What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 August 2019 13:29

ရုတ်တရက် မျက်နှာတခြမ်းရွဲ့သွားခြင်းအကြောင်း သိကောင်းစရာ

ရုတ်တရက် မျက်နှာတခြမ်းရွဲ့သွားခြင်းဖြစ်ပါက တချို့တွေအနေနဲ့ နတ်ကိုင်တာလိုလို ရုက္ခစိုးကိုင်တာလိုလို ပြုစားခံရတာလိုလို ထင်တတ်ကြပါတယ်။

အမှန်တကယ်တော့ မျက်နှာရှိ ကြွက်သားတွေကို ထောက်ပံ့ထိန်းချုပ်ပေးတဲ့ Facial nerve အမည်ရ အာရုံကြော ရောင်ရမ်းတာ အားနည်းတာကြောင့် ဖြစ်တာပါ။


မျက်လုံးမှိတ်တာ၊ ရယ်တာ၊ ပါးဖောင်းတာ စတဲ့မျက်နှာအမူအရာတွေကို လုပ်နိုင်ဖို့် မျက်နှာကြွက်သားတွေကိုထောက်ပံ့ထိန်းချုပ်ပေးတဲ့ Facial nerve တချောင်းစီဟာ မျက်နှာရဲ့ဘယ်ညာ တဖက်တခြမ်းဆီမှာရှိပါတယ်။ အကြောင်းတခုခုကြောင့် မျက်နှာကြွက်သားတွေကို ထောက်ပံ့ထိန်းချုပ်ပေးတဲ့ Facial nerve နှစ်ချောင်းထဲက တချောင်း ရောင်ရမ်းပြီးအားနည်းလာတဲ့အခါမှာ အားနည်းလာတဲ့ဖက်က မျက်နှာတခြမ်းဟာ ရွဲ့သွားတာ၊ပြုံးလို့မရတာ ထိုမျက်နှာဖက်ခြမ်းရှိ မျက်လုံး မှိတ်ဖို့ခက်တာ၊ သွားရည်ကျတာ၊ မေးရိုးနဲ့ နားတဝိုက်နာတာ၊ နားကအသံကို ကျယ်ကျယ်လောင်လောင်ကြားရတာ တွေကို ရုတ်တရက် ခံစားရနိုင်ပါတယ်။

 

ဒါ့အပြင် လျှာအရသာခံနိုင်စွမ်းနည်းလာတာ၊ခေါင်းကိုက်တာ တွေလည်းခံစားရနိုင်ပါတယ်။ Facial nerve ရောင်ရမ်းအားနည်းလာပြီး ခုလိုမျိုးတွေရုတ်တရက်ဖြစ်တာကို ဆေးပညာအရ Bell’s palsy သို့မဟုတ် Facial palsy လို့ခေါ်ပါတယ်။ လေ့လာမှုမှတ်တမ်းတွေအရ နှစ်စဉ် လူတသိန်းမှာ ၁၅ ယောက်ကနေ အယောက် ၃၀ ကျော်ထိ Facial palsy ဖြစ်နေကြောင်းသိရပါတယ်။ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေ၊ အသက်ရှုလမ်းကြောင်းပိုးဝင်ပြီး အအေးမိတုပ်ကွေးဖြစ်သူတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ အရင်ကဒီလိုဖြစ်ဖူးတဲ့သူတွေ မှာပိုဖြစ်နိုင်ခြေများကြောင်း သိရပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတဲ့ အကြောင်းရင်းကိုတော့ ခုထိသေချာပြောလို့မရသေးပါ။

 

လေဖြတ်လူနာများ အတွက် အိမ်တွင်းလေ့ကျင့်ခန်းများ ဖတ်ရှုရန် နှိပ်ပါ 

လေဖြတ်လူနာများ အတွက် အိမ်တွင်းလေ့ကျင့်ခန်းများ

 

