What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 January 2021 10:42

အာမခံအလုပ်သမား လူနာများ ဆေးကုသမှုပေးနိုင်ရန် စာချုပ်ချုပ်ဆိုထားသည့် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများ ထပ်မံဖွင့်လှစ်မည်

မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့မှ အာမခံအလုပ်သမား လူနာများကို အချိန်နှင့်တစ်ပြေးညီ ဆေးကုသမှုပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ ဆေးခန်းဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် လူမှုဖူလုံရေးရုံးနှင့် စာချုပ်ချုပ်ဆို၍ အာမခံအလုပ်သမားများကို ပြင်ပလူနာ ဆေးကုသမှု ဝန်ဆောင်မှုပေးသည့် ဆေးရုံ ၂ ရုံရှိပြီး ယခု တတိယမြောက်ဆေးရုံကို ထပ်မံဖွင့်လှစ်သွားမည် ဖြစ်သည်။

အာမခံအလုပ်သမားများမှ လူမှုဖူလုံရေးဆေးခန်း ဝန်ဆောင်မှုကို အသုံးပြုမှု များပြားလာသည့်အတွက် အချိန်နှင့်တစ်ပြေးညီ ဆေးကုသမှုပေးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ အာမခံအလုပ်သမားများအနေဖြင့် ထည့်ဝင်ကြေး ပေးသွင်းထားသည့် မြို့နယ်နှင့် အလုပ်တာဝန်ထမ်းဆောင်ရာ ဒေသရှိ နီးစပ်ရာဆေးရုံ ဆေးခန်းများတွင်လည်း အလွယ်တကူ ဆေးကုသမှု ခံယူနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်၏ ပြောကြားချက်အရ သိရသည်။

ယခင်က ဆေးခန်းများသည် အလုပ်သမားများ ဝင်/ထွက်သွားလာရန် အဆင်ပြေသည့်နေရာတွင် တည်ရှိသည်။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့မှုရှိခြင်း၊ စက်မှုဇုန်နေရာများ တိုးချဲ့လာပြီး အလုပ်သမားအများစုရှိသည့် နေရာတွင် ဆေးခန်းမရှိခြင်း၊ ကျန်မာရေးဝန်ထမ်း ဆရာဝန်နှင့် သူနာပြုများ နည်းပါးလာခြင်း စသည်တို့ကြောင့် အာမခံအလုပ်သမားများ အချိန်မရွေး နေရာမရွေး ဆေးကုသမှုရရှိနိုင်ရန် စိတ်ပါဝင်စားသည့် ဆရာဝန်၊ ဆေးခန်းများနှင့် လက်တွဲလုပ်ဆောင်ခြင်းဖြစ်ကြောင်း တာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့်က ဆက်လက်ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသည့် ဆေးရုံ ဆေးခန်းများသည် ပိတ်ရက်မရှိ နေ့စဥ်ဖွင့်လှစ် ကုသပေးလျက်ရှိပြီး အာမခံအလုပ်သမားများသည် ဆေးကုသခွင့် ၂၆ ပတ်ထိ ကုသမှုခံယူခွင့်ရှိသည်။ ထို့ပြင် အဖွဲ့က သီးခြားသတ်မှတ်ထားသည့် ကာလအထိ ဆေးကုသခွင့် ခံယူနိုင်သည်။ မကျန်းမာမှုနှင့် သက်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်အနေဖြင့် မကျန်းမာမှုမဖြစ်မီ ၄ လအတွင်း ပေးသွင်းခဲ့သည့် ပျမ်းမျှလုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းကို ၂၆ ပတ်ထိ ခံစားခွင့်ရှိသည်။ အာမခံအလုပ်သမား လူနာသည် ဆေးဖိုးစိုက်ထုတ်ကုန်ကျငွေနှင့် အကျိုးခံစားခွင့်ငွေ ထုတ်ယူခြင်းတို့ကို သက်ဆိုင်ရာ လူမှုဖူလုံရေးရုံး ဆေးခန်းတို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လူမှုဖူလုံရေးအဖွဲ့သည် ပုဂ္ဂလိကဆေးရုံများနှင့် စာချုပ်ချုပ်ဆို၍ အထွေထွေရောဂါ ကုသပေးမည့် လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း ဖွင့်လှစ်ရန် လျာထားပြီး ပထမအသုတ်အဖြစ် ဆေးခန်း ၈ ခန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

MDN

Read times Last modified on Monday, 11 January 2021 10:57
Rate this item
(0 votes)