလဲ

နာတာရှည် ရောဂါရှိသူတွေ၊ ဆီးချို ရောဂါသည်တွေနဲ့ သွေးတိုး စတဲ့ ရောဂါ ရှိသူတွေက ဆီးချို၊သွေးတိုး တိုင်းတာမှတ်ထားပြီး ဆေးတွေ ပုံမှန်သောက်၊ ဆေးကို မပြတ်အောင် ဆောင်ထားသင့်ပါတယ်လို့ လည်း အကြံပြုထားပါတယ်။ အာဟာရဓာတ်ကောင်းအောင် အစားအသောက် အနေအထိုင် ဂရုစိုက်ရမယ်လို့လည်း ဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပြီး အပြင်မထွက်နိုင်ရင်လည်း အိမ်ထဲမှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။

 

အခန်းကို ပတ်လျှောက်တာ၊ ထိုင်နေတဲ့ ခုံမှာပဲ ခြေထောက် ကွေးဆန့်ပြီး လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်သင့်တယ်လို့ ဆိုပါတယ်။ လူကြီးတွေ ကိုယ်ခံအားကောင်းအောင် ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ သတ္တုဓာတ် (Zinc) စတဲ့ ဓာတ်တွေ ပါတဲ့ အားဆေးတွေ၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ ဒါမျိုးတွေကို ကျွေးသင့်တယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအဖို့ ဆီးချိုကို ထိန်းနိုင်အောင် အမြဲလုပ်ပါ၊ ကိုယ်ခံအားကောင်းအောင် နေပါ၊ အဲဒီလို က်ကိုယ်ခံအားကောင်းပြီ ဆိုရင် (ကိုဗစ်) ရောဂါပိုးဝင်လာတယ်ဆိုပေမယ့်လည်း ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်လောက်ကြာရင် အဲဒီပိုးဟာ ကိုယ့်ခန္ဓာထဲမှာပဲ ပျောက်ကင်းသွားနိုင်ပါတယ်လို့ အကြံပြုထားပါတယ်။

 

ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)