What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 December 2020 09:57

ကိုဗစ်ကို အောင်နိုင်နေသလား ကိုဗစ်ကပဲ အောင်ပွဲခံနေသလား

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က Covid-19 နဲ့ ပတ်သက်ပြီး Healthy and Happy Life in the new normal လို့ နာမည်ပေးထားတဲ့ အစည်းအဝေး တစ်ခု လုပ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက Covid-19 ဟာ ရာသီတုတ်ကွေးလိုပဲ လပေါင်းများစွာ တည်ရှိနေမယ်၊ ဒီ့အတွက် ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍ တာဝန်ရှိသူတွေ အနေနဲ့ ကြိုတင် တွက်ဆ ပြင်ဆင် ဆောင်ရွက်ထားကြရမယ်။ Covid-19 ဖြစ်ပွားမှုနဲ့ အတူ ပုံမှန် လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ကိုင်နေကြဖို့ လိုအပ်တယ်၊ အဲလို မလုပ်နိုင်ရင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနိုင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီ ပြောဆိုချက်ဟာ အစိုးရရဲ့ အရင်ရှိပြီးသား မူဝါဒ ဖြစ်တဲ့ Covid-19 ကို အတိုင်းအတာ တစ်ခု အထိ ထိန်းချုပ်နိုင်အောင် ကြိုးစားမယ်၊ အဲလို ထိန်းချုပ်နိုင်တော့မှ ရပ်တန့်ထားရတဲ့ လုပ်ငန်းတွေ ပြန်စ မယ် ဆိုတာကို ပြောင်းလဲလိုက်တဲ့ သဘောလဲ ဖြစ်နိုင်ပါတယ်။ သူပြောတဲ့ အချိန်တုန်းက မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ် ကူးစက်မှုနှုန်း အယောက် ၁၀၀၀ အောက်ကို မကျသေးပါဘူး။ အခု ရက်သတ္တပတ် ထဲမှာတော့ တစ်နေ့ ကူးစက်ခံရသူ ၁၀၀၀ အောက် ကျဆင်းလာနေပေမယ့် ပျမ်းမျှ လူ ၉၀၀ အထက်မှာ ရှိနေပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ Covid-19 ကပ်ရောဂါကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ပါပြီလား၊ ဒါမှမဟုတ် ကိုဗစ်ကပဲ မြန်မာနိုင်ငံကို အနိုင်ရနေသလား၊ ဒီလို အခြေအနေမှာ ကျန်းမာရေး ဝန်ကြီးပြောသလို ရပ်နားထားတဲ့ ပုံမှန်လုပ်ငန်းတွေ အရှိန်အဟုန်မပျက် ပြန်စကြဖို့ သင့်ပါပြီလား ဆိုတဲ့ ပြသနာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ ပြသနာကြောင်း လေ့လာကြည့်ကြရအောင်ပါ။

မြန်မာမှာ ကိုဗစ် 19 စတွေ့တဲ့ အခုနှစ် မတ်လ ၂၃ ရက်နေ့ကနေ ဒုတိယ လှိုင်းလို့ ခေါ်နိုင်တဲ့ ရခိုင်ပြည်နယ်မှာ ရောဂါကူးစက်ခံရသူ စတွေ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့အထိ ကူးစက်ခံရသူ စုစုပေါင်း ၃၇၅ ယောက်ပဲ တွေ့ရပြီး မဆိုစလောက် အရေအတွက်လို့တောင် ပြောနိုင်ပါတယ်။ သြဂုတ်လ ၁၆ ရက်နောက်ပိုင်း အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ ကူးစက်ခံရသူ အရေအတွက် တစ်နေ့ကို ဆယ်ဂဏန်း၊ ရာဂဏန်းကနေ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ၁၀၀၀ ကျော်ကို စ ရောက်ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာ တစ်နေ့ထဲ ကူးစက်ခံရသူ ၂၁၅၈ ယောက်နဲ့ စံချိန်ကျိုးခဲ့ပြီး နောက်ပိုင်း တစ်ရက် ပျမ်းမျှကူးစက်ခံရသူ အရေအတွက် ၁၀၀၀ နဲ့ ၁၅၀၀ အကြားရှိခဲ့သလို ပြီးခဲ့တဲ့ အပတ်ကမှ ၁၀၀၀ အောက် စ ကျဆင်းလာတာ တွေ့ရပါတယ်။ အားလုံးကို ခြုံပြီး ပြောရရင် ဒုတိယလှိုင်းကာလ ရက်ပေါင်း ၁၃၀ အတွင်းမှာ တစ်ရက် ပျမ်းမျှ ကူးစက်ခံရသူ ၉၁၈ ယောက်ရှိပြီး တစ်ရက် ပျမ်းမျှ ၁၉ ယောက် သေဆုံးပါတယ်။ ဒါကို ကြည့်ရင် လက်ရှိ အခြေအနေဟာ အစိုးရအနေနဲ့ ကိုဗစ် ဖြစ်ပွားမှုကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်သေးဘူး ဆိုတဲ့ အဖြေ ထွက်ပါတယ်။

