What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 January 2022 12:12

Omicron ကိုဗစ်မျိုးကွဲ ပြည်တွင်းကူးစက်မှုရှိနေ

Omicron ကိုဗစ်မျိုးကွဲ ပြည်တွင်းကူးစက်မှုရှိနေ

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲ ပထမဆုံးပြည်တွင်းကူးစက်သူ ၂ ယောက် ရန်ကုန်မြို့က ဇီဝကကိုဗစ်ကုသရေးစင်တာမှာ ကုသမှုခံယူနေပါတယ်။ ဒီ့မတိုင်ခင်က အများပြည်သူသွားလာတဲ့နေရာတွေကို သူတို့သွားခဲ့ကြပေမဲ့ ဘယ်သူတွေနဲ့ ထိတေ့ွခဲ့တယ်ဆိုတာ သိနိုင်ဖို့ မလွယ်လှဘူးလို့ ကိုဗစ်လူနာ ၂ ယောက်ကို ကူညီပေးနေကပြောပါတယ်။ တချိန်ထဲမှာ မြန်မာနိုင်ငံ တချို့နေရာတွေမှာ လူအများအပြား ကိုဗစ်ကူးစက်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်မျိုးကွဲကူးစက်သူ အတည်ပြုလူနာ ၇၆ ယောက်ရှိတဲ့ထဲမှာ ၂ ယောက်က ပြည်တွင်းမှာ ပထမဆုံးကူးစက်ကြတာဖြစ်ပါတယ်။ နိုင်ငံခြားက ပြန်လာသူတွေထဲက Omicron ပိုးကူးနေတဲ့ ကိုဗစ်အတည်ပြုလူနာနဲ့ အနီးကပ်ထိတေ့ွခဲ့တဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ဇန်နဝါရီလ ၁၅ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

လေယာဉ်မောင်တယောက်ရဲ့ မိသားစုတွေကို ဆေးစစ်ရာက အမေနဲ့ အဖွားဖြစ်သူတို့မှာလည်း Omicron ကူးစက်နေတာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ပုသိမ်ညွန့် ၃ လမ်းမှာ နေထိုင်တဲ့ အဲဒီ Omicron အတည်ပြုလူနာ ၂ ယောက်ကို သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏမှာရှိတဲ့ ဇီဝကကုသရေေးစင်တာကို တနင်္ဂနွေနေ့က ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီရွက်ပေးခဲ့သူတဦးက ပြောပါတယ်။ အဲဒီ ၂ ယောက်လုံး အများပြည်သူသွားလာတဲ့ နေရာတွေကို သွားထားတာရှိပေမဲ့ ဘယ်သူတွေနဲ့ ထိတွေ့ခဲ့တယ်ဆိုတာ သိနိုင်ဖို့ခက်တယ်လို့ သူကပြောပါတယ်။

"နှစ်ယောက်လုံးနေကောင်း ကျန်းမာပါတယ်ခင်ဗျ။ နှစ်ယောက်လုံး ကာကွယ်ဆေးထိုးပြီးသားဆိုတော့ နည်းနည်းအခြေအနေကောင်းပါတယ်။ Contact လိုက်ဖို့တော့ နည်းနည်းခက်တာပေါ့။ ဘာဖြစ်လို့လဲဆို သူတို့ဘာသူတို့ Public area တွေ သွားထားတာရှိတယ်။ နောက် Secondary contact စုံစမ်းဖို့က နည်းနည်းပြဿနာရှိလောက်မယ် ထင်တယ်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ စုံစမ်းစနည်းနာ ဒီလောက်ပဲရှိမှာပဲလေ။ ဒီကာယကံရှင်တွေ ကိုယ်တိုင်က ဆေးခန်းရောက်မှပဲ သိမှာပဲလေ။ အခုဖြစ်နေတာက တော်ရုံသင့်ရုံလက္ခဏာတွေပဲဆိုတော့ တော်ရုံတန်ရုံရောဂါနဲ့လည်း ရောနိုင်တယ်လေ။ ကိုယ်တိုင်သတိရှိမှပဲ အဆင်ပြေမယ့်အနေအထားဖြစ်မယ်လို့ ထင်တာပဲဗျ။ ထပ်ပြီးတော့ ဒီထက်မများလာပါစေနဲ့ပဲ ဆုတောင်းရမှာပေါ့ဗျာ။"

ရောဂါပိုးရှိသူတွေကို ကိုဗစ်ကုသရေးစင်တာမှာ သီးခြားခွဲကုသပေးနေပေမဲ့ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့နည်းလမ်းတွေနဲ့ စည်းမျဉ်းတွေကိုတော့ လမ်းထဲမှာ အထူးတလည်ချမှတ်ထားတာမျိုး မရှိဘူးလို့ ကပ်လျက်လမ်းမှာ နေသူက ခုလိုပြောပါတယ်။

