What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 May 2020 04:20

တရားဟောဆရာ ဒေးဗစ်လား အပါအဝင် Covid-19 လူနာ ၁၀ ဦး ရောဂါပိုးထပ်မတွေ့တော့၍ ဆေးရုံဆင်းပြီ

Covid-19 ကူးစက်ခံထားရသော လူနာ ၁၀ ဦးမှာ ထပ်မံဓာတ်ခွဲစစ်ဆေးချက်များအရ ၂ ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့သဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကယနေ့ည ၈ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဆေးရုံဆင်းသော အဆိုပါလူနာ ၁၀ ဦးမှာ လူနာနံပါတ် Case 2၊ Case 8၊ Case 32၊ Case 33၊ Case 38၊ Case 41၊ Case 47၊ Case 50၊ Case 54 ၊ Case 58တို့ဖြစ်ကြောင်း သိရသည်။ 

 

လူနာနံပါတ် Case 2 မှာ ရန်ကုန်တိုင်း လှည်းကူူးမြို့နယ်နေသူ အင်္ဂလန်နိုင်ငံပြန် အသက် ၂၆နှစ်အရွယ်အမျိုးသားဖြစ်သည်။ လူနာနံပါတ် Case 8မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်နေ အသက် ၆၀ နှစ်အရွယ် ပြင်သစ်ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်သည်။ ၎င်းနှင့်ပတ်သက်ဆက်သွယ်၍ Covid-19 positive ဖြစ်ထားသော လူနာစုစုပေါင်း ၁၄ ဦးရှိထားကာ ယင်းထဲမှ ၁ ဦးသေဆုံးထားသည်။

 

လူနာနံပါတ် Case 32 မှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ၀ါးပငဲ့ရွာနေ အသက် ၃၈ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ရောဂါပိုးမတွေ့ခင် ၃ လခန့်က တရုတ်နိုင်ငံတွင် အလုပ်လုပ်ခဲ့ဖူးသော ရာဇဝင်ရှိသူဖြစ်သည်။ လူနာနံပါတ် Case 33မှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နိုင်ငံခြားခရီးသွားရာဇဝင်မရှိ မည်သို့မည်ပုံကူးစက်ခံရသည်မသိသေးသူ တစ်ဦးဖြစ်သည်။

 

လူနာနံပါတ် Case 38 မှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေ အသက် ၇၈ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး မည်သို့မည်ပုံရောဂါကူးစက်ခံရကြောင်း မသိရသေးသူဖြစ်သည်။ လူနာနံပါတ် Case 41မှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေသူ အသက် ၃၈နှစ်အရွယ်အမျိုးသား ၁ဦးဖြစ်ပြီး အင်းစိန်ဘာသာရေးပွဲတက်ရောက်ရာမှ ရောဂါကူးစက်ခံခဲ့ရသူဖြစ်သည်။

 

လူနာနံပါတ် Case 47 မှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နေ အသက် ၅၀ အရွယ်အမျိုးသမီးဖြစ်ပြီး အင်းစိန်ဘာသာရေးပွဲတက်ရောက်ရာမှ ရောဂါကူးစက်ခံခဲ့ရသူဖြစ်သည်။ လူနာနံပါတ် Case 50 မှာ တရားဟောဆရာဒေဗစ်လားဖြစ်ပြီး ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ဇီဇဝါဥယျာဉ်အိမ်ယာနေသူဖြစ်ကာ အင်းစိန်ဘာသာရေးပွဲနှင့်ဆက်စပ်သူဖြစ်သည်။

 

လူနာနံပါတ် Case 54 မှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ပြီး ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေသူဖြစ်ကာ အင်းစိန်ဘာသာရေးပွဲတက်ရောက်သူထံမှတဆင့် ကူးစက်ခံထားရသူဖြစ်သည်။ လူနာနံပါတ် Case 58မှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်နေအသက် ၄၆ နှစ်အရွယ်အမျိုးသမီး ဖြစ်ပြီး အင်းစိန်ဘာသာရေးပွဲတက်ရောက််ခဲ့သူထံမှတဆင့် ရောဂါကူးစက်ခံခဲ့ရသူဖြစ်သည်။

 

အထက်ပါ ၁၀ ဦးကို ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်ထားရှိကြောင်းဆိုသည်။ ယင်းကြောင့် ယနေ့အချိန်ထိ ဆေးရုံမှပြန်ဆင်းသွားသူ စုစုပေါင်း ၂၇ ဦးရှိပြီဖြစ်သည်။ အလားတူ ဓာတ်ခွဲစစ်ဆေးမှုများ ထပ်မံပြုလုပ်ချက်အရ Covid-19 လူနာဟောင်း (Case – 14, 18 နှင့် 90) တို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိတော့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

လူနာနံပါတ် Case 14 သည် ရှမ်းပြည်နယ် ကျောက်မဲမြို့နေသူ အသက် ၂၄ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ထိုင်းနိုင်ငံမှပြန်လာသူဖြစ်သည်။ လူနာနံပါတ် Case 18 သည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်ဖြစ်ပြီး လူနာနံပါတ် Case 15 (ဆေးရုံဆင်းသွားပြီး) နှင့် လူနာနံပါတ် Case 17 ( ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး – သေဆုံးပြီး) တို့၏ သားတော်စပ်သူဖြစ်သည်။

 

လူနာနံပါတ် Case 90 သည် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ဇီဇဝါဥယျာဉ်အိမ်ယာနေ အသက် ၅၇ ခုနှစ်အရွယ်အမျိုးသမီးဖြစ်သည်။ ၎င်းသည် အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်သော လူနာဖြစ်သည်။ ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် Covid-19 ကူးစက်ခံရလူနာစုစုပေါင်း ၁၅၁ ဦးတွေ့ရှိထားပြီး ၆ ဦးသေဆုံးထားကာ ၂၇ ဦးဆေးရုံဆင်းသွားပြီဖြစ်သည်။

 

ကျန်ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာ (၁၁၈) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိကြောင်း သိရသည်။ ယနေ့ မေ ၁ ရက်နေ့အတွက် ထပ်တိုးလူနာမရှိပေ။

 

News Ambassador

Read times
Rate this item
(1 Vote)