What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 03 November 2020 14:23

အာဆီယံဒေသတွင်း အမြတ်အစွန်းကောင်းသည့် ဆေးဝါးတု ကုန်သွယ်ရေး

အာဆီယံဓေသတွင်းမှာ ဆေးဝါးတုအမျိုးမျိုး ဖြန့်ချိရောင်းချလျက် ရှိသည်။ ထုတ်လုပ်မှုများကိုလည်း အာဆီယံဒေသတွင်းမှာပင် လုပ်ကိုင်ကြသည်။

 

ဆေးဝါးတု ထုတ်လုပ်မှုနှင့် တရားမဝင်ဆေးဝါးထုတ်လုပ်မှုတို့ကို အဓိကအားဖြင့် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့တွင် လုပ်ကိုင်ကြပြီး ဆေးဝါးထုတ်လုပ်မှုတွင် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် ကြီးကြပ်စစ်ဆေးမှုများကို ရှောင်ကွင်းရန်အတွက်လည်းကောင်း၊ ထုတ်လုပ်မှု စရိတ်သက်သာသည့်အတွက်ကြောင့် လည်းကောင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်အပိုင်း အချိို့တို့ကို မလေးရှား၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများတွင် လုပ်ကိုင်သည်ဟု ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်သည့် United Nations Office on Drugs and Crime (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဆေးဝါးအတု ကုန်သွယ်ရေးသည် အာဆီယံတွင် စနစ်တကျ လုပ်ကိုင်သော ရာဇဝတ်မှုမျိုး ဖြစ်သည်။ အတုအယောင် ဆေးဝါးများ ဝယ်ယူသုံးစွဲနေကြသည့် ပမာဏသည် အမေရိကန်‌ေဒါ်လာသန်း ၅၂၀ မှ ၂. ၆ ဘိလျံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

 

တမင်ရည်ရွယ်၍လည်းကောင်း၊ လိမ်လည်လှည့်ဖျား၍လည်းကောင်း မူရင်း မည်သည်မည်ဝါဖြစ်ကြောင်း အညွှန်းမှားယွင်းစွာ ဖော်ပြထားသည့် ဆေးဝါးမှန်သမျှတို့သည် ဆေးဝါးအတုများသာ ဖြစ်သည်ဟု ကမ္ဘာကျန်းမာရေးအဖွဲ့ World Health Organisation (WHO)က မှတ်ယူသည်။ အတုအယောင် ဆေးဝါးများမှာ သန္ဒေမရစေသော မြုံဆေးမှအစ ကင်ဆာရောဂါတိုက်ဖျက်သည့် ဆေးအလယ်၊ ကိုယ်အလေးချိန်ကျဆေးအဆုံး အမျိုးစုံလင်သည်။

 

မြို့ပြနှင့် ဝေးလံသော နေရာများတွင် ကောင်းမွန်တည့်မှန်သော ကျန်းမာရေး စောင့်ရှောက်မှုများ မရသည့်အတွက် အတုအယောင် ဆိုသည်ထက် ရရာဆေးဝါးကို သုံးစွဲကြရသဖြင့် ဆေးအတုပြဿနာ ပိုကြီးမားသည်။ လူနာတို့သည် ဆေးဝါးရောင်းချသူ ရောင်းချပေးသည့် ဆေးမှတစ်ပါး အခြား မရနိုင်ကြချေ။ အမှတ်တံဆိပ် အတုလုပ်ပြီး ထုတ်လုပ်ကြရာ၌ မှားယွင်းသောအရာများ ပါဝင်ခြင်း၊ မှန်ကန်သောအရာများ ပါဝင်ခြင်း၊ အာနိသင်ရှိသည့်အရာ မပါဝင်ခြင်း၊ ပါဝင်သောအရာတို့၏ အချိုးအစားပမာဏ မမှန်ကန်ခြင်း၊ ထုပ်ပိုးပစ္စည်း အတုလုပ်ခြင်း အစရှိသည်တို့သည် ဆေးဝါးအတုများသာ ဖြစ်သည်။

 

ဆေးဝါးအတုတို့သည် ကုသပေးရမည့် ရောဂါကို ကုသပေးခြင်း မရှိခြင်းသည် အဆိုးထဲမှ အကောင်းဖြစ်သည်။ ရောဂါကို ကုသမပေးသည့်အပြင် ကျန်းမာရေးကို ထိခိုက်စေပြီး အဆိပ်အတောက်များ ပါဝင်နေခြင်းသည် အဆိုးဝါးဆုံး ဖြစ်သည်။

 

ဆေးဝါးအတု ဈေးကွက်ကြီးထွားလာစေသည့် အကြောင်း တစ်ချက်မှာ အွန်လိုင်းရောင်းချမှုများ လုပ်ကိုင်ဖို့ လွယ်ကူနေပြီး ဖမ်းဆီးအရေးယူဖို့ ခက်ခဲနေခြင်း ဖြစ်သည်။ ဆေးဝါးအတုများ၊ ဆေးပစ္စည်းကိရိယာအတုများ အွန်လိုင်း ရောင်းချနေသည်တို့ကို ကမ္ဘာတစ်လွှား ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုက်ဖျက်လျက်ရှိသည်။ အများစုမှာ ဗိုင်းရပ်စ်ကာကွယ်ဆေးများ။ ဆေးဘက်ဝင်အပင်တို့ဖြင့် ဖော်စပ်သော ဆေးများ၊ ငှက်ဖျားအတွက် ဆေးများ ဖြစ်သည်။ ဆေးပစ္စည်းကိရိယာအတုများတွင် အများစုမှာ မတ်စ်များ၊ ပိုးသတ်ဆေးရည်များ၊ ကိုဗစ် test kit များ၊ ဆေးဘက်ဆိုင်ရာ လက်အိတ်များ၊ အသက်ရှူရန် လေပေးစက်များ ဖြစ်သည်။


တကိုယ်ရေ သန့်ရှင်းရေးအတွက် အတုများတွင် အများစုမှာ ပိုးသတ်လက်ဆေးရည်များ၊ ပိုးသတ်ဆပ်ပြာများ၊ ဆေးရည်စွတ်ထားသည့် တစ်ရှူးများ ဖြစ်သည်။ ဆေးဝါးအတုများ အရှေ့တောင်အာရှတွင် ရောင်းချလျက် ရှိရာ ၄၇% သည္ ငှက်ဖျားအတွက် ဆေးဝါးအတုများ ဖြစ်သည်ဟု United Nations Office on Drugs and Crime (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

Myanmar Health Guide

Ref:the asean post

Read times Last modified on Tuesday, 03 November 2020 14:23
Rate this item
(0 votes)