What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 December 2018 16:45

ဆရာဝန်နှင့် ပြသရန် လိုလာသည့် ရောဂါလက္ခဏာများ

နေ့စဉ်လူနေမှု ပုံစံစနစ်ပြောင်းလဲခြင်းနှင့် အတူလူအများသည်လည်း ကျန်းမာရေးကို လိုက်စားလားကြတာကို တွေ့ရပါတယ်။

ရောဂါမဟုတ်သော်လည်း ခြောက်လတစ်ကြိမ် စမ်းသပ်စစ်ဆေးကြပါတယ်။ ထိုစမ်းသပ်စစ်ဆေးရာမှ အောက်ပါ လက္ခဏာများကို တွေ့ရှိခဲ့ပါလျှင် ဆရာဝန်နှင့် ပြသဖို့လိုအပ်ပါတယ်။

 

ရင်ခေါင်း၊ နှလုံးနှင့် ပတ်သက်၍

ရင်ဘတ်၌ တစ်ခုခုနှင့် ဖိထားသလို ဆုတ်ညှစ်ထားသလို အောင့်ခြင်း (သို့) နာခြင်း၊ ဘယ်ဘက်ပခုံးမေးရိုးနှင့် ဘယ်ဘက်လက် အတွင်းဘက်တစ်လျှောက် အောင့်ခြင်း၊ နာခြင်း၊ ထိုသို့နာခြင်းသည် ကိုယ်လက်လှုပ်ရှားမှု ပြုသောအခါ၊ ထမင်းစားပြီးအခါ ပိုအောင့်ခြင်း၊ လှေကားထစ်အနည်းငယ် မြန်မြန်တက်မိသည်နှင့် တော်တော်လေး မောခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလုပ်ရုံနှင့် မောလာပြီး အနားယူမှ သက်သာလာခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ မကြာခဏဖြစ်ခြင်း၊ နှလုံးခုန်ခြင်းသည် တစ်ခါတစ်ရံ ပုံမှန်မဟုတ်ဘဲ မြန်ခြင်း (သို့) နှေးလွန်းခြင်း။

 

သွေးတိုးလေဖြတ်ခြင်းနှင့် ပတ်သက်၍

လက်နှင့်ခြေထောက် ရုတ်တရက် ထုံကျဉ်လာပြီး မလှုပ်ရှားချင်ဖြစ်လာခြင်း၊ ရက်အနည်းငယ်ကြာ ခေါင်းဆက်တိုက်ကိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်လည်း သက်သာမှုမရှိခြင်း၊ ရုတ်တရက်မျက်စိဝါခြင်း၊ ဦးခေါင်းတစ်ဖက်သို့ ရုတ်တရက်အလှည့် ခဏမျှ ချာချာလည်မူးသွားခြင်း၊ စကားပြောလျှင် လျှာလေးခြင်း။

 

အဆုတ်နှင့် ပတ်သက်၍

ချောင်းနှစ်ပတ်မှ လေးပတ်ကြာ ဆက်တိုက်ဆိုးခြင်း၊ ချောင်းဆိုးရာ၌ သွေးပါသော သလိပ်ထွက်ခြင်း၊ ကြာရှည်စွာ အသံဝင်၊ အသံအက်ခြင်း။

 

အစာအူလမ်းကြောင်းနှင့် ပတ်သက်၍

ရုတ်တရက် အစာပျက်ခြင်း၊ ယခင်စားသောက်နေကျ အစားအစာမစားတော့ခြင်း၊ အစာမျိုခက်ခဲခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး ညဘက်အိပ်ရာမှ နိုးလာခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်နေပြီး အစာစားမှ သက်သာခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းလည်းသွားခြင်း၊ ဝမ်းကိုက်ဝမ်းပျက် တစ်လှည့်စီဖြစ်နေခြင်း၊ ဝမ်းမသွားခင် သွေးများစအိုမှ ကျခြင်း၊ ဝမ်းဗိုက် ချက်ပတ်လည်၌ ရစ်ပြီးနာခြင်း၊ ထိုနာကျင်မှုသည် ဝမ်းဗိုက်ညာဘက်ပိုင်းသို့ ရွေ့သွားခြင်း၊ အထိမခံနိုင်အောင် နာခြင်း။

