သမ္မတ ဗလာဒီမာပူတင်က ကာကွယ်ဆေးတစ်မျိုးကို အတည်ပြုသည့် ကမ္ဘာ့ ပထမဆုံးနိုင်ငံအဖြစ် ကြေညာပြီးနောက် ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ခဲ့ကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်သည်။
သမ္မတ ပူတင်၏ ဗိုင်းရပ်စ်ကာကွယ်ဆေးဆိုင်ရာ ကြေညာချက်ကို သိပ္ပံပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့က သတိပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းမှု ပြန်လည်သုံးသပ်ရန်လိုအပ်ဟု ပြောကြားခဲ့သည်။
“ဂါမာလီယာအင်စတီကျုရဲ့ ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ဆေးထုတ်လုပ်ပါပြီ” ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။ လက်တွေ့စမ်းသပ်မှုများ မပြီးဆုံးသေးသလို လူပေါင်း ၂၀၀၀ ကျော် ပါဝင်သော နောက်ဆုံးအဆင့် စမ်းသပ်မှုကို ယခုအပတ်အတွင်း စတင်ခဲ့သော် လည်း ဗိုင်းရပ်စ်ကာကွယ်ဆေးက အန္တရာယ်ကင်းပြီး အကျိုးသက်ရောက်မှု ရှိကြောင်း သမ္မတပူတင်က ပြောကြားခဲ့သည်။ အနောက်နိုင်ငံများမှ သိပ္ပံပညာ ရှင်များက ကာကွယ်ဆေးတစ်မျိုး မြန်ဆန်စွာထုတ်လုပ်မှုသည် အန္တရာယ် များကြောင်း သတိပေးခဲ့သော်လည်း ရုရှားနိုင်ငံ၏ သုတေသနကို ထိခိုက် စေသည့် ကြိုးပမ်းမှုတစ်ရပ်ဟုဆိုကာ ပူတင်က ဝေဖန်မှုများကို ရှုတ်ချခဲ့သည်။
ရုရှားနိုင်ငံထုတ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ၁၉၅၇ ခုနှစ်တွင် အာကာသ အတွင်း ပထမဆုံးအကြိမ် လွှတ်တင်ခဲ့သည့် ဆိုဗီယက်ခေတ် ဂြိုဟ်တုဖြစ်သော “စပွတ်ညစ် ဗွီ”ဟု အမည်ပေးထားသည်။ အဆိုပါကာကွယ်ဆေးကို မော်စကို မြို့တော်ရှိ ကူးစက်ရောဂါဆိုင်ရာ သုတေသနအဖွဲ့အစည်းဖြစ်သည့် ဂါမာလီယာ က ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာလမှ စတင်ကာ ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီလမှစ၍ တစ်လလျှင် အလုံးရေ ငါးသန်း ထုတ်လုပ်ရန် စီစဉ် ထားကြောင်း ရုရှားနိုင်ငံက ပြောသည်။ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံး အနေဖြင့် ဆရာဝန်များ၊ နောက်ပိုင်း ရုရှားနိုင်ငံသားအားလုံး ရရှိအောင်ဆောင်ရွက် မည်ဟု ကျန်းမာရေးဝန်ကြီး မီခေးလ်မူရတ်ရှ်ကိုက ပြောကြားခဲ့သည်။
ဗိုင်းရပ်စ်ကူးစက်မှု ၉၁၇၀၀၀ ကျော်ရှိသော ရုရှားနိုင်ငံက အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ကူးစက်မှု စတုတ္ထအမြင့်ဆုံး နိုင်ငံဖြစ်သည်။ ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၅၄၀၀၊ ဆေးရုံတက်ကုသသူ ၉၂၀၀၀ နှင့် အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူရသူ ၂၉၀၀ ရှိကြောင်း သိရသည်။
The Mirror Daily