What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 October 2020 09:12

ပုဂ္ဂလိက ဓာတ်ခွဲခန်းများ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများ ကုသမှုပေးရန် အသေးစိတ်ဆောင်ရွက်သွားမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်

အောက်တိုဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် COVID-19 ဖြစ်ပွားမှုနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အပတ်စဉ်တင်ပြဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

တင်ပြဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

 

တသီးတခြား နေထိုင်ခြင်း

မြန်မာနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူများ၏ (၉၀) ရာခိုင်နှုန်းသည် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊  နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါစသည့် နာတာရှည်အခံရောဂါရှိနေသူများဖြစ်သည့်အပြင် သေဆုံးသူ အများစုသည် အသက်အရွယ်ကြီးသူအမျိုးသားများဖြစ်သည်။ ထိုသို့ နာတာရှည်ရောဂါ အခံရှိသူများနှင့် အသက်အရွယ်ကြီးသူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ တစ်ဆင့် ရောဂါကူးစက်ခံရနေမှုများကို တွေ့ရှိရသည်။  သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်း၊ အချိန်ခြား၍ စားသောက်ခြင်းနှင့် ဖြစ်နိုင်ပါက သီးခြားအိပ်စက်ခြင်းတို့ကို အထူးသတိပြု လိုက်နာဆောင်ရွက်ကြရန် မြို့နယ်၊ ရပ်ကွက် လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ကြစေလိုသည်။

 

အနံ့ပျောက်လက္ခဏာရှိသူများ

အသွားအလာကန့်သတ်ရာနေရာ (quarantine site) များ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသမှုဌာနများတွင် ရောက်ရှိနေသည့် မကူးစက်တတ်သောရောဂါအခံရှိသူများတွင် သောက်လက်စဆေးဝါးများ မပြတ်လပ်စေရေး အတွက် မိမိတို့ဆောင်ရွက်လျက်ရှိသည်။၎င်းတို့အားလည်း အခြားရောဂါအခံမရှိသူများနှင့် ကွဲပြားရန်နှင့် မြင်သာစေရန် တစ်နည်းနည်းဖြင့် အမှတ်အသားပြုလုပ်ကာ ၎င်းတို့၏ရောဂါအခြေအနေကို အထူးစောင့်ကြပ်ကြည့်ရှုရမည်ဖြစ်သည်။ 

 

ဆန်းစစ်သုံးသပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မကူးစက်တတ်သောရောဂါကာကွယ်နှိမ်နင်းရေးဌာနခွဲမှ အဆိုပါစင်တာများနှင့် ဆေးရုံများသို့ ဆေးဝါးများ ဖြန့်ဝေထားသည်ဆိုသော်လည်း ရောက်ရှိမှု ရှိ၊ မရှိနှင့် ရောက်ရှိပါကလည်း ၎င်းလူနာများ သောက်သုံးမှု ရှိ၊ မရှိ အခြေအနေကိုလည်း ဆန်းစစ်သုံးသပ်ကာ လိုအပ်သလို ဆက်လက် ဆောင်ရွက်စေလိုပါသည်။အခြားနိုင်ငံများတွင် COVID-19 နှင့် နာတာရှည်ရောဂါအခံတို့ ဆက်စပ်သေဆုံးမှု အခြေအနေများကိုလည်းကောင်း၊ ကုသမှုကုထုံးများကိုလည်းကောင်း လေ့လာဆန်းစစ် သုံးသပ်စေလိုသည်။

ဝန်ကြီးဌာန၏ ဆေးရုံများနှင့် အသစ်ဖွင့်လှစ်ထားသော COVID-19 ကုသရေးဌာန (၁၅) ခုတွင် COVID-19 ကုသပေးနေခြင်းသာမက အခြားသော ရောဂါအမျိုးမျိုးအတွက် ကုသမှုလုပ်ငန်းများ လစ်ဟင်းမှု မရှိစေရေးအတွက် ဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြုများနှင့် ပညာရှင်များက လိုအပ်သည်များအား ဆန်းစစ်သုံးသပ်၍ ကုသလျက်ရှိသည်မှာလည်း ကောင်းမွန်ပါသည်။

 

စင်တာများနှင့် ဆေးရုံများ

COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှုလုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ကူညီဖြေရှင်းပေးကာ လိုအပ်သည်များကိုလည်း ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်မှာ အထူးကောင်းမွန်ပါသည်။

ယခုအချိန်၌ အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများနှင့် ဆေးရုံသို့ ရောက်ရှိလာသူများ နည်းပါးလာစေရေးနှင့် ကူးစက်ပျံ့နှံ့မှုကျဆင်း စေရန်အတွက် အဓိကလုပ်ဆောင်ရမည်မှာ ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများပင်ဖြစ်ပါသဖြင့် ဤကိစ္စအား ပိုမိုအားဖြည့် ဆောင်ရွက်စေလိုပါသည်။

အသွားအလာကန့်သတ်ထားရာနေရာ၊ လတ်တလောအနံ့ပျောက်လက္ခဏာရှိသူများ ထားရှိရာစင်တာများ၊ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများ၌  လူနာများအား ခုတင်နေရာချကာ စနစ်တကျထားရှိနိုင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းများ အတွက် နေ့စဉ်ဆွေးနွေးလုပ်ဆောင်နေသည့် အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ 

