သားအိမ်၊ ဆီးအိမ်နဲ့ စအိုတို့ကို တွဲဆက်ထားတဲ့ အရွတ် ဆွဲဆန့်ခံရတာ များတာကြောင့် သားအိမ်ဟာ မူလ နေရာမှ အောက်ကို ကျဆင်းလာတတ်ပါတယ်။
ဆီးအိမ်ဟာ မိန်းမကိုယ်ရှိရာ အနောက်ဘက်ကို အတွန်းခံရပြီး ပျော့ပျောင်းတဲ့ အလုံး Cystocele ဖြစ်လာပြီး ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စအိုဟာလည်း မိန်းမကိုယ်ရှိရာ ရှေ့ဘက်သို့ အတွန်းခံရပြီး Rectocele ဖြစ်တတ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာ သားအိမ်ဟာ မိန်းမကိုယ် ယောနိအထိ ကျဆင်းလာတတ်ပါတယ်။
ရောဂါလက္ခဏာ
-သားအိမ် ကျဆင်းလာတာ ဒါမှမဟုတ် မိန်းမကိုယ် ယောနိအဝမှာ တစ်ဆို့ဆို့ ဖြစ်နေတာလို ခံစားရခြင်း
-ဆီးစပ်နေရာမှာ နာကျင်နေခြင်း
-ချောင်းဆိုးရင် ဆီးမထိန်းနိုင်ခြင်း
ရောဂါကြာချိန်
-ကုသမှု မခံယူပါက တဖြည်းဖြည်း အခြေအနေ ဆိုးလာပါတယ်။
ဘာကြောင့် ဖြစ်သလဲ
-ကလေးများများ မွေးတာကြောင့် ဒါမှမဟုတ် ခက်ခက်ခဲခဲ ကလေးမွေးဖွားရတာကြောင့်
နောက်ဆက်တွဲပြဿနာ
-ဆီးမထိန်းနိုင်ခြင်း
အိမ်မှာ ဘယ်လိုကုသမလဲ
-သားအိမ်ကျလာရင် ပက်လက်အိပ်နေပါ။ သားအိမ်ကြွက်သားတွေ သန်မာအောင် ကီးဂဲလ် လေ့ကျင့်ခန်း (Kegel Exercise) လုပ်ပါ။
ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
- သားအိမ်ကျတာဟာ နေ့စဉ် လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်ရင်
-ဆီးမထိန်းနိုင်ရင်
ဆရာဝန် ဘာလုပ်ပေးမလဲ
-စမ်းသပ်စစ်ဆေးပေးပါမယ်။
-သားအိမ်ထည့်ကွင်း (pessary) ထည့်ပေးနိုင်ပါတယ်။
-ခွဲစိတ်ကုသမှု ခံယူခိုင်းပါမယ်။
ဘယ်လို ကာကွယ်မလဲ
-ကလေးမွေးဖွားအပြီးမှာ မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ပါ။
-ကလေးမွေးဖွားပြီး သားအိမ်ကြွက်သား သန်မာစေမယ့် လေ့ကျင့်ခန်း လုပ်ပါ။
ရောဂါအခြေအနေ
-ကုသမှုခံယူရင် အလွန် ကောင်းမွန်ပါတယ်။
ဒေါက်တာ ခင်မိုးမိုး