What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 November 2020 09:31

ကိုဗစ် ကာကွယ်ဆေး ထိုးဆေး ပေါ်မှ VVM ဆိုတာ ဘာလဲ

COVID-19 ကာကွယ်ရေးထိုးဆေးများ ထုတ်လုပ်နိုင်ရန် အသည်းအသန် အမြန်အဆန် ကြိုးပမ်းနေကြသည်။ COVID-19 ကာကွယ်ဆေးအသစ်များ ထွက်ပေါ်လာသည်ကို မကြာမီတွေ့မြင်ရလိမ့်မည်။

 

သို့သော် ဤအသစ်သောကာကွယ်ဆေးနည်းပညာများနှင့်အတူ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးတို့တွင် စိန်ခေါ်မှုများ အသစ်ပေါ်လာသည်။ Pfizer / BioNTech တီထွင်သည့် ကာကွယ်ရေးထိုးဆေးများနှင့် အချို့သော ကိုဗစ်ကာကွယ်ရေး ထိုးဆေးများသည် အပူချိန် (-)70 ဒီဂရီစင်တီဂရိတ်အောက်တွင် အမြဲမပြတ် သိုလှောင်ထားရန် လိုအပ်သည်။ သာမန် ရေခဲသေတ္တာနှင့် အေးခဲသေတ္တာအများစု လုပ်ကိုင်သည့် အအေးချိန်ထက် များစွာပိုနေသော အအေးချိန်ဖြစ်သည်။ နောက်ထပ်အချက်မှာ ကိုဗစ်ကာကွယ်ရေး ထိုးဆေးများသည် အခြားသော ကာကွယ်ရေး ထိုးဆေးများနှင့် နှိုင်းစာလျှင် သက်တမ်းတိုတောင်းသည်။

 

လုံလောက်သော အအေးဓာတ် ရရှိနေစေရေးကို စက်ရုံမှ ဆေးထိုးသည့် ဆရာဝန်လက်ထဲ ရောက်ချိန်အထိ အမြဲမပြတ် စီစဉ်ပေးထားဖို့ လိုအပ်သည်။

 

သို့ဖြစ်ရာ ဆေးထိုးခံမည့် လူနာနှင့် ဆေးထိုးမည့် ကျန်းမာရေးဝန်ထမ်းတို့သည် ထိုးမည့် ကာကွယ်ရေးထိုးဆေးပုလင်းသည် အအေးဓာတ် တောက်လျှောက် ရခဲ့ခြင်း ရှိမရှိကို ဆေးမထိုးခင် ဦးစွာပထမ စစ်ဆေးကြဖို့ လိုသည်။

 

ထိုသို့ စစ်ဆေးရာတွင် လူပြိန်းတစ်ဦးပင်လျှင် စစ်ဆေးနိုင်အောင် ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီက စီစဉ်ပေးထားဖို့ တာဝန်ရှိသည်။ ထိုတာဝန် ပျက်ကွက်နေလျှင် အချိန်မရွေး တရားစွဲဆိုခံရမည့် အရေး ရှိနေသည်။

 

အရောင်ကိုကြည့်

ထို့အတွက် ယခုအခါ ကာကွယ်ဆေး ထိုးဆေး အားလုံးနီးပါးတို့သည် vaccine vial monitor (VVM) ကို ထိုးဆေးပုလင်းခွံပေါ်မှ ပုလင်းပတ်တွင် ထည့်ပေးထားသည်။ စမတ်လေဘယ် တစ်မျိုးဖြစ်ပြီး အချိန်အရ နှင့် အပူချိန်အရ အရောင်ပြောင်းလဲ ပြသပေးသည့် လေဘယ်လည်း ဖြစ်သည်။ ထို့အတွက် အရောင်မဲ့ ဓာတုပစ္စည်းကို သုံးထားသည်။

 

အချိန်ကြာလာသည်နှင့်အမျှ အရောင် ပေါ်လာပြီး ထိုအရောင်သည် အမည်းဘက်သို့ ဦးတည် ပြောင်းလဲသွားသည်။ သတ်မှတ် အပူချိန်တွင် မရှိလျှင်လည်း အလားတူ အရောင်ပြောင်းသည်။ သို့ဖြစ်ရာ လေဘယ် အရောင်ကို ကြည့်လိုက်ရုံဖြင့် ကိုဗစ်ကာကွယ်ရေးထိုးဆေးသည် ကောင်းသေးလား မကောင်းတော့ဘူးလား ဆိုသည်ကို ချက်ချင်း သိရှိဆုံးဖြတ်ပေးနိုင်စေသည်။

 

WHO ပြဌာန်းချက်

လက်ရှိတွင် WHO ဟု လူသိများသည့် World Health Organization ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ကာကွယ်ရေးထိုးဆေး ၂၄၈ မျိုးတွင် ၂၃၀ ကို VVM ပါရမည်ဟု ပြဌာန်ထားပြီး ဖြစ်သည်။

 

ကာကွယ်ရေး ထိုးဆေးများသည် အမျိုးအစားအပေါ် မူတည်ပြီး ထားသိုပုံ၊ သက်တမ်းတို့ ကွာခြားသော်လည်း ပုလင်းပတ်တွင် ဖော်ပြထားသည့် ဗီဗီအမ် အရောင်ပြောင်းပုံမှာ တစ်ပြေးညီ ဖြစ်အောင် ချိန်ညှိပေးထားပြီး ဖြစ်ရာ VVM ကို ဖတ်ရှုပုံမှာ မည်သည့် ကာကွယ်ရေး ထိုးဆေးမဆို အတူတူပင် ဖြစ်သည်။

Myanmar health Guide

Ref: Gavi.org

Read times
Rate this item
(0 votes)