What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 September 2020 22:38

လျင်မြန်စွာ စစ်ဆေးနိုင်မည့် test kit များ အခုရေ နှစ်သိန်း မှာယူထား

"ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးရုံအုပ်ကြီးများ၊ ကုသရေးပါမောက္ခများ၊ တာဝန်ရှိသူများနှင့်

COVID-19 လူနာများကုသရေး နှင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ" အား စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးသို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်များ၊ ဆေးရုံများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -
• ယနေ့အစည်းအဝေးတွင် COVID-19 ကုသရေးဌာနများ၊ ဆေးရုံများ၊ အသွားအလာကန့်သတ်သော နေရာများတွင် အရင်းအမြစ်လိုအပ်ချက်များ၊ ဗဟိုအဆင့်နှင့် ရန်ကုန်တိုင်းဒေသကြီးများမှ ပံ့ပိုးပေးရန် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် အတွေ့အကြုံများ ဖြန့်ဝေဆွေးနွေးနိုင်ရန် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနမှ ထပ်မံပံ့ပိုးပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ပြတ်ပြတ် သားသား တင်ပြကြစေလိုပါကြောင်း၊ ဌာန/ ဆေးရုံတစ်ခုမှ ကောင်းမွန်သည့် လုပ်ဆောင်မှုများကို အခြားဌာန/ ဆေးရုံများမှ အတုယူလုပ်ဆောင်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လိုအပ်ချက် များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြည့်ဆည်းပေးနိုင်ရန်အစီအစဉ်အမျိုးမျိုးကို ချမှတ်ဆောင်ရွက်နေ ပါကြောင်း ကိုလည်း အသိပေးလိုပါကြောင်း၊
• COVID-19 ကြောင့် သေဆုံးမှု လျှော့ချနိုင်ရေးအတွက် တစ်ဖက်မှ အထူးကုဆရာဝန်ကြီးများ က ကြိုးစားကုသလျက်ရှိသည့်အပြင် ဆေးရုံအုပ်ကြီးများ၏ အခန်းကဏ္ဍသည် လူနာသေဆုံးမှု လျှော့ချနိုင်ရေးအတွက် အထူးအရေးကြီး ပါကြောင်း၊
• ဆေးရုံတွင်း၌ လိုအပ်သည့် COVID-19 ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှုနှင့် ဖြန့်ဝေမှု၊ ဆေးရုံဝန်ထမ်းများ တာဝန်ခွဲဝေချထားမှု၊ ကုသမှုရေးရာ၊ စီမံခန့်ခွဲမှုရေးရာ၊ ဝန်ထမ်းများအဘက်ဘက်မှ အဆင်ပြေမှု၊ သက်ဆိုင်ရာတာဝန်ရှိသူများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ကောင်းလျှင် ကောင်းသလို ရောဂါကြောင့်သေနှုန်းလည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊
• COVID-19 ကြောင့်သေဆုံးမှု ကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကိုလည်း ဆေးရုံအုပ်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ အနေဖြင့် ပွင့်လင်းစွာဆွေးနွေးတင်ပြကြစေလိုပါကြောင်း၊
• ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံကြီးအချို့တွင် ဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်မားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်း များနှင့် ပရဟိတစေတနာရှင်များအနေဖြင့် ရရှိသော အရင်းအမြစ်ဖြင့် အကျိုးရှိထိရောက်စွာ အသုံးချကာ အကောင်းဆုံးအားထုတ်ကြိုးစားဆောင်ရွက်နေခြင်းများကို တွေ့ရှိရသည့်အတွက် အထူးကျေနပ်ပါကြောင်း၊
• ဤကဲ့သို့သော အချိန်ကာလ၌ ဆေးရုံတွင်း၌ လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နေရသည့်အတွက် အဆင်မပြေမှုများ အနည်းငယ်ရှိ နိုင်သော်လည်း ၎င်းအချက်များအား စုပေါင်းဆွေးနွေးကာ အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဆုံးဖြတ်၍ ဆောင်ရွက် စေလိုပါကြောင်း၊
• ဆေးရုံတွင်း၌ ကုသရေးဆရာဝန်များ၊ နှီးနွှယ်ပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအကြား ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းများ တတ်နိုင်သမျှ ရရှိအောင် လုပ်ဆောင်ကြစေလိုပါကြောင်း၊
• ဆေးရုံလုပ်ငန်းများ၌ ဆုံးဖြတ်ရန် ခက်ခဲသော မူဝါဒနှင့် နည်းဗျူဟာများ ရှိပါက "ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့" နှင့် တိုင်ပင်ဆွေးနွေးကာ ချက်ချင်းဆုံးဖြတ် ဆောင်ရွက်စေလိုပါကြောင်း၊
