What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 11 November 2020 14:04

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ လက်တွေ့စမ်းသပ်မှု ဘရာဇီးဆိုင်းငံ့

တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech က ထုတ်လုပ်တဲ့ CoronaVac ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဘရာဇီးမှာ လက်တွေ့စမ်းသပ်မှုတွေလုပ်ဆောင်နေရာ စမ်းသပ်မှုမှာပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ဆိုးရွားတဲ့ထိခိုက်မှုတွေခံစားခဲ့ရပြီးတဲ့နောက် လက်တွေ့စမ်းသပ်မှုတွေ ဆိုင်းငံ့လိုက်တယ်လို့ ဘရာဇီးကျန်းမာရေးအာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၁၀ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

 

အမေရိကန်ဆေးဝါးကုမ္ပဏီ ဖိုက်ဇာကထုတ်တဲ့ ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ ကြေညာခဲ့ပြီး ၎င်းတို့ကာကွယ်ဆေးကို ဈေးကွက်အရောက်ပို့ဖို့နဲ့ ကပ်ရောဂါအဆုံးသတ်ဖို့ မျှော်လင့်ချက် ပေးနေစဉ်တစ်ချိန်တည်းမှာပဲ ဘရာဇီးက ခုလို ပြောလိုက်တာဖြစ်ပါတယ်။

 

အောက်တိုဘာ ၂၉ ရက်က ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုကြုံတွေ့ပြီးနောက် CoronaVac ကာကွယ်ဆေးနဲ့လက်တွေ့စမ်းသပ်မှုကို အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ဘရာဇီးကျန်းမာရေးအာဏာပိုင် Anvisa ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လုံခြံရေးစည်းမျဉ်းတွေအရ အဖြစ်အပျက်အသေးစိတ်ကို မဖော်ပြခဲ့ပေမယ့် စမ်းသပ်မှုဖြစ်ရပ်တွေထဲမှာ သေဆုံးတာ၊ အသက်အန္တရာယ်ရှိလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ဆိုးဆိုးရွားရွား မသန်မစွမ်းဖြစ်တာ၊ ဆေးရုံတက်တာ၊ မွေးရာပါချွတ်ယွင်းချက်တွေရှိတာနဲ့ တခြားလက်တွေ့စမ်းသပ်မှုဆိုင်ရာပြဿနာ စတဲ့အချက်တွေ ကြုံခဲ့ရပါတယ်။

 

ပူးတွဲလုပ်ဆောင်တဲ့ သုတေသီစင်တာ Butantan Institute ရဲ့ မပြည့်စုံတဲ့ဒေတာအချက်အလက်တွေပေါ်အခြေခံပြီး နည်းပညာဆိုင်ရာဆုံးဖြတ်ချက် ချလိုက်တာဖြစ်တယ်လို့ ဘရာဇီးကျန်းမာရေးအာဏာပိုင်အဖွဲ့ Anvisa က ပြောပါတယ်။

 

ဘရာဇီးကျန်းမာရေးအာဏာပိုင် Anvisa အကြီးအကဲ အန်တိုနီယိုဘာရာတောရက်စ်က "ကျွန်တော်တို့ အရင်နေ့က ရရှိခဲ့တဲ့ အချက်အလက်တွေအရ နည်းပညာနယ်ပယ်တွေမှာ အချက်အလက် မလုံမလောက်တာ မပြည့်စုံတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆိုးရွားတဲ့ဖြစ်ရပ်တွေတွေ့လို့ လက်တွေ့စမ်းသပ်မှုကို ရပ်လိုက်တာဟာ ဒီနယ်ပယ်က လူတွေအတွက်တော့ အံ့ဩစရာမဟုတ်ပါဘူး" လို့ပြောပါတယ်။

 

Anvisa ရဲ့ ဆေးဘက်ဆိုင်ရာအထွေထွေမန်နေဂျာ ဂတ်စ်တာဗိုမန်ဒက်စ်ကလည်း "ကာကွယ်ဆေးနဲ့ လူသေဆုံးမှုအကြား ဆက်စပ်မှုမရှိဘူးဆိုတာ အတည်ပြုနိုင်သွားရင်တော့ ကာကွယ်ဆေးလက်တွေ့စမ်းသပ်မှုတွေကို ကျွန်မတို့ ပြန်လုပ်သွားမှာပါ။ နောက်ထပ် စေတနာ့ဝန်ထမ်းအသစ်တွေကို ကာကွယ်ဆေးစမ်းသပ်မှုထပ်မလုပ်တော့ဘူးဆိုတဲ့သဘောနဲ့ ဆိုင်းငံ့တာပါ" လို့ဆိုပါတယ်။

 

လက်တွေ့စမ်းသပ်မှုတွေ တွဲဖက်လုပ်ဆောင်နေတဲ့ Butantan Institute ကတော့ လူသေဆုံးတဲ့ဖြစ်ရပ်ဟာ ကာကွယ်ဆေးနဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

 

Mizzima Burmese

Read times
Rate this item
(0 votes)