What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 November 2021 08:02

ကိုဗစ်ပိုးရဲ့ မူလအစ ဘယ်တော့မှ သိနိုင်မယ့်ပုံမရှိဟု ပြောကြား

ကိုဗစ် ၁၉ ရောဂါရဲ့ မူလအစကို သူတို့ ဘယ်တော့မှ ဖော်ထုတ်နိုင်မယ့်ပုံ ရှိမှာ မဟုတ်ဘူးလို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။ ဒါပေမဲ့ ဒီကိုဗစ်ပိုးဟာ ဇီဝလက်နက် တစ်ခုအနေနဲ့ ဖန်တီး ထုတ်လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာကိုတော့ ကောက်ချက် ချခဲ့ကြပါတယ်။

တိရစ္ဆာန်ကနေ လူကို ကူးစက်ပြန့်ပွားခဲ့တာဆိုတဲ့အချက်နဲ့ ဓာတ်ခွဲခန်းကနေ ယိုစိမ့်ထွက်လာခဲ့တာ ဆိုတဲ့ အချက်နှစ်ခု စလုံးဟာ ကိုဗစ်ပိုး ဘယ်လိုပျံ့နှံ့ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေရှိတဲ့ ယူဆချက်တွေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံတော် စုံစမ်းစစ်ဆေးရေး ညွှန်ကြားရေးမှူးရုံး (ODNI) က ကိုဗစ်ပိုး ဘယ်ကနေစတင်ခဲ့သလဲ ဆိုတာအပေါ် အခုအသစ် လုပ်ခဲ့တဲ့ လေ့လာချက် တစ်ခုထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တိကျသေချာတဲ့ ကောက်ချက်တစ်ခု ဆွဲနိုင်ဖို့အတွက်တော့ လုံလောက်တဲ့ သတင်း အချက်အလက် မရှိသေးပါဘူး။

တရုတ်အစိုးရကတော့ ဒီလေ့လာတွေ့ရှိချက်ကို ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဒီလေ့လာတွေ့ရှိချက်ကို နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် မသတ်မှတ်တော့တဲ့ လေ့လာတွေ့ရှိချက် တစ်ခု အနေနဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လက သမ္မတ ဂျိုးဘိုင်ဒန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရက်ပေါင်း ၉၀ကြာ လေ့လာသုံးသပ်ချက်တစ်ခုကို အသစ်ပြန်လည် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပထမဆုံး လူကို ကူးစက်ခဲ့မှုဟာ ဓာတ်ခွဲခန်းကနေ မတော်တဆ ယိုဖိတ်ခဲ့ရာကနေ ဖြစ်ခဲ့ပုံရပြီး ဝူဟန် ရောဂါပိုးမွှားဗေဒဌာနမှာ ဓာတ်ခွဲစမ်းသပ်စဉ် ဒါမှမဟုတ် တိရစ္ဆာန်တွေကို ဓာတ်ခွဲလေ့လာစဉ်မှာ ဖြစ်ကောင်း ဖြစ်နိုင်ခဲ့တယ်လို့တော့ ထောက်လှမ်းရေး အေဂျင်စီတစ်ခုက အထိုက်အလျောက် ယုံကြည်ယူဆထားပါတယ်။

ကိုဗစ်ပိုးရဲ့ မူလအစနဲ့ ပတ်သက်လို့ ထောက်လှမ်းရေး အသိုင်းအဝိုင်းမှာ သဘောထား အမြင်တွေ ဆက်ကွဲလွဲနေကြဆဲ ဖြစ်တယ်လို့ အဲဒီလေ့လာတွေ့ရှိချက်က ဆိုပါတယ်။

ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်ကနေ ဒါမှမဟုတ် အမျိုးအစား ဆက်နွှယ်နေတဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးကနေ ကိုဗစ်ပိုး အစပြု ပေါက်ပွားလာတာ ဆိုတဲ့ အချက်ကို ထောက်လှမ်းရေး အေဂျင်စီ လေးခုက အယုံအကြည် သိပ်မရှိခဲ့ကြပါဘူး။