"အခုက အဖွားနဲ့ အမေနဲ့ကိုတော့ ပြီးခဲ့တဲ့ ၃ ရက်ကခေါ်သွားပြီ။ ကောင်လေးက လေယာဉ်မောင်ဆိုတော့ လေယာဉ်ကွင်းက Quarantine မှာပဲ ထားထားတယ်ပြောတယ်။ ကူးတာတော့ ဘယ်လိုကူးကြလဲ မသိဘူး။ ကောင်လေးက လေယာဉ်ကွင်းရောက်တော့ စစ်လိုက်တော့တွေ့တယ်။ တွေ့တော့ ဒီမှာကလည်း ပြီးခဲ့တဲ့ရက်တွေက ရှိတာတွေ့တော့ စစ်လိုက်တော့ အဲလိုတွေ့တယ်လို့ပြောတာပဲ။ ပထမတခေါက်က မထွက်ခင်မှာ သူက လေယာဉ်နဲ့အသွားအပြန်လုပ်နေတာ ဆိုတော့ ရှေ့တခေါက်ကပဲ ကူးသလား မပြောတတ်ဘူး။ ရပ်ကွက်ထဲမှာတော့ အေးအေးဆေးဆေးပဲ"

ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့ချိန်တုန်းက ကူးစက် သေဆုံးသူများခဲ့တဲ့ မြန်မာနိုင်ငံမှာ Omicron အန္တရာယ် သတိရှိဖို့ကိုလည်း ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။ တချိန်တည်းမှာပဲ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) မှာ တက်ရောက်နေတဲ့ သင်တန်းသား ၁၁၁ ဦးမှာ အစုလိုက် အပြုံလိုက် ရောဂါပိုးတွေ့ရှိတယ်လို့ အခြေခံပညာဦးစီးဌာနက ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ စာတစောင် လူမှုကွန်ယက်ပေါ်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ လူမှုကွန်ယက်မှာ ဒီသတင်းပျံ့နှံ့ခဲ့ပြီးနောက် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှာ ရောဂါပိုးတွေ့ရှိတဲ့ ဓာတ်ခွဲနမူနာ ၄၅ ခုမှာ Omicron ပိုး မပါဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့လည်း ပြေးခုန်ပစ်အားကစားသမား ၈ ဦးမှာလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်နေတာ ဆေးစစ်တွေ့ရှိခဲ့ပါတယ်။

သူတို့ ၈ ယောက်ကို ဆေးရုံကြီးမှာ သီးခြားထားထားပေမယ့် သူတို့မှာတွေ့ရှိတဲ့ပိုးက Delta ကိုဗစ်ပိုးလား၊ Omicron ကိုဗစ်ပိုးလားဆိုတာ အတိအကျမသိရသေးဘူးလို့ ရခိုင်ပြည် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"Delta ဖြစ်ဖို့များပါတယ်။ ရခိုင်မှာက အဲဒီ Delta တွေပဲ များတာပေါ့နော်။ လောလောဆယ်ကတော့ Omicron နဲ့ပတ်သက်ပြီးတော့ သတင်းတွေဘာတွေတော့ မကြားသေးပါဘူး။ ဒီရောဂါက နှောင့်နှေးသွားပြီဆိုရင် လူတွေက ပိုပြီးတော့ ပေါ့ဆလာတာတွေ ရှိတာပေါ့နော်။ ဒီကာလမှာကတော့ ဘာပဲဖြစ်ဖြစ် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ နည်းနည်း အခက်အခဲတွေရှိနေတော့လည်း ကိုယ့်ကိုယ်ကိုယ်မပေါ့လျော့တာက ပိုကောင်းတယ်လို့ပဲ ကျနော်တို့မြင်တာပေါ့နော်"

မြန်မာနိုင်ငံမှာ Omicron ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံရသူတွေရှိနေချိန်မှာ စစ်ကောင်စီရဲ့ ကိုဗစ်ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကတော့ ကပ်ရောဂါညွှန်ကြားချက်တွေကို အခုလကုန်တဲ့အထိ ဆက်ပြီးလိုက်နာကြဖို့ကို သတိပေးထားပါတယ်။ ဒါ့အပြင် ပြည်ပလေကြောင်းခရီးစဉ်တွေကိုလည်း ပြန်လည်ခွင့်မပြုသေးပေမယ့် ကယ်ဆယ်ရေးလေယာဉ်နဲ့ ရောက်လာသူတွေကိုတော့ ကိုဗစ်ရောဂါပိုးရှိ၊ မရှိဓာတ်ခွဲစစ်ဆေးနေပြီး Quarantine ကန့်သတ်ချက်တွေကိုလည်း လိုအပ်သလို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းတွေကို သတိထားလိုက်နာကြဖို့ ပရဟိ ကူညီဆောင်ရွက်ပေးသူတွေက တိုက်တွန်းနေကြတာပါ။

ဗီအိုအေ

Read times Last modified on Wednesday, 19 January 2022 12:13
Rate this item
(0 votes)