What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 October 2020 10:35

ကျန်းမာရေးစနစ်ပြိုလဲမကျရေး ကိုဗစ်-၁၉ကုသမှုအပိုင်း အထူးစီမံခန့်ခွဲဖို့ လိုအပ်နေ

ကိုဗစ်-၁၉ ကပ်ရောဂါ အလူးအလဲ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲ မကျသွားဖို့ အရေးကြီးနေပြီး ကျန်းမာရေးုလုပ်သားတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် ကုသရေးမှာ စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားလိုက်ပါတယ်။

 

လက်ရှိ ကူးစက်မှုနှုန်းသာမက သေနှုန်းပါ အများဆုံးဖြစ်လာနေတဲ့ စိုးရိမ်ဖွယ်ရာရန်ကုန်တိုင်း နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ကုသရေးနဲ့ကာကွယ်ရေး နည်းဗျူဟာတွေဘယ်လို ကျင့်သုံးဆောင်ရွက်နေပါသလဲ။ အငြိမ်းစားကျန်းမာရေးဝန်ကြီးလည်းဖြစ် ကိုဗစ်-19 ကပ်ရောဂါ၏နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာအကျိုးဆက်များနှင့် ကျန်းမာရေးစနစ်အပေါ်သက်ရောက်မူများအား ကြိုတင်မှန်းဆဆောင်ရွက်နိုင်ရေးအကြံပေးအဖွဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာဖေသက်ခင်ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

 

ဒေါက်တာဖေသက်ခင် ။ ။ လက်ရှိအနေအထားကတော့ ကူးစက်မူဖြစ်တာလည်း များတာပေါ့နော်။သေတာကလည်း အထိုက်အလျှောက်တော့ များတယ်လို့ပဲ ပြောရမှာပေါ့။ဖြစ်တာများတာကတော့၊ အရင် မတ်၊ ဧပြီ၊ မေ ကိစ္စတွေနဲ့မတူဘူးပေါ့လေ၊ အဲ့ဒီတုန်းက နည်းတယ်ဆိုတာက ကျွန်တော်တို့က Community Transmission မရှိဘူးပေါ့နော်၊ လူထုကြားမှာ ပျံ.နှံ့ဖြစ်ပွားမူက မရှိသေးဘဲနဲ့ လှိုင်းလိုအကြီးအကျယ်ကြီး မတွေ့ဘူးပေါ့နော်။

 

မတွေ့ပေမဲ့ ကျွန်တော်တို့မသိနိုင်တဲ့ လှိုင်းပုံစံပျံ.နှံ့လာပြီးတော့ ရခိုင်ကနေတဆင့် တစ်ပြည်လုံးကို ရောက်တဲ့အခါမှာ ရန်ကုန်မှာ အများဆုံးရောက်လာပြီးတော့၊ ရန်ကုန်ကဘာဖြစ်လို့ သေတာများလဲဆိုတော့ လူဦးရေကလည်း သိပ်သည်းတယ်၊ နောက်တစ်ချက်ကလည်း နေမကောင်းတဲ့သူတွေပေါ့နော်၊ အနယ်နယ်အရပ်ရပ်က ဆေးလာကုနေတဲ့ နာတာရှည်ရောဂါသမား (NCD – Non-Communicable Disease) တွေ အများကြီးရှိတယ်ပေါ့။ဒီအချိန်မှာ Community Spread (အရပ်ထဲအချင်းချင်းကူးစက်မူ) က ဝင်လာတယ်။လူထုကြားမှာ၊ ရပ်ကွက်တွေထဲနေနေတဲ့သူတွေကို ကူးစက်ပြန့်ပွားမူတွေဖြစ်လာတယ်ပေါ့။

 

ဝင်းမင်း ။ ။ အခုလိုဖြစ်နှုန်းသေနှုန်းတွေကို ထိန်းချုပ်ဖို့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားတွေအပေါ်ရော၊ ဆရာ ဘယ်လိုသုံးသပ်မိလဲ။