 

အသည်းနှင့် ပတ်သက်၍

ပုံမှန်အရက်သောက်ရာမှ အရက်အရသာသည် ယခင်ကဲ့သို့ မကောင်းခြင်း၊ အရက်အနည်းငယ်သာ သောက်ရုံဖြင့် ခေါင်းအလွန် ကိုက်လာပြီး ဆက်မသောက်နိုင်အောင် မူးလာခြင်း၊ မသောက်နိုင်ခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတင်းပြီး အောင့်နေခြင်း၊ ကားဆိုင်ကယ်ခုန်လျှင် ထိုနေရာမှ ပိုပြီးအောင့်ခြင်း။

 

ကျောက်ကပ်ဆီးလမ်းကြောင်း

ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ခါးရိုးဘေးကျောဘက် အောင့်ခြင်း၊ ဆီးဝါခြင်း၊ နည်းခြင်း၊ ဆီးသွားခက်ခဲခြင်း၊ ယခင်လို ဆီးပန်း၍ မထွက်ခြင်း။

 

ကိုယ်ပိုင်ဇီဝလုပ်ငန်းများ ပျက်စီးမှု

ရက်ပိုင်းလပိုင်းအတွင်း အတော်ပိန်သွားခြင်း (သို့) ဝခြင်း၊ လူနုံးချည့်ပြီး ဆီးမကြာခဏသွားခြင်း၊ ခြေလက်တို့ မကြာခဏနာခြင်း၊ အနာဖြစ်ခြင်း၊ အနာတော်ရုံဖြင့် မပျောက်ခြင်း၊ ခြေဆစ်လက်ဆစ်နာခြင်း၊ အိပ်ရာမှလန့်နိုးပြီး အဆစ်နီရဲ၍ ရောင်ခြင်း၊ အစာစားနိုင်သော်လည်း ကိုယ်အလေးချိန်လျော့ခြင်း၊ နှလုံးခုန်မြန်ခြင်း။

 

ဦးခေါင်းကျောရိုးအာရုံကြော

လနှင့်ချပြီး ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊ မည်သည့် အကိုက်အခဲဆေးသောက်၍ မသက်သာခြင်း၊ ခေါင်းမူးဝေခြင်း၊ ခေါင်းကိုက်နေသည့် အပြင် ပျို့ခြင်း၊ အန်ခြင်း ခါးနှင့် ခြေထောက်တစ်ဖက်နာခြင်း၊ အလေးအပင်တစ်ခုခုမလိုက်ပြီး ခါးနာခြင်း။

 

မျက်စိ

ရုတ်တရက် မျက်စိဝေဝါးပြီး မှုန်ခြင်း၊ အာရုံစိုက်ပြီး တစ်နေရာသို့ အကြာကြီးကြည့်၍ မရခြင်း၊ အလင်းထွက်နေရာ (မီးသီးမီးချောင်း) ကြည့်ပါ။ ၎င်းဘေးပတ်လည်၌ အရောင်များ ဖြာထွက်နေခြင်း၊ ခေါင်းကိုက်ပြီး မျက်စိထဲမှ အောင့်နေမှုကြာရှည်ခြင်း။

 

အထက်ဖော်ပြပါ ရောဂါလက္ခဏာများတစ်ခုခု တွေ့ရှိရပါက ဆရာဝန်များနှင့် ပြသပြီး ကုသရန် လိုအပ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Source:ဒေါက်တာလွင်သန်

Read: ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း

Read times Last modified on Wednesday, 27 February 2019 15:23
Rate this item
(1 Vote)