သို့သော် ရေယုန်၊ ရေကျောက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်၊ အအေးမိတုပ်ကွေး၊ ခွာနာလျှာနာ ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်ကူးစက်ခံရတာနဲ့ ဆက်နွယ်နိုင်တယ်လို့ သုတေသနပညာရှင်တွေက သုံးသပ်ထားပါတယ်။ Facial palsy ဟာ အများအားဖြင့်တော့ သိပ်မဆိုးရင် ဆေးကုသမှုခံယူယူ မယူယူ ရက်သတ္တပတ်အနည်းငယ်ကနေ လပိုင်းလောက်အကြာမှာ သူ့ဘာသာသူ ပြန်သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ သို့ပေမယ့် တချို့တွေမှာ ဖြစ်တာပြင်းထန်ရင် ပြန်ကောင်းဖို့ခက်တာ၊ အကောင်းပတိပြန်မကောင်းတာ၊ လုံးဝပြန်မကောင်းနိုင်တာ၊ မျက်စိက ပိတ်မရတာကြောင့် နောက်ဆက်တွဲအနေနဲ့ မျက်ရည်ခမ်းခြောက်တာ ပိုးဝင်တာတွေဖြစ်ပြီး မျက်ကြည်လွှာထိခိုက်ကာ မျက်စိကွယ်တာ တွေပါဖြစ်နိုင်ပါတယ်။


မျက်နှာတခြမ်းရွဲ့ပြီး ထိုမျက်နှာဖက်ခြမ်းရှိ မျက်လုံး မှိတ်ဖို့ခက်တာ၊ သွားရည်ကျတာ၊ မေးရိုးနဲ့နားတဝိုက်နာတာ၊ နားကအသံကို ကျယ်ကျယ်လောင်လောင်ကြားရတာ တွေခံစားရပြီဆိုရင် ချက်ချင်းအချိန်မဆွဲဘဲ ဆေးရုံဆေးခန်းပြ စမ်းသပ်စစ်ဆေးကာ ကုသမှုခံယူဖို့လိုပါတယ်။


ဘာလို့လဲဆိုတော့ မျက်နှာတခြမ်းရွဲ့တာဟာ တခါတလေမှာ လေဖြတ်တာမျိုးနဲ့လည်းတွဲဖြစ်နိုင်တာကြောင့်ပါ။ ဒါ့အပြင် လေ့လာချက်တွေအရ မျက်နှာတခြမ်းရွဲ့တာဟာ ဖြစ်ပြီးပြီးချင်း ကနေ ၇၂ နာရီအတွင်း အချိန်မှီဆေးကုသမှုခံယူခဲ့ရင် အကောင်းပတိ ပြန်ကောင်းလာနိုင်ခြေဟာ ပိုများကြောင်းသိရပါတယ်။


ကုသမှုအနေနဲ့ကတော့ ဆေးတွေသောက်ရတာအပြင် မျက်နှာလေ့ကျင့်ခန်းလုပ်ရတာ၊ မျက်စိပိတ်မရတာအတွက် မျက်စဉ်းခတ်ရတာ၊ ကော်မျက်စဉ်းလိမ်းမရတာ စသဖြင့် လုပ်ရနိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ရုတ်တရက် မျက်နှာတခြမ်းရွဲ့တာဖြစ်တဲ့အခါ နတ်ကိုင်တာ၊ ရုက္ခစိုးကိုင်တာ၊ ပြုစားခံရတာဆိုပြီး ပူဇော်ပွဲ၊ ကန်တော့ပွဲ ပေးတာတွေလုပ်ကာ အချိန်ကြာနေမယ့်အစား နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အချိန်မဆွဲဘဲ မြန်မြန်ပြဖို့အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အထက်မှာတခါပြောခဲ့တဲ့အတိုင်း စောစောပြ စောစောစမ်းသပ် စောစောကုလေ ရလဒ်ကောင်းနိုင်လေ မို့လို့ပါ။

 

ondoctor

Read times
Rate this item
(0 votes)