ဒေါက်တာဖေသက်ခင် ။ ။ စစချင်းကတော့ Containment at Source ပေါ့နော်၊ ရောဂါကို ဖြစ်ပွားတဲ့နေရာမှာပဲ ထိန်းချုပ်တဲ့ Strategy (မဟာဗျူဟာ) ကို ကျင့်သုံးပါတယ်။အခုလဲဒါကို ကျင့်သုံးဆဲပဲ ရှိတယ်ပေါ့။ဒီ Containment (ထိန်းချုပ်တဲနည်းလမ်း) ဆိုရာမှာ စစချင်းမှာ ရောဂါဖြစ်ပွားတဲ့သူ၊ Positive Case တွေအပြင်ကို၊ သံသယရှိတဲ့သူတွေကိုပါ ဆေးရုံ တင်ထားတယ်ပေါ့။

 

အဲ့ဒီတော့ ပထမစကာစမှာ ကျွန်တော်တို့က ဒီ Quarantine (အသွားအလာကန့်တာ) မှာ Facility Quarantine (အစိုးရဦးဆောင် ကန့်သတ်စခန်း)၊ Community Quarantine (ရပ်ရွာဦးဆောင်ကန့်သတ်စခန်း) ကိုထားပေမဲ့၊ နောက်ပိုင်းမှာကျတော့ တဖြည်းဖြည်းကျတော့ ကျွန်တော်တို့မှာ ဝန်ပိလာတဲ့သဘောကတော့ ရှိတာပေါ့။အဲ့ဒါကြောင့်မို့ ဒီ Containment Strategy (ထိန်းချုပ်မူမဟာဗျူဟာ) က အဲ့ဒီလို ရှိပေမဲ့ လုပ်ထုံးလုပ်နည်းလေးတွေ၊ လုပ်ပုံလုပ်နည်းလေးတွေက တဖြည်းဖြည်း ပြောင်းလဲလာတဲ့ဟာလေးတွေတော့ရှိတယ်။ဘာလို့လဲဆိုတော့၊ တစ်ဖက်က လူနာတွေရဲ့ အသက်ကို ကယ်ဖို့အရေးကြီးသလို ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းတွေကို Protect (ကာကွယ်ပေးဖို့) လုပ်ဖို့ ကလည်း အရေးကြီးတယ်။ဒါကြောင့် ဖြည်းဖြည်းချင်းလေးလျော့တာပေါ့၊

 

ပထမတစ်ဆင့်ကတော့ Anosmia တွေကို ဒီနှာခေါင်းအနံ့မရတဲ့သူတွေကို မြို.နယ်အလိုက် Anosmia Center (အနံ့မရသူစောင့်ကြည့်ရေးစင်တာ) လေးတွေမှာပဲ ထားတယ်၊ ဆေးရုံတွေကို မတင်ဘူး။နောက် ဒီဆေးရုံမှာလည်း ၁၄ ရက်ထားမဲ့အစားCDC (အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန) ရဲ့ Guideline (လမ်းညွှန်ချက်) အတိုင်းပေါ့နော် ၁၀ ရက်မြောက်မှာ နေကောင်းနေပြီဆိုရင်၊ ၁၁ ရက်မြောက်မှာ ဆေးရုံပေးဆင်းလို့ရတယ်။တစ်ဖက်မှာလည်း

 