၂၀၁၉ ခုနှစ်နှောင်းပိုင်းလောက်မှာ ဝူဟန်မြို့မှာ ကိုဗစ် ၁၉ ရောဂါ ကနဦး စဖြစ်ပွားခင်မှာ တရုတ်အစိုးရအနေနဲ့ ဒီရောဂါပိုး ရှိတယ်ဆိုတာကို သတိမထားမိခဲ့ကြဘူးလို့ အဲဒီ လေ့လာ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကမ္ဘာတဝန်း စုံစမ်းလေ့လာမှုတွေအပေါ် ဟန့်တား နှောင့်ယှက်တာတွေ၊ သတင်း အချက်အလက် ဝေမျှဖို့ ငြင်းဆန်တာတွေကို တရုတ်အစိုးရက ဆက်လုပ်နေဆဲပဲလို့ ဆိုပါတယ်။

ကိုဗစ် ၁၉ ရောဂါ အစောပိုင်း ကူးစက်ဖြစ်ပွားမှုတွေဟာ ဝူဟန်မြို့က ပင်လယ်စာ စျေးတစ်ခုကနေ စခဲ့တာလို့ တရုတ်အာဏာပိုင်တွေက ပြောခဲ့တဲ့အတွက် ကိုဗစ်ပိုးဟာ တိရစ္ဆာန်တွေကနေ လူကို ပထမဆုံး ကူးစက်ခဲ့တာလို့ ထိပ်တန်း သိပ္ပံပညာရှင်တွေက သီအိုရီ ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ် အစောပိုင်းမှာတော့ အမေရိကန် သတင်းမီဒီယာတွေက ကိုဗစ်ပိုးဟာ ဝူဟက်ဘ် ဆိုတဲ့ ဝူဟန်ဓာတ်ခွဲခန်းကနေ ထွက်ပေါ်လာတာ ဖြစ်နိုင်ပြီး မတော်တဆ ယိုဖိတ်ခဲ့ပုံရတယ်ဆိုတဲ့ အထောက်အထားတွေ ပိုများလာတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

မေလတုန်းကတော့ သမ္မတ ဘိုင်ဒန်က တရုတ်အစိုးရက ငြင်းဆိုနေတဲ့ ဓာတ်ခွဲခန်းကနေ ယိုစိမ့်ခဲ့တာ ဆိုတဲ့ သီအိုရီ ယူဆချက်အပါအဝင် ကိုဗစ်ပိုးရဲ့ မူလအစကို စုံစမ်းထုတ်ဖော်ဖို့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေကို ညွှန်ကြားခဲ့ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့ရဲ့ ဒီလေ့လာတွေ့ရှိချက်နဲ့ ပတ်သက်လို့ ဝါရှင်တန်မြို့အခြေစိုက် တရုတ်သံရုံးက ရိုက်တာစ် သတင်းဌာနထံ ပေးပို့တဲ့ ကြေညာချက်ထဲမှာ "အမေရိကန်အစိုးရဟာ ကိုဗစ် ၁၉ ရောဂါပိုးရဲ့ မူလအစကို သိပ္ပံပညာရှင်တွေကို စုံစမ်းဖော်ထုတ်ခိုင်းရမယ့်အစား ထောက်လှမ်းရေးအဖွဲ့ရဲ့ နည်းဗျူဟာတွေကို အားကိုးပြီး စုံစမ်း ဖော်ထုတ်ခိုင်းတာဟာ နိုင်ငံရေး ပြက်လုံးကြီး တစ်ခု ဖြစ်တယ်" လို့ ဖော်ပြခဲ့ပါတယ်။

"ကိုဗစ်ပိုးရဲ့ မူလအစ ဖော်ထုတ်ရေးမှာ သိပ္ပံပညာရှင်တွေကို အခြေခံပြီး ကြိုးပမ်းလေ့လာမှုတွေကို တရုတ်အစိုးရအနေနဲ့ ဆက်လက် ထောက်ခံအားပေးသွားမှာ ဖြစ်ပြီး တက်တက်ကြွကြွ ဆက်လက် ထိတွေ့ ပြောဆိုသွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စကို နိုင်ငံရေးသဘော လုပ်ဖို့ ကြိုးစားတာမျိုးကိုတော့ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်" လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာတဝန်းမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုပေါင်း သန်း ၂၄၀ ဝန်းကျင်လောက် ရှိခဲ့ပြီး လူ ၄ သန်း ၉ သိန်းကျော် သေဆုံးခဲ့ရပါတယ်။

ဘီဘီစီ

Read times
Rate this item
(0 votes)