What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 October 2020 15:00

ရန်ကုန်က COVID-19 ကူးစက်ခံ ခွဲစိတ် လူနာတွေကို သီးသန့် ကုသမှုပေး

ကိုဗစ်ရောဂါဖြစ်နှုန်း၊ သေနှုန်း စံချိန်တင် ဆက်တက်နေတဲ့ ရန်ကုန်မှ နောက်ထပ်ကြုံလာရတာက ခွဲစိတ်လူနာတွေထဲမှာလည်း ဒီပိုးတွေ့သူ စများလာတာပါ။

 

အရင် အမြန်မစစ်နိုင်ခင် ဒီပိုးရှိမှန်းမသိဘဲ အရေးပေါ်အတွက် ခွဲစိတ်ခဲ့ရတာမို့ ဆေးရုံဝန်ထမ်းတချို့ ထိခိုက်ခဲ့ပေမယ့် အခုတော့ အမြန်စစ်နိုင်တဲ့နည်းကြောင့် ပိုးတွေ့ပြီး အသက်ကယ်ဖို့ ခွဲရမဲ့သူတွေကို ကာကွယ်မှုအပြည့်နဲ့ စခွဲစိတ်နိုင်ပါပြီ။

 

ဒါပေမယ့်လည်း ဒီ ကိုဗစ်ပိုးရှိ ခွဲစိတ်မှုတွေအတွက် သီးသန့်ဆေးရုံနဲ့ စကုသလာရပုံကို ပြောလာတဲ့ ခွဲစိတ်အထူးကုတွေကို ကိုဝင်းမင်းက မေးရာမှာ ရန်ကုန် တာမွေရှိ အလုပ်သမားဆေးရုံက အကြီးတန်းအတိုင်ပင်ခံ အရိုးအထူးကုဆရာဝန်ကြီး ဒေါက်တာတင်မင်းထွန်းက ခုလို ရာဇဝင်နဲ့ စရှင်းပြပါတယ်။

 

ဒေါက်တာတင်မင်းထွန်း - “ဟိုတလောက လှိုင်သာယာဆေးရုံမှာ ကား Accident (မတော်တဆတိုက်တာ) ဖြစ်လို့ ခြေထောက်ရိုးကျိုးသွားတယ်။ ဗမာလိုခေါ်ရင်တော့ အဖွင့်ကျိုးပေါ့။ စာလိုခေါ်ရင်တော့ Open Fracture မှာ Emergency Operation (အရေးပေါ်ခွဲစိတ်ခန်း) ဝင်ရတယ်။

 

ပြီးတဲ့အခါကျ နောက်မနေ့မနက်ကျမှ လူနာက ဗိုက်နာတဲ့အခါ Ultrasound (ဓာတ်မှန်) ရိုက်တော့ ဘာမှမတွေ့ဘူး။ အဲတော့ စစ်စရာရှိတာတွေ အကုန်စစ်တဲ့အခါကျတော့ ကိုဗစ်စစ်လိုက်တော့ ကိုဗစ်က Positive (ပိုး) တွေ့သွားတယ်။ အဲဒီအခါကျတော့ မထင်မှတ်ဘဲ နစ်နာသွားရတဲ့ လူနာတွေ ရှိနိုင်သလို မထင်မှတ်ဘဲနဲ့ နစ်နာသွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိနိုင်တယ်။ အဲတော့ နောက်ပိုင်း ကုတဲ့လူနာအားလုံးက ကိုဗစ်ဖြစ်နိုင်တယ် ဆိုပြီးတော့ စဉ်းစားကြတာပေါ့။

 

“ကျနော်တို့ အလုပ်သမားဆေးရုံမှာကတော့ အခု လူနာတယောက် ရောက်လာပြီ၊ ခွဲစိတ်ရမယ်ဆိုရင် သတ်မှတ်ထားတဲ့ Criteria (သတ်မှတ်ချက်) တွေရှိတယ်။ ခရီးသွားထားတာ ရှိလား၊ ဖျားထားလား၊ ချောင်းဆိုးသလား၊ အဲဒါတွေ အားလုံးကို စစ်ပြီးတော့ Screen Test (ဇလုပ်တိုက်စစ်ချတာ) လုပ်လိုက်တယ်။