Test Facility (ဆေးစစ်ဌာန) တွေကလည်း တိုးလာတာပေါ့။အဲ့ဒီတော့ Positive တွေ့နှုန်းတွေက များလာတဲ့အခါမှာ ပိုးတွေ့သမျှလူကို ဆေးရုံတင်၊ ဆေးရုံတင်ဆိုတဲ့အခါကျရင် တချိန်ကျ ဒီ Health System (ကျန်းမာရေးစနစ်ကြီး) တစ်ခုလုံးက Overwhelm (မနိုင်ဝန်ပိသွားတာ) ဖြစ်သွားနိုင်တာပေါ့။အဲ့ဒါကြောင့်မို့ တစ်ဖက်ကလည်း Test (ဓာတ်ခွဲစစ်ဆေးမူ) ကတော့လုပ်တယ်၊ တစ်ဖက်ကလည်း ဆေးရုံတင်ခြင်း မတင်ခြင်းသည် ရောဂါရဲ့ ပြင်းထန်မူနဲ့ဘဲ ဆိုင်တယ်။ဒါနိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ဟာမျိုးပေါ့။အိမ်မှာပဲနေတယ်၊

 

ရက်ကွက်က စောင့်ရှောက်တယ်၊ ကျန်းမာရေးဌာနကလည်း ဖုန်းဆက်ပြီးတော့မေးတယ် လိုအပ်လို့ရှိရင် လာခေါ်ပြီးတော့ Swab (အာခေါင်တို့ဖတ်) ယူတယ်၊ ဆေးရုံတင်တယ်။အောက်ဆီဂျင်လိုပြီဆိုရင်တော့ ဆေးရုံတင်တယ်။ဘယ်လောက်လဲ၊ Pulse Oximeter (လက်ချောင်းကနေ သွေးတွင်း အောက်ဆီဂျင်တိုင်းကရိယာနဲ့) တိုင်းပြီး၊ စသည်ဖြင့် နိုင်ငံအမျိုးမျိုးမှာ အမျိုးမျိုးအဖုံဖုံတွေ ကျင့်သုံးနေကြတာတွေ ရှိတာပေါ့။ကျွန်တော်တို့တွေလည်း အဲဒီလိုပဲ၊ Containment (ထိန်းချုပ်မူ) ကတော့ Containment ၊ ဒါပေမဲ့လည်း တဖြည်းဖြည်း၊ တဖြည်းဖြည်း ပြန်ပြီးတော့စဉ်းစားနေတယ်။

 

ဝင်းမင်း ။ ။ဒီနေရာမှာ ဒီကျန်းမာရေးပြဿနာတစ်ခုထဲအပြင်၊ တခြားထည့်သွင်းစဉ်းစားဖို့ အချက်တွေရှိသေးလားဆရာ၊ ဒီရေရှည်အတွက်ကြည့်တဲ့အခါကျရင်လေ။

ဒေါက်တာဖေသက်ခင် ။ ။ ကျန်းမာရေးပြဿနာသည် ကြာလာလို့ရှိရင် လူမူရေး ပြဿနာ ဖြစ်လာတယ်၊ စီးပွားရေးပြဿနာတွေ ဖြစ်လာနိုင်စရာတွေရှိတဲ့အတွက် တစ်ဖက်ကလည်း မျှတအောင် စဉ်းစားရတာပေါ့နော်။ကျန်းမာရေးဘက်ကပြောမယ်ဆိုလို့ရှိရင်လည်း၊ Total Lockdown (အသွားအလာပိတ်ဆို့မူအပြည့်) လုပ်လိုက်လို့ရှိရင်၊ ဒါကောင်းတာဘဲပေါ့။ဒါပေမဲ့လည်း စီးပွားရေးကိစ္စ၊ လူတွေရဲ့ စားဝတ်နေရေးကိစ္စ။နောက် ဝူဟန်မှာက ပိတ်တာ အလုပ်ဖြစ်တယ်၊ ပိတ်တာအတွက် အိမ်တိုင်းအိမ်တိုင်းကို အစားအသောက်လိုက်ပို့နိုင်တယ်။ကျွန်တော်တို့မှာ ရန်ကုန်တိုင်း တစ်တိုင်းလုံးကိုပိတ်ပြီး အိမ်တိုင်ကို အစားအသောက်လိုက်ပို့ဖို့ဆိုတာ တကယ်တော့ လက်တွေ့မှာ မဖြစ်နိုင်ဘူး။တစ်ဖက်က Lockdown (အသွားအလာပိတ်ဆို့မူ) ကို မလုပ်ဘူး၊