• ဝန်ကြီးဌာန၊ နေပြည်တော်မှ လမ်းညွှန်ချက်များ၊ လုပ်ငန်းစဉ်များနှင့် သတင်းအချက်အလက်များကို ဝန်ကြီးဌာန၏ အစိုးရအီးမေးလ်မှ တစ်ဆင့် တစ်ပြည်လုံးရှိ ဆေးရုံအုပ်ကြီးများထံသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေလျက်ရှိသောကြောင့် ဝန်ကြီးဌာနအီးမေးလ်ကို ပုံမှန်ကြည့်ရှုတုံ့ပြန်ခြင်းကို ယခုကာလအတွင်း၌ မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေသော ဝန်ကြီးဌာနမှ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲပညာရှင်များ၊ နှီးနွှယ်ပညာရှင်များနှင့် စီမံခန့်ခွဲရေးဝန်ထမ်းများ ရောဂါကူးစက်ခံရခြင်းမရှိစေရေန်နှင့် ၎င်းတို့ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း၊ နေထိုင်သွားလာရေးကိစ္စရပ်များတွင်လည်းကောင်း အဆင်ပြေစေရေးအတွက် ပထမဦးစားပေးအဖြစ် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအတွက် ဦးစားပေးသတ်မှတ်ပြီးဖြစ်ကာ ဘဏ္ဍာငွေအပါအဝင် အရင်းအမြစ်များကို ထောက်ပံ့သုံးစွဲဖြစ်ပါကြောင်း၊ ဆရာဝန်၊ သူနာပြုနှင့် ကုသရေး အထောက်အကူပြုပညာရှင်များ၊ ဝန်ထမ်းများ နေထိုင်ရေးအတွက် အဆောင်များစီစဉ်ခြင်း၊ ဟိုတယ်များစီစဉ်ခြင်းများကို ဆက်လက် လုပ်ဆောင်ကြရန်ဖြစ်ပြီး လိုအပ်သည့် ဘဏ္ဍာငွေများကို ဝန်ကြီးဌာနမှ ပေးအပ်မည်ဖြစ်ပါကြောင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်များနှင့် တက္ကသိုလ်များမှ ရန်ကုန်တိုင်းဒေသကြီးတွင် တွဲဖက်လာရောက် တာဝန်ထမ်းဆောင်သူများ နေထိုင်၊ စားသောက်၊ သွားလာရေးကိစ္စရပ်များကိုလည်း ပထမဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊
• တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးအသုံးအဆောင်များ အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက်ဗဟိုအဆင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆေးံရုတစ်ရုံချင်းစီရှိ ဆေးလက်ကျန်စာရင်းများကို ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက်ပြ စာမျက်နှာ (dashboard) မှတစ်ဆင့်အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုသုံးသပ်ပြီး လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို ပံ့ပိုးမည်ဖြစ်ပါကြောင်း၊
• သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများအနေဖြင့် မိမိတို့ဆေးရုံ၏ ဆေးလက်ကျန်စာရင်းများနှင့် လိုအပ်ချက်များကို ဆေးနှင့်ဆေးပစ္စည်းစီမံခန့်ခွဲမှု သတင်းအချက်အလက်ပြ စာမျက်နှာ (dashboard)တွင် အချိန်နှင့် တစ်ပြေးညီ မဖြစ်မနေ ထည့်သွင်း (update) ထားရမည်ဖြစ်ပါကြောင်း၊
• COVID-19 ကပ်ရောဂါကာလတွင်သာမက ရေရှည်ကာလအတွက် ဆေးရုံများ၏ ဆေးနှင့် ဆေးပစ္စည်းများအချိန်မီထောက်ပံ့နိုင်ရေး၊ လူနာသယ်ယူရွေ့ပြောင်းမှု၊ ဓာတ်ခွဲ၊ ဓာတ်မှန် စစ်ဆေးမှု၊ စသည်တို့ပါဝင်သည့် ဆေးရုံလုပ်ငန်းစီးဆင်းမှု (hospital logistics system) စနစ်ကောင်း တစ်ခုရရှိရေးဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် ယနေ့ပင် ဆွေးနွေးပြောကြားပြီးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -
• ဆေးနှင့်ဆေးပစ္စည်းများဖြန့်ဖြူးထားရှိမှုနှင့် လိုအပ်မှုအခြေအနေများ၊
• COVID-19 ရောဂါ antigen ရှိ၊ မရှိကို လျင်မြန်စွာ စစ်ဆေးနိုင်မည့် ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြု test kit များကို ကနဦးအနေဖြင့် အခုရေ (၂၀၀,၀၀၀) မှာယူထားရှိမှုနှင့် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၅၀၀,၀၀၀) တန်ဖိုးရှိ ရရှိမည့် အခြေအနေများကိုလည်းကောင်း၊
အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက-
• လူနာများသယ်ယူပို့ဆောင်ရေးကို ပိုမိုချောမွေ့စေရန် လူနာလွှဲပြောင်းမှု လမ်းကြောင်း (referral pathway) ဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့်
• ကုသမှုပိုင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊
ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က -
• ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါလက္ခဏာမပြင်းထန်သည့် စောင့်ကြည့်လူနာများကို ထားရှိရန် နေရာများ စီစဉ်ထားမှုနှင့် အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၊ ဆေးရုံများ၊ ဓာတ်ခွဲဌာနများ၊ အသွားအလာ ကန့်သတ်ရာဌာနများမှ လက်တွေ့မြေပြင်တွင်လုပ်ငန်းဆောင်ရွက်နေသူများ၊ လူနာများကို ကိုင်တွယ်ကုသမှုပေးနေသူများသည် Videoconferencing စနစ်ဖြင့် တိုင်ပင်ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေမှုများကိုလည်းကောင်း၊
ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး က -
• လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နေမှု အခြေအနေများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ယခုအသစ်ခန့်အပ်ပြီးဖြစ်သည့် သူနာပြုသစ်လွင်များအနက်မှ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများသို့တာဝန်ချထားမှုအခြေအနေ၊ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ကွင်းဆင်းအဖွဲ့များအကြား ချိတ်ဆက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊
ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက -
• လူနာများအားကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ နေအိမ်တွင်ပြန်လည်နေထိုင်ရန် အခက်အခဲရှိသဖြင့် နေထိုင်ရေးအတွက် အဆောင်များ၊ ဟိုတယ်များစီစဉ်ထားရှိမှုအခြေအနေ၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ရှိ အဆောင်များကို အသုံးပြုသွားရန်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်
• COVID-19 ကုသရေးဌာနများ၊ ဆေးရုံများနှင့် အသွားအလာကန့်သတ်ထားရှိရာနေရာများတွင် အရေးတကြီးထပ်မံလိုအပ်သည့် ကိစ္စရပ်များနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊
ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက -
• ရန်ကုန် ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 လူနာများအား ထားရှိမည့် လူနာဆောင်နှင့် အလွှာ (floor) အလိုက် သတ်မှတ်ထားရှိမည်ကို ဆောင်ရွက်နေသည့် အခြေအနေများ၊
ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က -
• ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများနှင့် ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြု test kit များအသုံးပြု စစ်ဆေးရန်အတွက် လုပ်ငန်းလမ်းညွှန်ပြုစုလျက်ရှိမှုကိုလည်းကောင်း၊
• ဆေးပညာပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က -
• COVID-19 ရောဂါကူးစက်ဖြစ်ပွားသည့် ကျန်းမာရေးဝန်ထမ်းများအား ထားရှိကုသမှုပေးရန် ဆေးရုံတစ်ခု သတ်မှတ်ရန် ကိစ္စရပ်၊
• COVID-19 ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်လိုသည့် ပုဂ္ဂလိကအထွေထွေရောဂါဆရာဝန်များအား တာဝန်ပေးနိုင်ရေး အတွက် မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ဆက်သွယ်ဆွေးနွေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်
• COVID-19 လူနာမဟုတ်သည့် အခြားသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နေသည့် အခြေအနေများနှင့် ရေရှည်တွင် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊
ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက-
• ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများနှင့် အသွားအလာကန့်သတ်ထားရှိရာနေရာများတွင် စီမံခန့်ခွဲသူများ တာဝန်ချထားဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က -
• အသွားအလာကန့်သတ်ထားရှိရာနေရာများမှ လူနာလွှဲပြောင်းပို့ဆောင်မှု အခြေအနေများကို လည်းကောင်း၊
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက -
• ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆေးရုံကြီးမှ ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးနေမှုအခြေအနေများကိုလည်းကောင်း၊
မေ့ဆေးပညာပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က -
• ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် ဆေးရုံကြီးများတွင် ရေရှည်တွင် လိုအပ်မည့် Oxygen ပိုက်လိုင်းများ ထပ်မံတပ်ဆင်ရန် အကြံပြုချက်များ၊
• ထပ်မံတိုးချဲ့ထားသောအထူးကြပ်မတ်ကုသဆောင်များအတွက် လူနာခုတင်များတပ်ဆင်ရန်အတွက် အကြံပြုချက်များနှင့်
• အထူးပြုသူနာပြုများ တာဝန်ခွဲဝေချထားမှုနှင့် ပတ်သက်၍လည်းကောင်း၊
အရေးပေါ်ကုသမှုဆေးပညာပါမောက္ခ ဒေါက်တာမော်မော်ဦးက-
•COVID-19 များအား ရောဂါအခြေအနေစိစစ်ပြီး ဆေးရုံများသို့ လွှဲပြောင်းနေမှု အခြေအနေများအားလည်းကောင်း၊
ဆေးပညာပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာသင်းသင်းနွယ်က -
• မြောက်ဥက္ကလာပအထွေအထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊
မေ့ဆေးပညာပါမောက္ခ ဒေါက်အေးအေးအေးက -
• ခွဲစိတ်မှုများအား ခေတ္တရပ်ဆိုင်းထားသည့် အတွက် အထူးပြုသူနာပြုများအား လိုအပ်သည့် ဆေးရုံများ၌ တာဝန်တွဲဖက်ချထားမှု အခြေအနေများ၊
COVID-19 ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပ အထူးကု ဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများက -
• Portable X ray များ၊ Portable Ultrasound များ လိုအပ်မှု၊ Liquid Oxygen စနစ်တပ်ဆင်ရန် လိုအပ်မှု အခြေအနေများကိုလည်းကောင်း၊
အစည်းအဝေးသို့ တက်ရောက်လာကြသူများက -
• အထွေထွေကိစ္စရပ်များကို လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ချက်ချင်းဆုံးဖြတ်ချက်ချနိုင်သည်များကို ချက်ချင်းဆုံးဖြတ်ချက်ချ ဖြည့်ဆည်းပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားရာတွင် -
• ယခုထပ်မံလိုအပ်သော Portable X ray များ၊ Portable Ultrasound များ၊ Liquid Oxygen စနစ် ထပ်မံတပ်ဆင်ရန် ကိစ္စရပ်များနှင့် လိုအပ်သည်များ ချက်ချင်းဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊
• ဆေးရုံအုပ်ကြီးများ၊ လူနာများကို ကုသမှုပေးနေသည့် ဆရာဝန်ကြီးများ၊ ဓာတ်ခွဲနှင့် ဓာတ်မှန်လုပ်ငန်း ဆောင်ရွက်နေသူများ၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများဆောင်ရွက်နေသူများ အပါအဝင် လုပ်ငန်းပါဝင်ဆောင်ရွက်နေသူများ အသီးသီးအနေဖြင့် ကဏ္ဍအလိုက် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်နေခြင်းများကို ဆက်လက်၍ ဆောင်ရွက်စေလိုပါကြောင်း၊
• ဆွေးနွေးညှိနှိုင်းမှုများမှ လိုအပ်ချက်များကို ဝန်ကြီးဌာနသို့ ချက်ချင်းအသိပေးပြီး ဝန်ကြီးဌာနမှ လည်း အမြန်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊
• ၎င်းတို့သည် Videoconferencing စနစ်ဖြင့် နေ့စဉ် နံနက်အစောပိုင်းတိုင်းတွင် များပြားသော သံသယ/ စောင့်ကြည့်လူနာများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဆွေးနွေးခြင်း၊ နေ့စဉ် ညနေ (၅) နာရီတွင် "ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့" ဆွေးနွေးခြင်း၊ နေ့စဉ် ည (၁၀) တွင် COVID-19 လူနာများ ဆေးရုံနှင့် ဆေးရုံခုတင်စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးခြင်းများကို ဆောင်ရွက်နေသည်ကို တွေ့မြင်ရပါကြောင်း၊
• ဗဟိုကွင်းဆင်းအဖွဲ့ (၃) ဖွဲ့သည်လည်း လက်တွေ့မြေပြင်တွင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊
• COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ် ဆောင်ရွက်ခြင်းသည် အရေးကြီးပါကြောင်း၊
• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်ကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆုံးဖြတ်ကာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်မှသာလျှင် ဤကပ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကို မကြာခင်ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊
• မူဝါဒရေးရာနှင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်မည့် အခြေအနေများကိုသာ ဗဟိုအဆင့်သို့ တင်ပြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

Read times
Rate this item
(0 votes)