အစိုးရအနေနဲ့ Covid-19 ကို ဒီကနေ့ အချိန်ထိ မထိန်းချုပ်နိုင်ရခြင်းမှာ အကြောင်းအချက် မျိုးစုံ ရှိနိုင်ပါတယ်။ ပထမ အရေးကြီးဆုံး အချက်ဟာ Covid-19 ရှိမရှိ လိုအပ်သလောက် စစ်ဆေး မပေးနိုင်တဲ့ အနေအထားပါ။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံအတော်များများရဲ့ Covid-19 ကိုင်တွယ်ပုံမှာ ရောဂါ ကူးစက်မှု ရှိတဲ့ နေရာတွေကို အချိန်တို ပြင်းထန်ထိရောက်တဲ့ Lock-down ချ၊ အဲဒီ အဝန်းအဝိုင်းက လူအများကြီးကို ဗိုင်းရပ်စ် စစ်ဆေးပေးနိုင်ဖို့ ကြိုးစားတာပါပဲ။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကတော့ အဲလို တစ်ချိန်တည်း တစ်ပြိုင်တည်း Covid-19 လုံလုံလောက်လောက် အများအပြား စစ်ဆေးပေးနိုင်တဲ့ အခြေအနေ မရှိတာကြောင့် ပြင်းထန်တဲ့ Lock-down ချတာမျိုး မလုပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မန္တလေးမှာ လုပ်ခဲ့တဲ့ တင်းကြပ်တဲ့ Lock-down ချမှု မအောင်မမြင် ဖြစ်ခဲ့ရတာက နမူနာ တစ်ခုပါ။

နောက်ထပ် ဒီအချက်ကို ထောက်ခံနေတဲ့ အချက်တစ်ခုကတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ Covid-19 စစ်ဆေးနိုင်စွမ်းအား အရေအတွက်ပါ။ လက်ရှိ အစိုးရဟာ Covid-19 ရှိမရှိ တစ်နေ့ ပျမ်းမျှ အခုရေ ၂သာင်းကျော်ပဲ စစ်ဆေးပေးနိုင်ပြီး အဲဒီထဲမှာမှ တိတိကျကျ အဖြေထွက်တဲ့ ဓာတ်ခွဲ စစ်ဆေးမှုက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိနေတာပါ။ ကျန် ၈၀%ဟာ negative ပြရင် မသေခြာတဲ့ Covid-19 Rapid Antigen Diagnostic test kit တွေနဲ့ စစ်ဆေးနေတာမျိုးပါ။

Covid-19 ကို မထိန်းချုပ်နိုင်တဲ့ နောက်ပြသနာ တစ်ခုက အစိုးရရဲ့ စီးပွားရေးအပေါ် ငဲ့ညှာမှုပါ။ အထူးသဖြင့် ကုန်စည် စီးဆင်းမှု ရပ်တန့်မသွားအောင် အဓိက လုပ်ဆောင်တာ တွေ့နိုင်ပါတယ်။ နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ် စပြီး ရောက်လာချိန်ကနေ ဒီကနေ့ အချိန်ထိ ကုန်စည်စီးဆင်းမှု ရပ်တန့်မသွားအောင် ကြိုးစားခဲ့ပါတယ်။ အခြေအနေ ပိုဆိုးလာတဲ့ ဒုတိယလှိုင်း ကာလမှာ အချိန်မီ ပေါ်ထွက်လာတဲ့ ကိုရီးယားလုပ် test kit တွေသုံးပြီး၊ ကုန်ကားသမားတွေကို စစ်ဆေး၊ ကုန်စည်စီးဆင်းမှု ပုံမှန်ဖြစ်အောင် ဖွင့်ပေးထားခဲ့တာပါ။ တကယ်လက်တွေ့မှာလည်း မြန်မာနိုင်ငံမှာ တစ်နေ့ တစ်နေ့ ကိုဗစ် စစ်ဆေးတဲ့ အရေအတွက် ၂ သောင်းကျော်မှာ တိုင်းနဲ့ ပြည်နယ်အနှံ့က ချက်ပွိုင့်တွေမှာ ကုန်ကားသမားတွေကို စစ်တဲ့ အရေအတွက်က အများဆုံး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ ထုံးစံအတိုင်း test kit တွေဟာ ရာနှုန်းပြည့် စိတ်ချရတာမျိုး မဟုတ်လေတော့ အဲလို ကုန်စည်စီးဆင်းမှု လမ်းကြောင်းကနေလည်း ဗိုင်းရပ်စ်ဟာ ပျံ့ပြီးရင်း ပျံ့တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကိုဗစ် ဒုတိယလှိုင်း စကာစ က မြန်မာနိုင်ငံ မြို့နယ် တစ်ချို့လောက်မှာပဲ ကိုဗစ် ကူးစက်ပျံ့နှံ့မှု တွေ့နေရာကနေ ဒီကနေ့ အချိန်မှာတော့ နေ့စဉ် ဆက်တိုက် ဆိုသလို ပျမ်းမျှ မြို့ပေါင်း ၁၄၀ ဝန်းကျင်လောက်မှာ ကူးစက်မှုတွေ တွေ့နေရပါပြီ။ ဒါဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ခက်ခဲမယ့် အခြေအနေလို့ ယူဆနိုင်ပါတယ်။

