What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 October 2020 15:30

UNOPS ၊ WHO ၊ ICRC ကိုယ်စားလှယ်များ ဧရာဝတီဖောင်ဒေးရှင်းကိုဗစ်ကုသရေးစင်တာ လေ့လာကြည့်ရှု

ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းရှိ ဧရာဝတီဖောင်ဒေးရှင်းကိုဗစ်ကုသရေးစင်တာသို့ အောက်တိုဘာလ (၆)ရက်တွင် လာရောက်လည်ပတ်ခဲ့ပြီး အသစ်ဖွင့်လှစ်တော့မည့် ICU/HDU unit - ဧရာဝတီစင်တာ (C)အား ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စက်ပစ္စည်းများ တပ်ဆင်ထားရှိမှုတို့ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

လာရောက်လေ့လာကြသော ပညာရှင်များနှင့် တာဝန်ရှိသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ခံ ဆရာဝန်ကြီးများနှင့် ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ လက်ခံတွေ့ဆုံခဲ့ပြီး ဧရာဝတီစင်တာ၏ လည်ပတ်နေပုံအဆင့်ဆင့်ကို အသေးစိတ်လိုက်လံရှင်းပြခဲ့သည်။

 

ထို့နောက် ဧရာဝတီစင်တာ၏ ရောဂါကုသရေး နှင့် COVID-19 ရောဂါပိုးစစ်ဆေးမှုအပိုင်းတို့အား အရှိန်အဟုတ်မြှင့်တင်ရန်နှင့် COVID-19 ကပ်ရောဂါ၏ ဒုတိယလှိုင်းတွင် ရောဂါပျံ့ပွားမှုကို ပိုမိုထိန်းချုပ်နိုင်ရန်အတွက်ရည်ရှည်လက်တွဲပူးပေါင်းမှုများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ ဆွေးနွေးမှုတွင် ICU/HDU Critical Care unit ရှိ ဆေးဘက်ဆိုင်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုအား အထောက်အပံ့ပေးရန် ပံ့ပိုးကူညီမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ပြီး UNOPS မှ တာဝန်ရှိသူများက ဧရာဝတီစင်တာမှ လိုအပ်သော သင်တန်းပို့ချမှုများနှင့် ကုသရေးအတွက် ပစ္စည်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဧရာဝတီစင်တာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ COVID-19 ရောဂါကူးစက်ခံနေရသည့် လူနာများကို ယာယီကုသမှုပေးနိုင်ရန် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကနဦးပိုင်းတွင် (၄၂၅) ခုတင်ဆန့်သော ကုသရေးစင်တာကို စက်တင်ဘာလ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် (၅၇၅) ခုတင်အထိ တိုးချဲ့နိုင်ခဲ့၍ အောက်တိုဘာလ (၃) ရက်နေ့တွင်တော့ (၈၇၅) ခုတင်ကုသရေးစင်တာအဖြစ် ဆောင်ရွက်နိုင်ခဲ့သည်။ မကြာမီအချိန်တွင်လည်း (၇၅) ခုတင်ဆန့် ICU/HDU Critical Care Unit ကိုလည်းထပ်မံဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ဧရာဝတီစင်တာမှ တဆင့် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ လုပ်အားပေးများဖြင့် စုပေါင်းကာ မြန်မာနိုင်ငံအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွင် ၎င်းတို့၏ အသိပညာများနှင့် ကျွမ်းကျင်မှုများကို အသုံးချနိုင်မည့် အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဓိကအားဖြင့် ICU/HDU များအတွက် အထူးလေ့ကျင့်ထားသည့် အတွေ့အကြုံရင့် ဝန်ထမ်းများ ထားရှိတာဝန်ပေးရန် လုပ်ဆောင်နေပြီး ဖောင်ဒေးရှင်းအနေနှင့် နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးအတွက် အကူအညီပေးလိုသော ပါတနာအဖွဲ့အစည်းများနှင့် အခြားသော နိုင်ငံတကာမှ ကျွမ်းကျင်လုပ်အားပေးအဖွဲ့များကို ကြိုဆိုလျက်ရှိကြောင်း သိရသည်။

Read times
Rate this item
(1 Vote)