 

သို့သော် တစ်ဦးချင်း တစ်ယောက်ချင်းက Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်ရမယ်၊ လက်ဆေးရမယ်၊ လူအများစုဝေးတဲ့နေရာကို မသွားဘူး၊ စသည်ဖြင့်ပေါ့၊ အသေအချာလုပ်မယ်။ကျန်းမာရေးဝန်ထမ်းတွေကို စောင့်ရှောက်မယ်။Risk Person (အန္တရာယ်ရှိသူ) တွေကို စောင့်ရှောက်မယ်။သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်။ရောဂါအခံရှိသူတွေကို စောင့်ရှောက်ရမယ်။

 

ဝင်းမင်း ။ ။ ဒီ Containment (ထိန်းချုပ်မူ) ကနေ တဖြည်းဖြည်း ဖြေလျော့သွားတဲ့နေရာမှာ၊ နောက်ဆုံးပြောချင်တာ။

ဒေါက်တာဖေသက်ခင် ။ ။ ကာကွယ်ဆေးတွေ၊ ဒီရောဂါကုထုံးတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက် ထုတ်နိုင်တဲ့အချိန်ကာလမတိုင်ခင်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေး သူနဲ့ (ကိုဗစ်နဲ့) က ကျင့်သုံးရမဲ့သဘောရှိပါတယ်။အဲ့ဒီအခါမှာ သူ့ကြောင့် (ကိုဗစ်ကြောင့်) ကိုယ့်မှာ ထိခိုက်ရှနာမူ အများကြီးမဖြစ်အောင် ခုနကျွန်တော်တို့ပြောတဲ့ Strategy တွေပေါ့နော်၊

 

နောက် ပြည်သူလူထုကို ထိထိရောက်ရောက် ပညာပေးမယ်။အဲဒီမှာ တစ်ခုကလည်း လူတွေရဲ့သဘောထားကရော၊ ဘယ်လိုရှိလည်း၊ ဘယ်လောက်အတိုင်းအတာအထိ သူတို့ လိုက်ပါဆောင်ရွက်နိုင်မလဲ လက်တွေ့မှာ။သူတို့နဲ့ပူးပေါင်းပြီးတော့ သူတို့ရဲ့ခံစားချက်တွေ၊ Feeling တွေ၊ Emotion တွေ၊ သူတို့ရဲ့ Hope (မျှော်လင့်ချက်) တွေ၊ ဒါတွေကိုသာ ကျွန်တော်တို့ သေချာသိရင်၊ အားလုံး ၂ ဦး ၂ ဘက်ပေါ့နော်၊ အစိုးရဘက်ကော၊ ကျန်းမာရေးဝန်ထမ်းတွေဘက်ကော၊ ၃ ဦးဖလှယ်ပြောရမှာပေါ့၊ ပြည်သူတွေရော အားလုံးလက်ခံနိုင်မယ့် ဒီ မဇ္ဇိမပဋိပဋာလမ်းကြောင်းကို ရွေးချယ်နိုင်ပြီးတော့၊ ယှဉ်တွဲပြီးတော့ ထိခိုက်နစ်နာမူ အနည်းဆုံးနဲ့ နေသွားနိုင်လိမ့်မယ်လို့ ကျွန်တော့အနေနဲ့ ထင်မြင်ပါတယ်။

 

ဝင်းမင်း ။ ။ အခုလို ဒီကျယ်ကျယ်ပြန့်ပြန့်၊ ပြည့်ပြည့်စုံစုံ၊ ရေရှည်အတွက်ပါ ထည့်ရှင်းပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

 

VOA Burmeses

Read times
Rate this item
(0 votes)