What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 14 March 2020 18:40

သတင်းမှားတင်တဲ့သူတွေကို အစိုးရက စုံစမ်းအရေးယူမည်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဆင့်ရောက်ပြီလို့ မနေ့က ကြေညာထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အရေးပေါ်အစည်းအဝေးလုပ်နေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့သူ ရှိနေပြီ။ အစိုးရက ထိန်ချန်ထားတာဆိုတဲ့ ပြောဆိုချက်အသံဖိုင်နဲ့ စာသားတချို့ဟာ မတ် ၁၂ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့သွားပါတယ်။

 

လူတွေကို စိုးရိမ်အောင် ကောလာဟလ ထုတ်လွှင့်တာတွေကို စုံစမ်းအရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတရုံးက ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

 

ကိုရိုနာရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဆွေးနွေးနေတဲ့အချိန်မှာပဲ နာရေးကလွဲပြီး လူစုလူဝေးမလုပ်၊ ရုပ်ရှင်ရုံတွေ၊ ကျောင်းတွေ ခြောက်ပတ်ပိတ်မယ်ဆိုတဲ့ သတင်းတွေကို သတင်းသမားတချို့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားတာ တွေ့ရပါတယ်။

 

အဲ့ဒီသတင်းအချက်လက်တွေကြောင့် ရန်ကုန်မြို့က ဈေးဝယ်စင်တာတွေမှာ တိုးဝှေ့ဈေးဝယ်သူတွေဟာ ညည့်နက်ကာနီးအထိ ရှိနေခဲ့ပါတယ်။ ကောလဟာလသတင်းတွေ ပြန့်နေချိန်မှာ သတင်းအမှန်တွေကို ကျန်းမာရေးဝန်ကြီးဌာနက အမြန်ဆုံးထုတ်ပေးသင့်တယ်လို့ သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

 

သတင်းတု၊ သတင်းမှားတွေနဲ့ သတင်းခိုးကူးနေတဲ့ အွန်လိုင်းဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာထားပေမယ့် သတင်းမီဒီယာကောင်စီကနေ အရေးယူပိုင်ခွင့်တော့ သတင်းမီဒီယာကောင်စီမှာ မရှိပါဘူး။

 

မတ် ၁၃ ကနေ ဧပြီလကုန်အထိ လူစည်ကားတဲ့ ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးအခမ်းအနားတွေ၊ သင်္ကြန်မဏ္ဍပ်ကြီးတွေ မကျင်းပဖို့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

 

သတင်းမှားတွေ ပျံ့နှံ့လာတာဟာ အစိုးရက သတင်းထိန်ချန်တာ၊ ဖုံးကွယ်ထားတာ၊ သတင်းအမှန်မပြောတာတွေကြောင့် တွေ့လာတဲ့သတင်းတွေကို ယုံကြတာလို့လည်း ပြောတဲ့သူတွေ ရှိပါတယ်။ အခုခေတ်လို သတင်းတွေမြန်တဲ့ကာလမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သတင်းတွေ ထိန်ချန်လို့မရဘူးလို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

 

၁၉၉၅ခုနှစ်မှာ ရေးဆွဲထားတဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေကို ခေတ်ကာလနဲ့ညီအောင် ပြင်ဆင်ရေးဆွဲနေတာကြောင့် ဥပဒေကြမ်းအနေနဲ့ပဲ ရှိနေသေးတာဖြစ်ပါတယ်။ အဲဒီဥပဒေမူကြမ်းမှာ ဒဏ်ငွေ ငါးသောင်းကနေ ငါးသိန်းအထိ၊ ထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်မယ်လို့ ပါရှိပါတယ်။ အဲ့ဒီဥပဒေသာ ထွက်ပေါ်လာရင်တော့ ဒီလိုသတင်းမှားလွှင့်တာတွေကို ထိထိရောက်ရောက် အရေးယူလို့ရမယ်လို့လည်း သုံးသပ်ကြပါတယ်။

 

လက်ရှိဥပဒေတွေထဲမှာတော့ သတင်းမှားတွေကို ရေးသားသူသာမက ဖြန့်ချိတဲ့သူတွေပါ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ၊ ရာဇသတ်ကြီးဥပဒေတွေနဲ့ပါ အရေးယူလို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

 

အဲဒီဥပဒေတွေဟာ မမှန်ကန်တဲ့သတင်းတွေကို မရိုးဖြောင့်တဲ့သဘောဖြင့် ဆက်သွယ်တာ၊ ဖမ်းယူတာ၊ ပို့လွှင့်တာ၊ ဖြန့်ချိတာ၊ ပါဝင်ဆောင်ရွက်တာ၊ အများပြည်သူကိုဖြစ်ဖြစ်၊ လူစုကိုဖြစ်ဖြစ် ကြောက်အောင်၊ ထိတ်လန့်အောင်၊ ပြစ်မှုကျုးလွန်အောင်လှုံ့ဆော်ရင် အရေးယူလို့ရတဲ့ ဥပဒေတွေဖြစ်ပါတယ်။

 

သတင်းအမှားတွေဟာ အခု ကိုရိုနာကိစ္စမှာတင် မဟုတ်ပါဘူး။ ငလျင်၊ မုန်တိုင်းစတဲ့ သဘာဝဘေးတွေ ဖြစ်တော့မယ်ဆိုပြီး ထုတ်လွှင့်တာ၊ လူမျိုးရေးဘာသာရေး ဆူပူမှုဖြစ်အောင် သတင်းအမှားတွေတင်တာ၊ သတင်းအဟောင်းတွေကို ပြန်တင်တာတွေလည်း ရှိခဲ့ပါတယ်။

 

ဒါပေမဲ့ ခုနပြောတဲ့ ဥပဒေတွေနဲ့ အရေးယူတာမျိုးတော့ မရှိသလောက် နည်းပါးပါတယ်။ အဲဒီဥပဒေတွေကို အသုံးများတာကတော့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုတဲ့နေရာမှာ တွေ့ရတာပါ။

 

သတင်းအမှားတွေလို့ ဆိုတဲ့နေရာမှာ လူထုတွေကို ထိတ်လန့်စေတာ၊ ထင်ယောင်ထင်မှား ဖြစ်စေတာတွေပါ။ အဲဒီအထဲမှာဆိုရင် ဂျင်းပြုတ်ရည်သောက်၊ အရက်သောက်၊ ငရုတ်ကောင်းစား၊ ရာသီဥတုပူရင် ရောဂါပိုးသေတယ်ဆိုတဲ့ အချက်လက် မခိုင်မာတာတွေလည်း ရေးသားနေတာတွေ တွေ့ရပါတယ်။ အဲဒီအချက်တွေဟာ တကယ်ကာကွယ်နိုင်သလားဆိုတာကို ကျန်းမာရေးဌာနတွေက အတည်ပြုချက် မပေးထားပါဘူး။ ကိုရိုနာမကူးစက်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ လူစုလူဝေးတွေရှောင်ပြီး လက်ကိုသာ ခဏခဏဆေးဖို့ တိုက်တွန်းထားတာပါ။

 

အခုလို သတင်းအမှားတွေကို တင်တဲ့သူတွေ၊ ဖြန့်တဲ့သူတွေကို ဘယ်လိုအရေးယူမလဲ၊ ထိထိရောက်ရောက် အရေးယူနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်နေတယ်လို့လည်း ပြောကြပါတယ်။

RFA Burmese

 

Read times
Rate this item
(0 votes)