အခုလို ကိုဗစ်ကို အစိုးရက ထိန်းချုပ်လို့ မရနိုင်သေးလေတော့ မြန်မာဟာ ကမ္ဘာပေါ်မှာ အခြေအနေ ဆိုးတဲ့နိုင်ငံတွေအထဲများ ပါနေသလား ဆိုပြီး စိုးရိမ်စရာပါ။ အမေရိကန်နိုင်ငံ ဂျွန်ဟော့ဖ်ကင်းတက္ကသိုလ် Worldometer ဖော်ပြချက်အရ လက်ရှိ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ထိ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သိန်း ၂သောင်းနီးပါးနဲ့ ကမ္ဘာ့အဆင့် ၆၉၊ သေဆုံးသူ ၂၅၀၀ ကျော်နဲ့ ကမ္ဘာ့အဆင့် ၅၆ လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီ ကိန်းဂဏန်းက အရေအတွက်ကိုပဲ ဖော်ပြထားတာမို့ အခြေအနေ အကောင်းအဆိုး အခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်လို့ မဖြစ်နိုင်ပါဘူး။ နှိုင်းယှဉ်လို့ရနိုင်တာက မြန်မာဟာ လူ တစ်သန်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၉၄ ယောက်နဲ့ ကမ္ဘာ့အဆင့် ၁၃၄၊ လူတစ်သန်းမှာ သေဆုံးသူ ၄၆ ယောက်နဲ့ ကမ္ဘာ့အဆင့် ၁၂၅ ဖြစ်ပါတယ်။ ပြောရရင် မြန်မာဟာ အိမ်နီးချင်း အာစီယံနိုင်ငံ အများစုလို ကိုဗစ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်တဲ့ နိုင်ငံတွေလိုမျိုး မဟုတ်ပေမယ့်၊ ကမ္ဘာပေါ်က ကိုဗစ်ဒဏ် ဆိုးဆိုးရွားရွား ခံရတဲ့ နိုင်ငံတွေထဲမှာလည်း မပါတဲ့၊ အခြေအနေ သိပ်မဆိုးတဲ့ နိုင်ငံအဖြစ် သတ်မှတ်နိုင်ပါတယ်။

ကောင်းတာ တစ်ခုကတော့ ကျန်းမာရေး စောင့်ရှောက်မှု စနစ် နိမ့်ကျလွန်းတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံအတော်များများနည်းတူ ကိုဗစ်ကို ကိုင်တွယ် ကုသနိုင်စွမ်းပါ။ ဒီကနေ့အထိ မြန်မာဟာ ကိုဗစ်ကူးစက်ခံရသူတွေကို ၉၇.၆% ပျောက်ကင်းအောင် ကုသပေးနိုင်ပြီး သေဆုံးနှုန်း ၂.၄% ရှိပါတယ်။ ဒါကို ကမ္ဘာ့ပျမ်းမျှ သေနှုန်း ၃% နဲ့ အမေရိကန်ပြည်ထောင်စု သေနှုန်း ၂.၉% နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ကိုဗစ်ပြသနာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးပြောတဲ့ “ပုံမှန်လုပ်ငန်းတွေ ပြန်မလုပ်နိုင်ရင် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျနိုင်တယ်” ဆိုတာ မှန်နိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ဗြိတိန်၊ တောင်အာဖရိက နဲ့ နိုင်ငံ တစ်ချို့မှာ တွေ့လာရတဲ့ ကူးစက်မြန် ဗိုင်းရပ်စ် ပြသနာ၊ ပြည်တွင်းမှာလည်း ကူးစက်မှုကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးတဲ့ အပြင် အခန့်မသင့်ရင် အချိန်မရွေး ထိန်းမနိုင် သိမ်းမရ ဖြစ်သွားနိုင်စရာ ရှိနေသေးတဲ့ အခြေအနေအောက်မှာ “ပုံမှန် လုပ်ငန်းတွေ အရှိန်အဟုန်မပျက် လုပ်ကိုင်နေကြဖို့” ဆိုတဲ့ ပေါ်လစီဆိုင်ရာ ကိစ္စကို အသေအခြာ ပြန် ဆွေးနွေးသုံးသပ်ပြီးမှ အကောင်အထည် ဖော်သင့်ကြောင်းပါ။

 

 

Read times Last modified on Monday, 28 December 2020 10:02
Rate this item
(0 votes)