What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 20 September 2020 09:12

ကိုဗစ် ကူးစက်မှုနှုန်း နှင့် သေဆုံးနှုန်း နောက်နှစ်ပတ် မှ သုံးပတ်အတွင်း ဆက်လက်မြင့်တက်နိုင်

COVID-19 ရောဂါ ကူးစက်မှုနှုန်း နှင့် သေဆုံးနှုန်း နောက်နှစ်ပတ် မှ သုံးပတ်အတွင်း ဆက်လက်မြင့်တက်နိုင်ပြီး

ပြည်သူပါဝင်မှုအားကောင်းပါက ဆောလျင်စွာကျဆင်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန် ၌ COVID-19 ရောဂါကူးစက်မှုနေ့စဉ်မြင့်တက်နေသကဲ့သို့၊ သေဆုံးနှုန်းလည်း မြင့်တက်လျက်ရှိကြောင်း၊ ကပ်ရောဂါ ၏ သဘောတရားအရ နောက်နှစ်ပတ် မှ သုံးပတ်အတွင်း ကူးစက်မှုနှုန်း နှင့် သေဆုံးနှုန်း ဆက်လက်မြင့်တက်နိုင်ကြောင်း နှင့် ပြည်သူပါဝင်မှု အားကောင်းပါက ဆောလျင်စွာကျဆင်းသွားနိုင်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ စက်တင်ဘာ ၁၉ ရက်တွင်ပြောသည်။

“လာမယ့် နှစ် ပတ် ကနေ သုံး ပတ် အတွင်းကတော့ ဒီနှုန်းတွေက ထပ်ပြီးတက်နေဦးမယ် မှန်းထားတယ်။ ပြည်သူအားလုံးက ပါဝင်ရင် ပါဝင်သလို ခုန နှစ်ပတ် သုံးပတ်ထက်စောပြီး ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ပြုတ်ကျသွားနိုင်တယ်။ ပြည်သူပါဝင်မှု အားနည်းရင် ဒီ့ထက်ပိုပြီးဆိုးတဲ့ အခြေအနေလည်း ရင်ဆိုင်ရနိုင်တယ်။ အားလုံးက ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လိုပါတယ်။ ဒါတွေ က အရမ်းအရေးပါတဲ့ အချိန်ကာလ ဖြစ်နေပါပြီ။’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

သေဆုံးမှုနှုန်းသည် ကပ်ရောဂါ ၏ သဘောအရ လိုက်နာမှုပေါ်တွင် မူတည်ကြောင်း၊ သို့သော်လိုက်နာမှု အရမ်းကောင်းသော်လည်း ယခုကဲ့သို့ အချိန်ကာလ သည် ရောဂါပျိုးချိန် ဖြစ်၍ ရောဂါပိုးရှိနေပြီးသူများ ရှိနိုင်ကြောင်း၊ ၎င်းတို့မှတဆင့် ရောဂါကူးစက်မှု မှာ ဆက်လက်မြင့်တက်နိုင်ကြောင်း၊ ရောဂါလက္ခဏာကို မူတည်၍ ကုသရသည့် အခါ ရောဂါကူးစက်နှုန်းများသကဲ့သို့ သေဆုံးနှုန်းလည်း များနိုင်ခြင်းဖြစ်ကြောင်း သိရသည်။


“Social Media မှာ တော်တော်ဆိုးဆိုးရွားရွား တင်နေတာတွေ တွေ့တယ်။ တတ်နိုင်သ၍ အနံ့အရသာပျောက်ရင် အိမ်မှာပဲနေတို့၊ ဘယ်မှ သတင်းမပို့နဲ့ ဆိုပြီး တင်ကြတာတွေ့ရတယ်။ စိတ်မကောင်းဘူး။ ရောဂါအခံရှိတဲ့သူတွေ မှာ COVID-19 ဝင်တဲ့အချိန် ကုသရတာချင်းမတူတော့ဘူး။ တစ်ဆင့်ချင်း ကုသမှု ပေးနိုင်ရင် ခန္ဒာကိုယ်က ခံရတာလည်း သက်သောင့်သက်သာရှိမယ်။


နောက်ဆက်တွဲဆိုးကျိုးတွေလည်း မလာနိုင်တော့ဘူး။ နိုင်ငံတကာမှာလည်း စောစောသိ စောစော ကုကြတာ။ စောစောသိပြီး စောစော ကု ရင် ကောင်းနိုင်ပေမယ့် အိမ်မှာ ဘာရောဂါမှန်း မသိပဲ COVID-19 ရောဂါလက္ခဏာတွေ နဲ့ သေဆုံးရတယ်။ ဒီလိုလက္ခဏာ တွေရှိလို့ ကောက်စစ်လိုက်တဲ့ အချိန် မှာ COVID-19 ရောဂါ တွေ့ရတာတွေ ရှိတယ်။ အဲ့ဒါတွေ က အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ COVID-19 ရောဂါ ရဲ့ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ ရှိတဲ့ ဥပမာ နှလုံး၊ ကျောက်ကပ်၊ အဆုတ်တို့ လို မျိုး အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပျက်ဆီးပြီးတော့မှ ဆေးရုံရောက်လာတော့လည်း ဘယ်လိုမှကုသလို့မရတော့တဲ့ အခါ တစ်ဖက်က သေဆုံးမှုနှုန်းကို မြင့်မားစေတဲ့ အကြောင်းတရားတွေဖြစ်တယ်။’’ ဟု ဒေါက်တာသန်းနိုင်စိုးက ဆက်ပြီးရှင်းပြသည်။

ထို့ကြောင့် ပြည်သူများ အနေဖြင့် COVID-19 ရောဂါကူးစက်ခံရသည်ဟု သံသယ ရှိပါက စောစောအကြောင်းကြား၍ ကုသမှု ခံယူသင့်ကြောင်း၊ ထို့အပြင် တစ်ဖက်မှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်် ပြည်နယ်အစိုးရများ ၏ ထုတ်ပြန်ချက် အတိုင်း Stay at Home နေ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအား လိုက်နာပါက တစ်ဖက်က ရောဂါကူးစက်မှု ကွင်းဆက်များ ပြတ်တောက်ပြီး ရောဂါကူးစက်မှု ကျဆင်းတာနှင့် အမျှ တက်နေသည့် လမ်းကြောင်းက တန်း၍ တန်းနေသည့် လမ်းကြောင်း ကျသွားနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
Xinhua

Read times Last modified on Sunday, 20 September 2020 09:15
Rate this item
(0 votes)