What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 September 2020 13:13

ရန်ကုန်တွင် ကိုဗစ်ပြည်တွင်းကူးစက်မှု လုံး၀ရပ်တန့်အောင် နှစ်ပတ်အတွင်း တင်းကျပ်စွာ ကိုင်တွယ်မည်

ပြည်တွင်းကူးစက်မှုလျင်မြန်စွာဖြစ်ပေါ်နေသော ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်နေမှု လုံး၀ရပ်တန့်အောင် နှစ်ပတ်အတွင်း တင်းကျပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

“၂၄ ရက်လောက်ကနေစပြီး လုပ်ငန်းတွေ တင်းကျပ်မယ်”ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။ ရန်ကုန်ရှိ ကိုဗစ်ပြည်တွင်းကူးစက်နေမှု၏ ကွင်းဆက်များကို ဖော်ထုတ်ပြီး ရောဂါပြင်းထန်လျှင် ဆေးရုံများကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကူးစက်မှုကို ဆက်လက်ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြသည်။

 

လက်ရှိတွင် ရိုးမကိုဗစ်ကုသရေးဌာနတွင် လူ ၂၀၀၀ လက်ခံနိုင်ရန် စီစဉ်နေပြီး အောင်မြင့်မိုရ်အိမ်ရာတွင်လည်း လူ၂၀၀၀ လက်ခံနိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက လက်ရှိပြင်ဆင်ထားမှုကို ပြောကြားသည်။ “ရန်ကုန်ရဲ့ ပြည်တွင်းကူးစက်မှု လုံး၀ရပ်တန့်သွားအောင် လုပ်မယ်”ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရိုးမရိပ်သာသို့ သွားရောက်ကြည့်ရှုစဉ် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ လတ်တလောတွင် ကိုဗစ်လူနာများကို ဝေဘာဂီ၊ ဖောင်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီး စသည်တို့တွင် ကုသပေးနေသည်။

 

ယင်းအပြင် COVID-19 ကုသရေးဌာန (လှိုင်)၊ COVID-19 ကုသရေးဌာန (သုဝဏ္ဏ) နှင့် COVID-19 ကုသရေးဌာန (ဒဂုံဆပ်ကမ်း) တို့တွင်လည်း ကိုဗစ်လူနာများကို ကုသပေးနေပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်လျင်မြန်စွာ ကူးစက်ပြန့်ပွားနေမှုကို စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ၂ ပတ်အတွင်း ထိန်းချုပ်မည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။

 

ထို့ကြောင့် မဖြစ်မနေတက်ရမည့်လုပ်ငန်းများ၊ အိမ်က လုပ်ရမည့်အလုပ်များ၊ အပြင်ထွက်လျှင် မဖြစ်မနေ လိုက်နာသင့်သည့် စည်းကမ်းများကိုလည်း အစိုးရက ထုတ်ပြန်ထားသည်။ ထို့ပြင် စားသောက်ဆိုင်များမှ ကိုဗစ်ပြည်တွင်းကူးစက်မှုဖြစ်နေသဖြင့် တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရတော့မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် စက်တင်ဘာလ ၂၃ ရက်နေ့ နက် ၈ နာရီအထိ ကိုဗစ်ကူးစက်ခံရသူပေါင်း ၆၉၅၉ ဦး၊ သေဆုံးသူပေါင်း ၁၁၆ ဦးရှိပြီဖြစ်သည်။

Clean Yangon

Read times
Rate this item
(0 votes)