What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 November 2021 10:18

ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာစဉ် တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု အရှိန်အဟုန် မြှင့်တင်

ဒယ်လ်တာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု၊ ဆောင်းဦး၊ဆောင်းရာသီရောက်ရှိခြင်းနှင့်အတူ ကပ်ရောဂါကူးစပ်ပြန့်ပွားသည့်အန္တရာယ်ဆိုးဝါးလာသည်။

အောက်တိုဘာ ၁၇ ရက်က ပြည်တွင်းကူးစက်မှုအချို့ တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ နေရာဒေသအသီးသီးတွင် အဓိကလူအုပ်စုများအတွက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်ကာ လူထုကိုယ်ခံအား တည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ပေကျင်းရှိ ခရိုင်ဒေသအသီးသီးတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ၎င်းတို့အနက် ချောင်ယန်ခရိုင်၌ ၃ ရက် ဆက်တိုက် အားဖြည့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ၁ သိန်းကျော် ရှိပြီး ကလေးလူငယ်များအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
“အခုပဲအားဖြည့်ကာကွယ်ဆေးထိုးပြီးတယ်၊ ရင်ထဲမှာ ပိုပြီးစိတ်ချသွားရတာပေါ့”ဟု ရိကျားဟွေ့ဈေးဝယ်စင်တာ ဆိုင်ဝန်ထမ်း ကျန်းဝန်ရင်းက ဆိုသည်။ “အခုက ရွေ့လျားကာကွယ်ဆေးထိုးနှံပေးတဲ့ယာဉ်တွေက အလုပ်လုပ်တဲ့ ကုန်တိုက်တွေရှေ့မှာရပ်ထားတော့ တကယ်အဆင်ပြေတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုရက်ပိုင်း ပေကျင်းမြို့ တာ့ရှင်းခရိုင် ရှီးဟုန်မန်မြို့နယ်က ဟွေ့ကျွိဈေးဝယ်စင်တာ မြောက်ဘက်ရင်ပြင်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် ရွေ့လျားယာဉ် နှစ်စီးရပ်နေတာကို တွေ့ရမည်ဖြစ်သလို ကာကွယ်ဆေးထိုးနှံရန် တန်းစီစောင့်နေသူများက ဝန်ထမ်းများ၏ ညွှန်ပြမှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာသိရှိသဘောတူညီမှုစာရွက်တွင်လက်မှတ်ထိုး၊ ဖောင်ဖြည့်ကာ ကာကွယ်ဆေးထိုးနှံပြီး စောင့်ကြည့်ခန်းတွင် စောင့်ကြည့်မှုခံယူနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် လူအစုလိုက်ကူးစက်မှုဖြစ်ပွားခြင်းကြောင့် တာ့ရှင်းခရိုင်တွင် ယာယီကာကွယ်ဆေးထိုးနှံရေးစခန်း ၂၃ ခု ပြန်လည်လည်ပတ်နေသလို ကာကွယ်ဆေးထိုးနှံရေးအဆင်ပြေစေရန်အလို့ငှာ ရွေ့လျားယာဉ် ၁၃ စီးကလည်း ရပ်ကွက်၊ ကျေးရွာ၊ ကုန်တိုက်စသည့်နေရာများသို့ လျင်မြန်စွာ သွားရောက် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ပေကျင်းမြို့ ဖုန်းထိုင်ခရိုင်တွင် အသုတ်လိုက်ခွဲ၍ ရှင်းဖားတိဈေးရှိ ဆိုင်ရှင် ၈,၀၀၀ ကျော်နှင့် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်အတွက် အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေပြီးဖြစ်သည်။
အောက်တိုဘာ လလယ်ပိုင်းမှစ၍ ရှီးအန်း၊ ကွမ်ကျိုး၊ ဟဲဖေ၊ ပေကျင်းစသည့် မြို့များတွင် ပြည်သူ့လုံခြုံရေး၊ မီးသတ်၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးစသည့် အဓိကလူအုပ်စုများအတွက် အားဖြည့်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့သည်။
တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်၏ ကိန်းဂဏန်းများတွင် အောက်တိုဘာ ၂၃ ရက်အထိ တရုတ်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ ၂.၂ ဘီလီယံကျော် ထိုးနှံပြီးဖြစ်ရာ အပြည့်အဝကာကွယ်ဆေးထိုးနှံထားသူ ၁ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားသည်။
“ပြည်တွင်းပြည်ပ သုတေသနရလဒ်တွေအရ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးရင် ရောဂါကူးစက်မှုကို ကာကွယ်တာ အထူးသဖြင့် ရောဂါပြင်းထန်မှုနဲ့သေဆုံးမှုကို ကာကွယ်တဲ့ထိရောက်မှုက ပိုပြီးကောင်းတယ်”ဟု တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ် ထိပ်တန်းပညာရှင် ဝမ်ဟွာချင့်က ဆိုသည်။ “ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးတဲ့ ကူးစက်မှုအန္တရာယ်က ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကူးစက်မှုအန္တရာယ်နဲ့ နှိုင်းယှဉ်ရင် အများကြီးနည်းတယ်”ဟု ၎င်းက ဆိုသည်။
ကာကွယ်ဆေးထိုးနှံမှုအချိန်ကြာလာသည်နှင့်အမျှ ပဋိပစ္စည်း ကိုယ်ခံအားကျဆင်းလာပြီး ကာကွယ်ထိရောက်မှုလျော့နည်းလာကြောင်း ဝမ်ဟွာချင့်က ဆိုသည်။ ကိုယ်ခံစွမ်းအား အားဖြည့်ပြီး ခုခံအားတိုးမြှင့်ပေးခြင်းက ပဋိပစ္စည်းခုခံအားကို လျင်မြန်စွာ ဆွဲတင်နိုင်ကြောင်း၊ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးနောက် အားဖြည့်ကာကွယ်ဆေးထိုးနှံရခြင်းဖြစ်ရာ ထိုဆောင်ရွက်မှုသည် အလွန်လိုအပ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့်ရက်တွင် နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲထိန်းချုပ်ရေး ယန္တရားက တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း၊ ထိုးနှံနိုင်စွမ်း၊ လက်တွေ့စမ်းသပ်သည့်အခြေအနေနှင့်ရောဂါကာကွယ်ထိန်းချုပ်ရေးလက်တွေ့လုပ်ငန်းများကို ဘက်စုံထည့်သွင်းစဉ်းစားပြီး ကာကွယ်ဆေးထိုးနှံမှုပမာဏကို တစ်ဆင့် တိုးချဲ့ခဲ့ရာတွင် ကာကွယ်ဆေးထိုးနှံသည့်ဦးတည်လူအုပ်စုကို ၁၂ နှစ်အထက်မှ ၃ နှစ်အထက်သို့ ပြောင်းလဲခဲ့သည်။
“ကျွန်တော်တို့ အရင်တုန်းက ကိုဗစ်ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ကလေးသူငယ်တွေမှာဖြစ်ပွားနှုန်းနည်းတယ်လို့ ယူဆတယ်။ ဒါပေမယ့် ကပ်ရောဂါ ကမ္ဘာအနှံအပြားကူးစက်မှု ရှိလာတဲ့အခါ ကလေးသူငယ်တွေရဲ့ ရောဂါဖြစ်ပွားနှုန်းကလည်း တိုးပွားလာတာကို တွေ့ရတယ်။ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းက အချို့နိုင်ငံတွေမှာဆို တုပ်ကွေးထက် ကျော်လွန်နေတယ်”ဟု ဝမ်ဟွာချင့်က ဆိုသည်။
အပြည့်အစုံမဟုတ်သေးသည့် ကိန်းဂဏန်းများအရ ဩဂုတ်လလယ်ပိုင်းမှစပြီး ဟူပေ၊ ဟိုင်နန်၊ လျောင်နင်၊ ကန်းစု၊ ဟဲပေ၊ ပေကျင်း စသည့်ပြည်နယ်၊ မြို့များတွင် အသက် ၃ နှစ်မှ ၁၁ နှစ်ရှိ လူအုပ်စုများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုစတင်ခဲ့သလို ရှန်ဟိုင်းတွင်လည်း အသက် ၆ နှစ်မှ ၁၁ နှစ် လူအုပ်စုများအတွက် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို ဘက်စုံဆောင်ရွက်လျက်ရှိသည် ။ ကျန်းဆူးပြည်နယ်တွင် နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း အသက် ၃ နှစ်မှ ၁၁ နှစ် လူအုပ်စုများကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ပေကျင်းမြို့ ကာကွယ်ဆေးထိုးနှံရေး ညှိနှိုင်မှု လုပ်ငန်းအဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက စာသင်ကျောင်း၊ မူကြိုတို့တွင် လူဦးရေ သိပ်သည်းမှုရှိရာ ကူးစက်ပြန့်ပွားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပွားနိုင်ရန် လွယ်ကူခြင်းကြောင့် အသက် ၃ နှစ်မှ ၁၁ နှစအရွယ်လူအုပ်စုများကို ကိုဗစ်ကာကွယ်ဆေးနေထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ၎င်းမှာ လူထုကိုယ်ခံအားစနစ်တည်ဆောက်မှု၏ အဓိကကအစိတ်အပိုင်းဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖြတ်တောက်သည့် အဓိကနည်းလမ်းလည်း ဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံတွင် တစ်နှစ်ပတ်လုံး ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုပမာဏသည် အလုံးရေ ၅ ဘီလီယံနီးပါးရှိနိုင်ကြောင်း ၊ ယခုနှစ် ထုတ်လုပ်မှုပမာက ကာကွယ်ဆေး အလုံးရေ ၃ ဘီလီယံရှိမည်ဟု ခန့်မှန်းထားရာ ယခုနှစ် ဒုတိယနှစ်ဝက်တွင် အကောင်အထည်ပေါ်လာနိုင်ကြောင်း နိုင်ငံတော်ကောင်စီ ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေးယန္တရား သိပ္ပံသုတေသနအဖွဲ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
တရုတ်ကာကွယ်ဆေးလုပ်ငန်းများသည် ပြည်တွင်းကာကွယ်ဆေးပံ့ပိုးမှုကို အာမခံပေးသည့်တစ်ချိန်တည်းတွင်ပင် ပြည်ပ ကာကွယ်ဆေးလိုအပ်ချက်ကို အပြည့်အဝပံ့ပိုးပေးလျက်ရှိသည်။
Sinovac အနေဖြင့် ပြည်ပသို့ ကာကွယ်ဆေး ကုန်ချောတစ်ဝက် နှင့် ကုန်ချောများ ပံ့ပိုးပေးလျက်ရှိရာ လက်ရှိ ထုတ်လုပ်နိုင်စွမ်း တည်ဆောက်မှုက ကာကွယ်ဆေးအလုံးရေ ၂ ဘီလီယံကျော် ရှိကြောင်း Sinovac Biotech Ltd.၏ ကူးသန်းရောင်းဝယ်ရေး အရာရှိချုပ် ယန်ကွမ်းက မိတ်ဆက် ပြောကြားခဲ့သည်။
Sinopharm ကုမ္ပဏီ၏ ထိပ်တန်း သိပ္ပံပညာရှင်၊ ဒုတိယအကြီးအကဲ ကျန်းယွင်စော့က အားဖြည့်ကာကွယ်ဆေးပံ့ပိုးမှုကို ဖြည့်ဆည်းနိုင်ဖို့ Sinopharm၏ ပေကျင်း ဇီဝထုတ်ကုန်သုတေသနဌာနက တတိယအဆင့် ထုတ်လုပ်မှုအလုပ်ရုံ၊ ဝူဟန့်ဇီဝထုတ်ကုန်သုတေသနတွင် ဒုတိယအဆင့် ထုတ်လုပ်မှုအလုပ်ရုံများကို တည်ဆောက်ထားပြီး ဖြစ်သလို လန်ကျိုး၊ ချန်ချွမ်း၊ ချိန်တူး၊ ရှန်ဟိုင်းတို့တွင် ခွဲခြားထုတ်ပိုးသည့် အလုပ်ရုံများ တည်ဆောက်ထားကြောင်း ဆိုသည်။
“လက်ရှိ ကျွန်တော်တို့က နိုင်ငံပေါင်း ၅၀ ကျော်မှာ ကာကွယ်ဆေးပံ့ပိုးရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။ အဲဒီထဲက နိုင်ငံပေါင်း ၂၀ နီးပါးမှာ အားဖြည့်ကာကွယ်ဆေး တွန်းအားပေးလုပ်ငန်းများ စတင်နေပြီဖြစ်ရာ Sinovacအနေဖြင့် ကာကွယ်ဆေးပံ့ပိုးမှုအာမခံချက်ရှိစေရန် အစွမ်းကုန်ဆောင်ရွက်နေတယ်”ဟု ယန်ကွမ်းက ဆိုသည်။ “ကပ်ရောဂါကြီးဖြစ်ပွားတဲ့အခါ ဘယ်နိုင်ငံကမှ တစ်ကိုယ်တည်းကောင်းအောင် နေထိုင်နိုင်မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အတူလက်တွဲမှသာ ကပ်ရောဂါကို အနိုင်တိုက်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

(Xinhua)

 
Read times Last modified on Thursday, 04 November 2021 10:21
Rate this item
(0 votes)