 

လုပ်ပြီးတော့မှ Risk Persons (အန္တရာယ်ရှိတဲ့သူ) ရှိတယ်ဆိုရင် Swab (အာခေါင်တို့ဖတ်) ယူပြီး ပို့လိုက်တယ်။ Risk Persons မရှိဘူးဆိုရင်တော့ Precaution (ကြိုတင်ကာကွယ်မှု) ယူပြီးတော့မှ ခွဲစိတ်ကြတာပေါ့။”

 

ကိုဝင်းမင်း - ဆရာတို့ဆီမှာ ဒီ Positive လူနာ၊ ပိုးတွေ့ထားတဲ့လူနာ ခွဲစိတ်တာ။

ဒေါက်တာတင်မင်းထွန်း - “ခုချိန်ထိတော့ ပိုးတွေ့တဲ့လူနာကိုတော့ မခွဲစိတ်ရသေးဘူး။ ပိုးရှိနိုင်တယ်လို့ သံသယဝင်တဲ့ လူနာတွေတော့ ခွဲစိတ်နေရတာ ရှိတယ်။ ဒါပေမယ့် ပိုးတွေ့နိုင်တယ်လို့ ထင်တဲ့လူနာအားလုံးကို ကျနော်တို့ အပြင်မှာ Screening Test လုပ်ပြီးသား။ Screening Test လုပ်ပြီးသား ဆိုတာက ဒီ Antigen Test (အမြန်စစ်တာ) မှ မဟုတ်ဘူး။ စစ်ထားတဲ့ Test တွေက အများကြီးရှိတယ်။

 

အဲဒါတွေအားလုံး စစ်ပြီးမှ ပိုးမရှိနိုင်ပါဘူးလို့ ထင်ပြီးတော့မှ ခွဲကြတာ။ ကျန်တဲ့ ဒီ့ပြင် Criteria (သတ်မှတ်ချက်) တွေပေါ်မှာ ပိုးရှိနိုင်တယ်လို့ ထင်ရင် ကျနော်တို့ မခွဲစိတ်သေးတာများတယ်။ ခွဲစိတ်ဖို့လူနာလည်း ရောက်မလာသေးဘူး။”

 

ကိုဝင်းမင်း - များသောအားဖြင့် ဒီကာလမှာ ကိုဗစ်လည်း ရှိနေပြီးတော့ အရေးပေါ်ခွဲစိတ်ရမယ့် လူနာအမျိုးအစားတွေက ဘယ်လိုအမျိုးအစားတွေ ဖြစ်ဖို့များလဲဆရာ။

 

ဒေါက်တာတင်မင်းထွန်း - “အခု အားလုံးက သတ်မှတ်ထားတာက အရိုးနဲ့ပတ်သက်ပြီး ကား Accident ဖြစ်ရင် အဖွင့်ကျိုးပေါ့၊ အရိုးကြီးက ကျိုးပြီး အပြင်ကို ထွက်သွားတာမျိုး။ Orthopedic Emergency (အရိုးဆိုင်ရာ အရေးပေါ်) Dislocation ဆိုတဲ့ အဆစ်ပြုတ်တာ၊ အဆစ်လွဲတာတွေ။

 

ခွဲစိတ်နဲ့ပတ်သက်ရင် အစာအိမ်ပေါက်တာမျိုး၊ အူပိတ်တာမျိုး၊ အူအတက်ရောင်ပြီး ပေါက်သွားတာမျိုး၊ OG (သားဖွားမီးယပ်) နဲ့ ပတ်သက်ရင်လည်း အရေးပေါ်ခွဲစိတ်ပြီး မွေးရမယ့်ဟာမျိုး၊ သန္ဓေသားက (သားအိမ်) အပြင်မှာသွားပြီး သန္ဓေတည်တဲ့ဟာမျိုး၊ ဒါမျိုးတွေဆိုရင်တော့ အရေးပေါ်ခွဲစိတ်ရမယ့် ဟာမျိုးတွေပေါ့။ အလုပ်သမားဆေးရုံမှာတော့ အဲဒီဟာတွေ မခွဲစိတ်ရသေးဘူး။ ဒါပေမယ့် ဒီ့ပြင်ဆေးရုံမှာ ခွဲစိတ်နေတာတွေတော့ ကျနော့် လုပ်ဖော်ကိုင်ဘက်တွေကတဆင့် သိရတယ်။”

