What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 16 January 2022 05:28

လာမည့် ၆ ပတ်မှ ၈ ပတ်အတွင်း ဥရောပတိုက် လူဦးရေ ထက်ဝက်ကျော် အိုမီခရွန်မျိုးဗီဇပြောင်းနှင့်အတူ ရောဂါကူးစက်ခံရနိုင်

လာမည့် ၆ ပတ်မှ ၈ ပတ်အတွင်း ဥရောပတိုက် လူဦးရေ ထက်ဝက်ကျော် အိုမီခရွန်မျိုးဗီဇပြောင်းနှင့်အတူ ရောဂါကူးစက်ခံရနိုင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။
“ မျိုးဗီဇပြောင်းဗိုင်းရပ်စ်က အရှေ့ဘက်ကို ဆက်ပြီးကူးစက်ပြန့်နှံ့လာမှာကို ကျွန်တော်စိုးရိမ်ပူပန်မိပါတယ်။ ကာကွယ်ဆေးထိုးနှံမှုနည်းပါးတဲ့နိုင်ငံတွေမှာ အပြည့်အဝသက်ရောက်မှုဖြစ်လာမှာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ် ၊ ကာကွယ်ဆေးမထိုးနှံရသေးသူတွေမှာ ရောဂါကူးစက်မှု ပိုပြီးပြင်းထန်မှာကို ကျွန်တော်တို့တွေ့ရမှာပါ” ဟု Kluge က ဆိုသည်။
အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် ယခုအခါ ဘောလ်ကန်ဒေသထဲတွင် ကူးစက်ပြန့်နှံ့နေပြီး ဥရောပ နှင့် ဗဟိုအာရှ ဒေသရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် နိုင်ငံ ၅၀ တွင် ရောက်ရှိနေပြီဖြစ်ကြောင်း Kluge ၏ ပြောကြားချက်အရ သိရသည်။
“ ဒီနှုန်းအတိုင်းဆက်ပြီး ကူးစက်နေမယ်ဆိုရင် လာမယ့် ရက်သတ္တပတ် ၆ ပတ် ကနေ ၈ ပတ်အတွင်း အိုမီခရွန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်မှုနဲ့အတူ အဲဒီဒေသမှာ နေထိုင်တဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ဟာ ကိုဗစ်-၁၉ရောဂါကူးစက်ခံရမယ်လို့ ကျန်းမာရေး တိုင်းတာမှုနဲအကဲဖြတ်ဌာန (IHME) က ခန့်မှန်းထားပါတယ်” ဟု Kkuge က ဆိုသည်။
ယင်းဒေသတွင် မကြုံစဖူးရောဂါကူးစက်ပြန့်နှံ့နေခြင်းကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူရသည့် လူနာအရေအတွက်မှာလည်း မြင့်တင်လာနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ၊ စီးပွားရေးလုပ်ငန်းများ နှင့် လူမှုရေးကိစ္စရပ်များတွင် ကိုရိုနာဗိုင်းရပ်စ်၏ အဖျက်စွမ်းအား သက်ရောက်မှုကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ရန်မှာ “တံခါးပိတ်အခွင့်အလမ်း” လုပ်ဆောင်ထားစဉ်ကာလအတွင်း ဦးစားပေးတုံ့ပြန်မှုအစီအစဉ်များ နှင့် အရေးပေါ်အခြေအနေများအတွက် အစီအစဉ်ချမှတ်ခြင်းနှင့် ချက်ချင်းအရေးယူဆောင်ရွက်ခြင်းတို့အပါအဝင် လက်တွေ့ကျသော လုပ်ဆောင်မှုများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း Kluge က ဆိုသည်။
ထိခိုက်လွယ်သောလူအုပ်စုအား ကာကွယ်ပေးရန် နှင့် “ ကျန်းမာရေးစနစ်တွေနဲ့ မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်” ဆောင်ရွက်ရန် အရေးပါမှုကိုလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရာရှိကြီးက ကျောင်းများကို ဆက်လက်ဖွင့်ထားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
“ ကျောင်းတွေကို ဆက်ပြီးဖွင့်ထားလို့ရမယ့် အကျိုးရလဒ်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ၊ လူမှုဘဝ နဲ့ ပညာတတ်မြောက်ရေးအတွက် သိပ်ကို အရေးကြီးပါတယ် ၊ ကျောင်းဆောင်တွေဟာ နောက်ဆုံးအကြိမ်ပြန်ပိတ်ခြင်း နဲ့ ပထမဆုံးအကြိမ်ပြန်ဖွင့်ခြင်းမျိုးပဲ ဖြစ်သင့်ပါတယ်” ဟု Kluge က ဆိုသည်။
ထို့ပြင် ကပ်ရောဂါတည်ငြိမ်စေရန် လိုက်နာကျင့်သုံးရမည့် မန္တန်ငါးရပ်ဖြစ်သော ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း ၊ တတိယအကြိမ် သို့မဟုတ်အားဖြည့်ကာကွယ်ဆေးထိုးနှံခြင်း ၊ နှာခေါင်းစည်းတပ်ဆင်မှုမြှင့်တင်ခြင်း ၊ အလုံပိတ်နေရာများ သို့မဟုတ် လူထူထပ်သောနေရာများရှောင်ရှားခြင်း နှင့် ဒဲလ်တာ သို့မဟုတ် အိုမီခရွန်ဗိုင်းရပ်စ်အား တုံ့ပြန်ရန် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုအသစ်ကို ဆက်လက်လိုက်နာကျင့်သုံးခြင်းတို့နှင့်ပတ်သက်၍လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အစုလိုက်အပြုံလိုက်ကူးစက်မှုရှိနေခြင်းကြောင့် COVID-19 ရောဂါ ကုသရေးမှာ “အလှမ်းဝေးကွာနေဆဲ” ဖြစ်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဥရောပဆိုင်ရာရုံးက ပြောကြားခဲ့သည်။
“ ၂၀၂၂ ခုနှစ်ထဲမှာ ကျွန်မတို့ မြင်တွေ့နေရတာကတော့ ဗိုင်းရပ်စ်တွေ ဆက်ပြီးရှိနေအုံးမယ် ၊ အဲဒါက အရှိန်အဟုန်နဲ့ လျင်လျင်မြန်မြန်တိုးတက်ပြောင်းလဲနေသလို စိန်ခေါ်မှုသစ်တွေလည်း ကြုံတွေ့ရအုံးမယ်။ ကြိုတင်မှန်းဆလို့မရနိုင်တဲ့ အရာတွေအများကြီးရှိနေဆဲပါပဲ ” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥရောပဆိုင်ရာ အကြီးတန်းအရေးပေါ်ကယ်ဆယ်ရေးအရာရှိ Catherine Smallwood က ဆိုသည်။
(Xinhua)

Read times Last modified on Sunday, 16 January 2022 05:29
Rate this item
(0 votes)