အဆိုပါနေရာများ၌ လူနာများဆိုင်ရာ သတင်းအချက်အလက်များကို ပြုစုရာတွင်လည်း လွယ်ကူလျင်မြန် ရိုးရှင်းသည့် ပုံစံများဖြင့်ဆောင်ရွက်စေလိုပြီး  ယင်းမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များကိုလည်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နေ့စဉ်သုံးသပ်လျက်ရှိပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

 ပုဂ္ဂလိက ဓာတ်ခွဲခန်းများ ပုဂ္ဂလိကဆေးရုံများ

• ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ပုဂ္ဂလိကဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကို သဘောတူပါသဖြင့် ဆက်လက်၍ အသေးစိတ်ဆောင်ရွက်မည်ဖြစ်သည်။

လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များ

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -

 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 လူနာများကုသမှုပေးနေသည့် ဆေးရုံနှင့် COVID-19 ကုသရေးဌာနများအလိုက် စောင့်ကြည့်လူနာခုတင်များ၊ COVID-19 လူနာခုတင်၊ အောက်ဆီဂျင်ပေးကုသမှုဆောင်ရွက်နိုင်သည့် လူနာခုတင်များ၊ 

အထူးကြပ်မတ်ကုသဆောင်များ အရေအတွက်၊ လက်ရှိ တက်ရောက်ကုသမှုခံယူနေသည့် အရေအတွက်နှင့် လူနာများကုသရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊

 

ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများ

ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရိအောင်က -

ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု အခြေအနေများ၊ အသွားအလာကန့်သတ်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

 

 ပြည်သူများကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိရန်လိုအပ်

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က -

ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ချက်များနှင့် ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူများကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိမှသာ အောင်မြင်မည် ဖြစ်သည်ကိုလည်းကောင်း၊

 

ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ

ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက -

ရပ်ကွက်များနှင့် ဈေးများ၌ ရပ်ကွက်တွင်နေထိုင်သူများကလည်းကောင်း၊ ဈေးများတွင် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများက လည်းကောင်း အသံချဲ့စက်ငယ်များဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်စေခြင်း၊ အချင်းချင်း သိပညာပေးနှိုးဆော်ခြင်း(peer education) ပုံစံဖြင့် ဆောင်ရွက်သွားရန် အကြံပြုချက်နှင့် ထိုသို့အသိပညာပေးရန် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာအချက် အလက်များကို လွယ်ကူရိုးရှင်းစေရေး မွမ်းမံပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊

 

အကျဉ်းထောင်  COVID-19 ဖြစ်ပွားတွေ့ရှိမှု 

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က -

အကျဉ်းထောင်နှင့် အချုပ်ထောင်အချို့တွင် COVID-19 ဖြစ်ပွားတွေ့ရှိမှု အခြေအနေနှင့် အကျဉ်း ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

 

ဈေးများ

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

ဈေးများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း အပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးဌာနများရှိ ကျန်းမာရေးဌာနများပါဝင်ဆောင်ရွက်ရေးအတွက် ချိတ်ဆက် ဆောင်ရွက်သွားမည်ကိုလည်းကောင်း၊

ပုဂ္ဂလိကကဏ္ဍ

အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက -

ပုဂ္ဂလိက ဓာတ်ခွဲခန်းများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခြင်းနှင့် ဆေးရုံများတွင် COVID-19 လူနာများ လက်ခံကုသမှုပေးခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းထားရှိမှုများကိုလည်းကောင်း၊

 

ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က -

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့မှ လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း 

 

အသီးသီးတင်ပြခဲ့ကြပါသည်။

 

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆုံးဖြတ်ဖြည့်ဆည်းမှုများ ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• ယခုအချိန်၌ COVID-19 ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် အဓိကဆောင်ရွက်ရမည့်အချက်မှာ မိမိတို့ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းနည်းဗျူဟာများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးပါဝင်မှုများဖြင့် အထူးအားဖြည့်ဆောင်ရွက်ရမည့် အချက်ဖြစ်ပါကြောင်း၊

• လက်ကိုင်အသံချဲ့စက်များအသုံးပြု၍ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ၌ ရပ်ကွက်သူ/သားများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများ၊ စက်ရုံ/ အလုပ်ရုံအလုပ်သမားများက ကိုယ်တိုင်ပါဝင် ဆောင်ရွက်စေခြင်းဖြင့်လည်းကောင်း၊  မိမိနေအိမ်နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများအား အချင်းချင်း ကျန်းမာရေးအသိပညာများမျှဝေခြင်းဖြင့် လည်းကောင်း ဆောင်ရွက်ပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• COVID-19 ဖြစ်ပွားမှု မများပြားသေးသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့်လည်း မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖြစ်တော့မည်ဟူသောပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ ပရဟိတစေတနာရှင်များနှင့် ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများအား အလေးထားဆောင်ရွက်ထားစေလိုပါကြောင်း၊ လိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

Read times
Rate this item
(0 votes)