 

ကိုဝင်းမင်း - ရန်ကုန်မှာပဲ ကိုဗစ်လူနာတွေကို ခွဲစိတ်မှုအတွက် အဓိက ကိုင်တွယ်နေရတဲ့ အမည်မဖော်လိုတဲ့ ခွဲစိတ်အထူးကု ဆရာဝန်ကြီးတဦးကိုလည်း မေးထားရာမှာ သူက အခုလို စပြောပါတယ်။

 

ခွဲစိတ်အထူးကုဆရာဝန်ကြီး - “ကျနော်တို့ဆီမှာလာတဲ့ လူနာတွေထဲမှာ ခွဲစိတ်လူနာတွေထဲမှာလည်း Positive (ပိုးတွေ့သူ) တွေပါတာပေါ့။ Positive တွေဆိုရင်တော့ ကျနော်တို့က PPE (အကာကအကွယ်) ဝတ်စုံအပြည့်နဲ့ ခွဲစိတ်တာပေါ့။

 

အရင်တုန်းကတော့ စစ်ဆေးရတာ နည်းနည်း အခက်အခဲရှိတဲ့အခါကြတော့ PCR (ပုံမှန်စစ်တာ) နဲ့ လုပ်တဲ့အခါကျတော့ နည်းနည်းကြာတာပေါ့။ ကျနော်တို့က လူနာတယောက်ကို ကိုဗစ်ရှိလား မရှိလား သိပ်မသိနိုင်ဘူး။ အခုအချိန်မှာတော့ ပိုပြီး အဆင်ပြေလာတယ်။ ဒီ Rapid Test (အမြန်စစ်တာ) နဲ့ လုပ်တဲ့အခါကြတော့ Positive (ပိုးတွေ့တာ) တွေတော့ များလာတာပေါ့။

 

Surgical Case (ခွဲစိတ်လူနာ) ထဲမှာတော့ ပါလာတယ်။ ဒါပေမယ့် သိပ်အများကြီး တက်လာတာတော့ မဟုတ်ဘူး။ အခု အဓိက ခရီးသွားရတာ ခက်ခဲတော့ လူနာကဝင်တာ နည်းတဲ့အခါကြတော့ အဲဒီထဲကမှ ပြန်စစ်လိုက်တော့ နည်းတယ်။ ကျနော် (အရေအတွက်) အတိအကျ ပြောလို့မရဘူး ဖြစ်နေတယ်။”

 

ကိုဝင်းမင်း - ခွဲစိတ်ပြီးတဲ့ကာလမှာရောဆရာ။ စီစဉ်တဲ့အနေအထား။

ခွဲစိတ်အထူးကုဆရာဝန်ကြီး - “ခွဲစိတ်ပြီးလို့ရှိရင်တော့ COVID Designated Hospital (ကိုဗစ်သီးသန့်ဆေးရုံ) မှာ ထားပြီးတော့ ကျနော်တို့ သွားကြည့်ပါတယ်။ အဓိကတော့ တောင်ဥက္ကလာမှာ Operation (ခွဲစိတ်ခန်း) အဖြစ် ထားထားပြီးတော့ လိုအပ်လို့ရှိရင် အဲဒီမှာခွဲစိတ်ပါတယ်။

 

ကျနော်တို့က ရန်ကုန်ဆေးရုံကြီးမှာ Positive (ပိုးတွေ့တာ) သေချာရင် မခွဲစိတ်ဘူးဗျ။ နေရာတွေ အကုန်လုံးမှာဖြန့်ပြီး ခွဲစိတ်တာနဲ့စာရင် တနေရာမှာ သေသေချာချာထားပြီး ခွဲစိတ်တာ ပိုကောင်းတယ်။”

 

VOA Burmeses

Source link

https://burmese.voanews.com/a/myanmar-covid19-surgery-case/5608916.html

Read times Last modified on Monday, 05 October 2020 15:07
Rate this item
(0 votes)